Saturday, January 26, 2008

အစိမ်းရင့်အိပ်မက်

အမှောင်ရယ်ကြီးစိုးလှချည်လား။ မနက်လင်း တာကိုရော
ည မှောင်မိုက်တာကိုရော အသိအာရုံနဲ့သာခံစားခဲ့ဘူးတာပါ။ နေခြည်ရဲ့ နွေးထွေးတဲ့ အပြုံးလေးတွေနဲ့လဲဝေးကွာနေဆဲပဲ။

သူမ..အမေ့ဝမ်းထဲကနေလောကကြီးထဲရောက်လာကထဲကအမှောင်နဲ့စခဲ့တာပါ။ မျက်စိနှစ်ကွင်း အလင်းမရခဲ့ပါဘူး။ ဒါပေမဲ့ လောကကြီးက သနားညှာတာလို့လား၊ ဘုရားသခင်
ကပဲ နှစ်သိမ့်လက်ဆောင်ပေးတာလား မသိတဲ့ သူမ ကိုသိပ်ချစ်တဲ့ ချစ်သူတစ်ယောက်သူမ အနားမှာရှိခဲ့ပါတယ်။

“ဒီမျက်စိနှစ်ကွင်းသာ အလင်းရခဲ့မယ်ဆို ရင်… ကျွန်မ လေ ရှင့် ကို လက်ထပ်ပါ့မယ်”… လို့ သူမ ပြောခဲ့ဘူးပါတယ်။

ဒီလိုနဲ့ များစွာသောရက်စွဲတွေရဲ့အဆုံး တစ်နေ့မှာ ပေါ့…
ကြီးမြတ်တဲ့ အလှူအတန်းတစ်ခုကြောင့် သူမ ဘ၀ပြောင်းလဲခဲ့ပါတယ်။ မျက်ကြည်လွှာအစားထိုး ခွဲစိတ်မှုပြီးရင် သူမ သိပ်တွေ့ချင် နေတဲ့ ချစ်သူ ကိုတွေ့မြင်ရတော့မယ်။
ရင်ခွင်တစ်ခုလုံးဗြောင်းဆန်သွားအောင်ကို နှလုံးခုန်သံကပြင်းထန်နေခဲ့ပါတယ်။

………….။…………..။……………

မျက်စိကိုဖြေးညှင်းစွာဖွင့်ကြည့်ခဲ့ပြီးမှာတော့ နေခြည်ရဲ့ရနံ့ကိုရော၊ သာယာလှပတဲ့ လောကကြီးကိုရော သူမ ခံစားရရှိခဲ့ပါပြီ…
သူမ သိပ် တွေ့ချင်တဲ့ ချစ်သူကရော…..

“ ကိုယ်တို့လက်ထပ်ကြရအောင်…… "

အား…

သူမအရမ်းတုန်လှုပ်သွားခဲ့ပါတယ်။ လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်လို့ ရှိုက်ကြီးတစ်ငင်ငိုကြွေးပစ် လိုက်တယ်။
သူမ ချစ်သူက အရင်ကသူမ လိုပဲ မျက်မမြင်တစ်ယောက် ဖြစ်နေလို့ပါ။

ပြောင်းလဲသွားတဲ့အချိန်တွေရယ်။ မတည်မြဲခြင်းဆိုတဲ့ သဘောတရားတွေရယ်။ ကြေကွဲ ပြိုလဲနေတဲ့ နှလုံးသားအပိုင်းအစ တစ်ခုရယ်နဲ့ သူမ ရှေ့ကနေ ကျွန်တော်ထွက်ခွာလာခဲ့ပါတယ်။

သူမကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ စကားလေးတစ်ခွန်းတော့ပြောခဲ့ပါတယ်။

“ ကိုယ့်မျက်ဝန်း လေးတွေကို ဂရုတစ်စိုက်ရှိပါလို့ “

………….။…………..။……………

လူတွေရဲ့ပြောင်းလဲတတ်တဲ့စိတ်ကို ကြိုသိထားရင်ပဲဖြစ်ဖြစ်၊ သတိထားရင်ပဲဖြစ်ဖြစ်အဲ့ဒီ ပြောင်းလဲခြင်းတွေကို နားလည်ပေးလို့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမှာ
စိတ်ထားပြောင်းလဲမှုအမြန်ဆုံး ဟာလူဖြစ်နေလို့ပါ။။


ကျွန်တော်ဖတ်ဖူးတဲ့ အနောက်တိုင်းဝတ္ထုတိုတစ်ပုဒ်ကိုပြန်လည် ဝေမျှတာပါ။ ကိုနေ့ကိုပြောပြတော့ blog မှာရေးဖို့အကြံပေးတာနဲ့ရေးဖြစ်သွားတာပါ။ လာရောက်လည်ပတ်တဲ့ blog သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။

မိုးကြယ်

Mr ချိစ်ငပိ

မလေးစားရင်နေပါ…
ကိုယ်လှမ်းခဲ့ဖူးတဲ့လမ်းတော့…
တခေါက်လောက်သတိရဖူးရင်…
လောင်ကျွမ်းရကြိုးနပ်မှာပေါ့….

အချိန်တွေပြောင်းသွားလို့လား….
မင်းကဒီလေထုအောက်မှာပဲကြီးပြင်းခဲ့တာပါ…
ငါတို့ရဲ့ မနက်စာကို..
မင်းမေ့ချင်လဲမေ့ပေါ့….

ခုတော့…
ချိစ်ညှပ်ထားတဲ့..ပေါင်မုန့်မှ
မင်းစားတတ်တော့တယ်ပေါ့….
ဘာတဲ့….ငပိစော်နံတယ်လား….

မင်းတကယ်ပြောင်းလဲချင်ရင်…
မင်းနာဗ့် ထဲက သွေးတွေကိုဖေါက်…
ပြီးရင်
မင်းကိုမင်းပြန်ဆေးကြည့်လိုက်အုံးပေါ့…

ဒေါင်းယောင်မဆောင်ချင်ပါနဲ့…
သူငယ်ချင်းရေ…
နောက်ဆုံးတော့လဲ…
ကျီးဟာကျီးပါပဲ…

ကိုနေ

Monday, January 21, 2008

မျှော်လင့်ခြင်း (သို့) စိတ်ကူးအိပ်မက်

ရင်ခုန်သံတွေရွေ့နေတယ်
ကြယ်တာရာ အတုအယောင်တွေကြား
ရနံ့မဲ့ သံစဉ်တစ်ချို့နဲ့အတူ
အခိုးအငွေ့ တစ်ခုအလား
ငါ…မျောလွင့်နေခဲ့။

နရီရဲ့လက်တွေနဲ့
ငါ့မနက်ဖြန်တွေကိုချိုးဖဲ့
အဖြူရောင်အတောင်ပံတွေကိုဖြန့်လို့
မိုးကောင်းကင်ဆီ
ငါ..ပြေးတက်ခဲ့တယ်။

ပန်းသီးတစ်လုံးလို
မချိုမြိန်နိုင်သေးတဲ့
ပြက္ခဒိန်ရက်စွဲတွေကိုခွာချ
ငါ့…ညနေရီတောင်
အပြာရောင်စကားလုံးတစ်ချို့
အန်ချခဲ့ပြီ။

မသိစိတ်ကနေ
ခွဲခွာလာတဲ့
အရောင်အဆင်းမဲ့ကဗျာတစ်ပုဒ်
ငါဖန်တီးရင်း
အတိတ်ဆီပြန်ဖို့
လှေတစ်စင်း
ငါ…ထွင်းထုခဲ့ပြီးပြီ။ ။

မိုးကြယ်

Saturday, January 19, 2008

ဆည်းဆာ

ဆည်းဆာတခုပဲဆိုပါစို့…
ရွှေရင်နွေးအောင်လှသတဲ့လေ…

ကောင်းကင်…
ကြယ်ရောင်စုံတွေနဲ့
လှနေစဲတဲ့…

ဝဲနေတဲ့..
ဝတ်ရည်တွေ…
ကြွေလုတဲ့ထိ…

အတိအကျပါပဲ…
လမင်းသာတဲ့ညမှာ…
အတိတ်ဟာ…

ဟာတာတာတော့..
မလုပ်ပါနဲ့…
အတုံ့အလှည့်နဲ့ဆိုရင်တောင်…

အေးမြလိုက်တာ..ညရယ်…
အိပ်မက်လှနေစဲတော့…
နှုတ်မဆက်လိုက်ပါနဲ့….

အတိတ်စိမ်းတွေ
ဝေနေတဲ့..
ကကွက်ပြောင်းသွားတဲ့သံစဉ်…

ခပ်စိမ်းစိမ်းနှုတ်ဆက်နေတဲ့…
အစိမ်းရောင်…နေ့
ကြိုရမှာလဲ…မ၀ံ့မရဲ….

ထိုနေ့ကပေါ့…
ကျနော့်ဆည်းဆာရယ်လေ…
အဆုံးသတ်ခဲ့တယ်


ကိုနေ(၁၉.၀၁.၂၀၀၈) မနက် ၂း၄၅

Wednesday, January 16, 2008

ကာရန်မဲ့အတွေး

အခန်း(၁)
“ပြောလေ…ဖြစ်ချင်တာပြော။ ဒါပေမယ့်..ငါကအသွင်ပဲပြောင်းပေးတတ်တာ။ တခြားဟာတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘယ်အသွင်ပြောင်းပေးရမလဲ…ပြော”

တောထဲမှာမျက်စိလည်လမ်းမှားပြီး သူ့ဆီရောက်သွားတာပါ။ ကျနော် ရောက်သွားတော့ သူက ဟင်းချိုတစ်အိုး ကြိုနေတယ်။ ဘေးနားမှာ တံမြက်စည်း တစ်ချောင်း ထောင်လို့ ခေါင်းပေါ်မှာလဲ ဦးထုပ်ချွန်ချွန်တစ်လုံး တင်ထားတယ်။ မှော်ဆရာဆိုပါတော့လေ။

“ဘာမှ မဖြစ်ချင်ဘူး။ လမ်းပျောက်နေလို့ လမ်းပြပေးပါ”
“အဲ့ဒါတော့ ငါလဲမတတ်နိုင်ဘူး။ ငါတောင်လမ်းမှားပြီး ဒီတောထဲရောက်နေတာ။ ငါ့တံမြက်စည်းလဲ ဆီကုန်နေလို့ ပျံလို့ မရဘူး”

“အင်း…ခက်ပြီ။ လမ်းရှာလို့ မရမှတော့အကျိုး ရှိအောင်တစ်ခုခုလုပ်ရမယ်”

အခန်း(၂)
“ကဲ မထူးပါဘူး။ ခင်ဗျားက အသွင်ပဲ ပြောင်းတတ်တယ်ဆိုတော့ ကျနော့်ကို အသွင်ပြောင်းပေးပါ။”

“ဘာပုံပြောင်းပေးရမလဲ။ ဟိုနားမှာ ခွေနေတဲ့ မြွေ… သူ့လိုဖြစ်ချင်လား”
“မဖြစ်ချင်ပါဘူး”

“ဟ…ဘာဖြစ်လို့လဲ။ မြွေဆိုတာ အသက်ရှည်တယ်။ အရေခွံလဲလို့ရတယ်။ ကဲ…မကောင်းဘူးလား”

“မကောင်းပါဘူး”
“ကျနော်ကမြွေတွေလို ကိုယ့်ကိုယ်ကို ပြန်မခွေထားချင်ဘူး။ ပြီးတော့ ကိုယ့်ရုပ်ကို “မှန်ထဲပြန်ကြည့်ရင်…ဟင်း..ရှည်ရှည်မြောမြော နဲ့ကြောက်စရာကြီး။ မဖြစ်ချင်ဘူး။ မြွေတော့မဖြစ်ချင်ဘူးဗျာ။”

“ဒါဆို တစ်တောလုံးကို အစိုးရ တဲ့ခြင်္သေ့ကြီးကော”

“မဖြစ်ချင်ဘူး။ တစ်သက်လုံး မီးလွတ်ကြီးပဲ စားနေရတာ၊ စကားပြောရင်လဲ တိုးတိုးပြောလို့ မရဘူး၊ မနိပ်သေးပါဘူး”

“ဟိုဟာဖြစ်ချင်လား………..၊ ဒီဟာဖြစ်ချင်လား…………..။”
“မဖြစ်ချင်ဘူး”

“မင်းဟာကလဲ..ဘာမှမဖြစ်ချင်မှတော့ ဘာလို့ ပုံပြောင်းခိုင်းနေရသေးလဲ။ စိတ်ညစ်လာပြီ။”

ဟုတ်ပါတယ်။ ကျနော်ကလဲ ရုတ်တရက် ဘာဖြစ်ချင်မှန်းကို စဉ်းစားလို့ မရဘူး။ ခက်တယ်ဗျာ။ ဘာဖြစ်ချင်လဲစဉ်းစားစမ်း။ ဟုတ်ပြီ၊ ‘ငါး’ ဖြစ်ရမယ်။
ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ ငါးတွေကို သတိပေးဖို့ ငါးဖြစ်လိုက်မယ်။

“ရပြီ..ရပြီ” ကျနော် “ငါး” ဖြစ်ချင်တယ်။

“ဟင်…ကောင်းနိုးရာရာပြောင်းပေးမယ်ဆိုတော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်လို့ ငါးဖြစ်ချင်ရတာလဲ၊”

“ဟဲဟဲဟဲ….ကျနော်ရယ်နေလိုက်တယ်။”
“ကိုယ့်အတွေးနဲ့ ကိုယ်ဆိုတော့ သူကို ဘာမှမရှင်းပြချင်တော့ဘူး”

“ကဲပါ။ ငါးအဖြစ်ပဲပြောင်းပေးပါ။”

“အေးကွာ ။ မင်းကဖြစ်ချင်နေမှတော့ …ကဲ ‘ငါး’ အဖြစ်ပြောင်းစေသတည်း”

အခန်း(၃)
အခု ကျနော် ငါး တစ်ကောင် ဖြစ်သွားပါပြီ။
ရေထဲမှာ အစုန်အဆန် ကူးခတ်ရင်း ငါးစာကို ပဲ မမက်နဲ့ ငါးမျှားချိတ်ကိုလဲသတိထားဖို့ ငါး တွေကို လိုက်လံသတိပေးရပါတော့မယ်။

“ဖလူး….ဖလူး”
အဲ..ခက်ပြီ။ စကားပြောလိုက်တိုင်း ရေပလုံစီ တွေပဲ ထနေတယ်။ အသံထွက်မလာဘူး။

ငါးပါဆိုမှ ဘယ်လိုလုပ်စကားပြောလို့ ရမလဲနော်။ ဒုက္ခပါပဲ။ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်တဲ့ ငါးတွေကို ဘယ်လို သတိပေးရမလဲ။ ငါးတွေရယ်…သနားလိုက်တာ။ ကိုယ့်ကိုကိုလဲ သနားတယ်။ ဘယ်အချိန် ငါးမျှားချိတ်နဲ့ တွေ့မလဲ မသိလို့လေ။

လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့…ငါးစာသာ မြင်ပြီး..ငါမျှားချိတ်မမြင်တဲ့ လူတွေကိုလဲသနားတယ်။



ငါ….
လမ်းပေါ်မှာ လမ်းပျောက်နေတယ်။

နေရာတကာ ခြေရာထင်ကျန်တတ်တဲ့…
လေညှင်းရေ…
ငါ့လမ်းပေါ်မှာ
ရော်ရွက်ဝါတွေ ဖုန်းနေမှာလား။

လောကကြီးမှာ
လမ်းတွေအများကြီးပါ။

ပထမဆုံးခြေလှမ်းသာ
မှန်မယ်ဆိုရင်
ခင်ဗျားလှမ်းမဲ့ လမ်းက
ပန်းတွေဖွေးနေမှာပါ။ ။


မိုးကြယ်

Saturday, January 12, 2008

ကြွေလွင့်ချိန်

အိပ်မက်ပါရစေကွယ်….
ကြယ်တွေကြွေတဲ့..ညမှာ…

အတွေးကခိုင်းစေတိုင်း…
မလိုက်ခဲ့နိုင်တဲ့…
ငါဝိညာဉ်…..

တိတ်တဆိတ်..ညင်သာ..
ခွဲခွာသွားတဲ့….
ခပ်နဲ့နဲ့…ရင်ခုန်သံတို့….

ငါ့ကိုယ်ငါ…ပြန်မြင်နေရတယ်လေ…
လေဟာနယ်ထဲ…
တခေါက်လောက်…ပြန်ဝဲခဲ့တယ်….

ဒါဟာ..ငါ့ရဲ့..မနက်ဖြန်လား….
ဝါးတားတားနဲ့…
တယောက်ထဲ..သီကုံးနေရတာ..မောလှတယ်…

ဝင်သက်မဲ့…ကာရန်တွေ…
လျှံလျှံငြီးတဲ့..မီးလျှံအောက်မှာပဲ….
ကျရှုံးသွားပြီလား….

ငါ..မရှိတော့ဖူးတဲ့လေ…
ငိုနေကြတဲ့..
ဟိုးမှာ…လေညင်းလေးတွေ….

ဒီလိုနဲ့..
ဝေလေလေ..၀ိညာဉ်တကောင်ပေါ့လေ….
ငါ..ဖြစ်ခဲ့ပြန်တယ်….

ကိုနေ(၁၂.၀၁.၂၀၀၈) ၂း၂၄ AM

Friday, January 11, 2008

နေပြည်တော်ဘူတာတွင်ဗုံးပေါက်ကွဲ၊ တဦးသေဆုံး

ဧရာဝတီ | ဇန်နဝါရီ ၁၁၊ ၂၀၀၈

ပျဉ်းမနားမြို့ပေါ်ရှိ နေပြည်တော်ဘူတာတွင် ယနေ့နံနက် ၄ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း သိရသည်။

နေပြည်တော် ဘူတာရုံတွင် ဗုံးပေါက်ကွဲခြင်း မှန်ကန်ကြောင်းကို နေပြည်တော် အမှတ် (၃) ရဲစခန်းမှ ဧရာဝတီသို့ အတည်ပြုပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် နေပြည်တော်ဘူတာရှိ အိမ်သာပြိုကျသွားကြောင်း ဒေသခံ တဦး၏ ပြောပြချက်အရ သိရသည်။

ယခုအခါ ၎င်းဘူတာရုံတွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။www.irrawaddy.org/bur မှ ရယူပါသည်။

ည..တမ်းချင်း

အမှောင်ထုဟာ ၀ပ်တွားရာကနေ နိုးထလာခဲ့ပြီ
ပျော့ပြောင်းတဲ့ လက်အစုံနဲ့အတူ
ကြယ်တွေကိုခူးဆွတ်ဖို့

လှိုက်ဖိုလွှမ်းမောနေတဲ့ တေးသွား
တစ်ငြိမ့်ငြိမ့်စီးဆင်းနေဆဲ
သူ့..နှုတ်ဖျားကနေ
အစိမ်းရောင် ကဗျာတစ်ချို့ပြိုကျ။

လမင်းရဲ့အလင်းရောင်ကြား
ယိမ်းနွဲ့စွာ သူ..လှုပ်ရှား
ကကွက်တစ်ခု သူ..ဖန်တီးရင်း
တမ်းချင်းတစ်ချို့ သူ..ချန်ထားခဲ့တယ်။

ကျွန်တော်တို့ရဲ့ နားတွေစွင့်ထားရအောင်
အဲ့ဒီ တမ်းချင်းတစ်ချို့ နဲ့အတူ
လေပြေဟာ ငိုကြွေးရင်း
ခင်ဗျားတို့ အပါးရောက်လာလိမ့်မယ်။

သူ..ပြောပါတယ်…
ပန်းတွေ မပွင့်သေးဘူးတဲ့…။။

မိုးကြယ်

Thursday, January 10, 2008

အနက်ရောင်စည်း

အသက်ငွေ့ငွေ့သာကျန်တော့တဲ့
မြစ်တစ်စင်းရဲ့ ငိုညဉ်းသံ
ကြိုးမဲ့နေတဲ့ မိုးတိမ်တွေ
ဟိုတစ်စ ဒီတစ်စ

မညီညာကွေ့ကောက်နေတဲ့
နေခြည်ရဲ့ စီးကြောင်းတွေ
မြေပြင်ပေါ် ၀ပ်ဆင်း

ပန်းတို့မပွင့် နိုင်သေးတဲ့
မျဉ်းပြိုင်နှစ်ကြောင်းရဲ့
ဒဏ္ဍာရီ

ရီဝေငွေ့လျော်နေတဲ့
ပြက္ဒ္ခဒိန် ရက်စွဲတို့
အိုဟောင်းချိန်
အနောက်ရပ်ဝန်းမှာ
မိုးတွေညို့ နေပြီ။

တေးသွားတွေခြောက်ကပ်
ကာရံတွေထပ်နေတဲ့
ငါ့မျက်ဝန်းကဗျာလဲ
ပျက်သုန်း ပျောက်ဆုံးခဲ့ပြီ။

မိုးကြယ်

မိုးကြွေ နှင်းဆီ

မိုးတွေကြွေနေသတဲ့လေ…
တယောက်ထဲပဲ ချစ်သူ….

နေတွေလောင်နေသတဲ့လေ…
တယောက်ထဲပဲ ချစ်သူ….

တိမ်တွေဆီရောက်တုံးက…
အငှါးချခဲ့တဲ့…ငါ့ဝိညာဉ် ပြန်ရောက်ပြီလား…မသိ…

ညနေဆီမှာ…ငါ မျက်ရည်မပါပဲ….
ငိုငို နေရတာ ကြာပြီ….

ကောင်းကင်ကြီးတောင်…
ပေါက်နေသတဲ့လေ…
သူတို့…ပြုစားလိုက်တာ…..

ဒါပေမယ့်…
ငါ့ နှလုံးသားကတော့….
နှင်းဆီ ပြုစားခံရလို့ပေါက်သွားတာ…ထင်ပါ့…

နှင်းဆီနီနီ…ရင်တွင်းဆီမှာ…
တသက်တာမဟုတ်တောင်….
မျက်တောင် တစ်ခတ်….
မှေးစက်ခွင့် ရရင်…
သက်ရင် ကြွေတောင်
ကျေနပ်တယ်….

ကိုနေ(၁၀.၀၁.၂၀၀၈)

Sunday, January 6, 2008

ရှင်သန်ခြင်း

လရောင်တွေကြွေကျနေတဲ့
ဒီမြေပြင်မှာ
ငါ့ရဲ့ဖြစ်တည်ခြင်းတွေကို
မြှုပ်နှံခဲ့ပြီးပြီ။။

ဒီရေနဲ့အချိန်ရဲ့
ခပ်ပြင်းပြင်းတိုက်စားမှုတွေကြား
ငါ့ညတေးသွားလဲ
သံစဉ်တွေ ကြေမွခဲ့ပြီ။

ဆန္ဒတစ်စုံကိုဝတ်ဆင်လို့
ပင်လယ်ပြင်ကျယ်မှာ
ရွက်မလွှင့်ရရင်တောင်
မြစ်ပြင်ကျယ်မှာစုန်ဆန်ချင်သေးတယ်။

လောကကြီးရေ
ငါ့ရဲ့ရှင်သန်ခြင်းတွေကို
ပန်းချီကားတစ်ချပ်လို
အရောင်မစိုးချင်နဲ့
မင်းသိဖို့က
ငါ့မနက်ဖြန်တွေကို
ငါ့ကဗျာတွေနဲ့ နိုးထနေဦးမှာပဲ။။

မိုးကြယ်

ဆူးနဲ့ကောင်းကင်

အယောင်ယောင်
အမှားအမှားတော့မဟုတ်ပါဖူး….
ဆူးစူးဖူးတဲ့…ကောင်းကင်မို့…
မိုးစွေမှာ ကြောက်တတ်ခဲ့တာ…
အပြစ်မဆိုပါနဲ့ကွာ….

ခါခါလွမ်းလည်း….
ပန်းတို့ မလန်းတဲ့…လမ်းမှာ….
ငါ…
ရပ်စောင့်နေခဲ့ရတာလည်း..
ကြာခဲ့ရောပေါ့….

ရေမြင့်ပေမယ့်….
ကြာမတင့်ခဲ့တဲ့…
ငါ့ရဲ့…ရင်ကွဲကဗျာ….
အလွှာလိုက် ကြေမွခဲ့တာကတော့..
တသက်တာ….

ကိုနေ(၆.၀၁.၂၀၀၈) ၃း၃၈ am

ညကဗျာ

မီးရောင်စုံကြားကအပြုံးလက်လက်တွေ
ဆွဲအားပြည့်ရနံ့တွေနဲ့
တအိအိပြိုဆင်းလာတဲ့
ဂီတသံအပိုင်းအစတချို့

ရွှေအိုရောင်ဝိုင်တစ်ခွက်နဲ့
လင်းစက်လှပနေတဲ့
နှုတ်ခမ်းတစုံ….

ငါ့အတွက်တော့
ယိုင်နဲ့နဲ့ကလောင်တံနဲ့
ဆွေးမြေ့မြေ့ကဗျာတပုဒ်သာ
ဒီညတော့
တမ်းတမိတယ်..

မိုးကြယ်

Friday, January 4, 2008

ကျမျက်ရည်

မမြင်ခဲ့ရပေမယ့်
ရင်နင့်အောင်နာခဲ့ရတာပ
တိုင်းပြည်နဲ့လူမျိုး
ငြိမ်းချမ်းကာ
လွတ်လပ်စေဖို့
သွေးနဲ့ရေးကာ
အရယူပေးတဲ့
ဒီလွတ်လပ်ရေး။ ။

ဖခင်ပေးတဲ့အမွေ
အစဉ်သဖြင့်
တည်တံ့စေဖို့
ဒို့မျိုးသား
ဒို့သားချင်းများ
ကာကွယ်ထိန်းသိမ်းလို့ထား။ ။

ပြုံးမျက်နှာ
မော်ကာဝင့်ပေမဲ့
မျက်ဝန်းမှသည်
ရင်တွင်းဆီသို့
ကျသီတဲ့ဒီမျက်ရည်နဲ့
ကျေနပ်စွာဂုဏ်ယူနေရင်း
ဦးညွတ်တယ်လေး။ ။

နှစ်(၆၀) ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပါသည်။

မိုးကြယ်

Wednesday, January 2, 2008

ပေါက်ကွဲခြင်း

အခင်းအကျင်းမကောင်းတဲ့
ပြဇာတ်တပုဒ်လား…
ညခင်းမသာတဲ့
ဘ၀မှာ..
လမသာလဲ…
ကိစ္စတော့မရှိပါဖူး….

ငါ့ ကြယ်တွေ
ငါ ထွန်းညိုပြီး
ငါ့ ညကို
ငါ ဘာသာငါ ထွင်းထုပစ်မယ်…

ရင်ကွဲစရာမလိုပါဖူး….
ခွေးဆိုးတွေဟောင်တိုင်းသာ အိပ်ပျက်မယ်ဆိုရင်…
ညနေတွေတောင်ညိုနေစရာလိုမှာမဟုတ်ဖူး….

ကောင်းကင်မရှိလဲ
ဖြစ်ပါတယ်….
ကြယ်တွေကို ငါ့ဝတ်ရုံထဲ
ထည့်ထားလိုက်မှာပေါ့….

ငါ့ဝိညာဉ် ရှင်သန်သရွေ့တော့….
ငါ့ နေမင်းကို
ငါ့မှာ ရှိသမျှအားနဲ့….ထွန်းညိုထားလို့ဖြစ်ပါတယ်။


ကိုနေ(၀၂.၀၁.၂၀၀၈)

ဆောင်းနှောင်းချိန်

ပန်းတွေရဲ့ရယ်သံကြားမှာ
နေခြည်ရဲ့ ခြေသံကို
ငါကြားနေရတယ်။

အေးခဲတဲ့ အငွေ့အသက်နဲ့
လောကကြီးတစ်ခုလုံး
ဆောင်းနှင်းတွေဖုန်းနေပြီ။

တစ်နေ့ကနဲ့ နက်ဖြန်ကြားမှာ
ငါပျော်ဝင်ရင်း
အိပ်မက်တွေရဲ့ ခေါ်သံနောက်
လျှောက်လိုက်နေမိတယ်။

အေးစက်တဲ့ရာသီမှာ
ရင်ခုန်သံတွေကော အေးစက်သွားမှာလား
ထင်ယောင် ထင်မှားနဲ့
အထီးကျန်ညတွေကိုဖြတ်သန်း
အလွမ်းတွေနဲ့ ပဲမှေးစက်နေရတယ်။

ငါ့အိပ်မက်တွေရယ်
မနက်ခင်းတစ်ခုအဖြစ်သာ
နိုးထခွင့်ရပါ
အဲ့ဒီ မနက်ခင်းလေးကိုပဲ
နွေဦးမှာဖူးပွင့်ခဲ့ပါရစေ။

မိုးကြယ်