Sunday, July 27, 2008

ဟင်းလင်းတံခါးရဲ့ ခြေရာများ

ဟင်းလင်းပြင် ဟိုဖက်ကမ်းမှာ…
ပန်းခင်းလေးတွေရှိသတဲ့…

တံခါးတချပ်ကို…ဖွင့်ကြည့်လိုက်

ခပ်မိုက်မိုက် ညတခု…
နီယွန် ကမ်းစပ်မှာ….

လဲလျောင်းနေတာ တွေ့ လိမ့်မယ်….

လိုက် လို က..လိုက်ခဲ့ကွယ်…..

ကိုနေ(၂၇.၀၇.၂၀၀၇)

ဟင်းလင်းပြင်မှာ ခြေရာတွေရှိသတဲ့...လိုက်ခဲ့ကြည့်ပေါ့
ကျေးဇူးပြု၍နှိပ်ကြည့်ပါ။

အားလုံးပဲမင်္ဂလာပါ။

-------------------------

Saturday, July 26, 2008

သံသယ

နေစောင်းရင်ပြန်လာမယ်…

ဆာလောင်နေတဲ့…နေ့တာမှာ
အပြာရောင်တွေခင်းထားတယ်လေ….

ရှည်ရှည်ဝေးဝေးမတွေးနေချင်ပါဖူး…
ထူးကဲတဲ့ အနမ်းဆိုတာကို စူးစမ်းချင်လို့ ပါ…

ဆူးများရှိလိမ့်မလား….


ကိုနေ(၂၄.၀၇.၂၀၀၈)

ကော်ဖီခါးတစ်ခွက်ရဲ့ကောက်ကြောင်း

 

ကျဲပက်ခဲ့ တဲ့မြူတွေကြောင့်ပဲ

ငါတို့တိမ်တွေမည်းနက်ခဲ့ရ..

လေပြေအသုတ်မှာ

ရနံ့တို့ပြိုကျခဲ့ချိန်

ကောင်းကင်မှာ

ခါးသက်သက်ပန်းတွေပွင့်ခဲ့။

 

ဒီလိုနဲ့

ရုန်းကြွပွင့်လန်းလာမဲ့

နေခြည်အတွက်

လျှပ်ပန်းတွေပေါက်ခတ်လို့

တိမ်တွေခွဲအက်ပေးခဲ့တယ်။

 

ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေအတွက်

မြိန်ရှက်ခဲ့ရတဲ့  ဘ၀တွေမှာ

ဆုတောင်းခြင်းတွေကဘက်မမျှခဲ့ဘူး..

 

ဒါပေမဲ့..

တစ်ချိန်က 

ငါတို့အတူတူ ခါးသက်ခဲ့ဘူးတယ်။

 

မိုးကြယ်

Monday, July 21, 2008

ဘယ်သူမှားတာလဲ

‘မင်းမှားတာ…’

‘မင်းကမှ မှားတာ..’

‘တော်ကြ ကွာ မင်း တို့နှစ်ယောက်စလုံးမှားတာ..’

‘ဘာဗျ ခင်ဗျားကမှ အမှားကြီးကိုမှားနေတာ..’

 

တောအုပ်ထဲမှာ မုတ်ဆိုးတစ်ယောက်ရယ်၊ သူ့ဘေးမှာထောင်ထားတဲ့ လေးကိုင်း ရယ်၊မြားတစ်စင်းရယ် ငြင်းခုန်နေကြတာပါ။ ကျွန်တော်ရောက်သွားတော့ ပွဲက တော်တော်ကြမ်းနေပြီ။ ကျွန်တော့်မှာတော်တော်ဖျင်ယူရတယ်။

 

‘တော်ကြပါဗျာ။ ခင်ဗျားတို့ကလဲအချင်းချင်းတွေပဲ။’

 

‘ခင်ဗျားမသိပါဘူးဗျာ။ ပစ်တော့ သူ ပစ်မှတ်ဆီ သွားတော့ကျွန်တော်၊ တရားခံဆိုကျုပ်ပဲ။အဲဒါတောင် ပြောကြသေးတယ်။ မှားတာက ကျုပ်တဲ့။’

မြားက ပြောတာပါ။ လေးကိုင်းကြီးကို လက်ညိုးထိုးပြီးတော့။

 

‘ငါ့ကိုလာမပြောနဲ့။ ငါဘာမှမမှားဘူး။ ငါကပစ်ချင်လို့ပစ်တာမှမဟုတ်တာ။ သူဘာသာငါ့ကိုယူ၊ ပြီးတော့မင်းကို ငါ့ကိုယ်ထဲထည့်ပြီးပစ်လွှတ်တာ။ အဲဒါများ ငါက မှားတာလား။မှားခြင်းမှားသူပဲမှားတာ။’

လေးကိုင်းက မုတ်ဆိုးကိုမေးငေါ့ငေါ့ ပြီးတော့ပြောတာပါ။

 

‘ဘာကွ ငါကဘာလို့မှားရမှာလဲ။ ငါ့ဝမ်းစာအတွက် ငါ့အလုပ်ငါလုပ်တာ။ မှားစရာလား။မင်းတို့မှ မှားနေတာ။ မြားနဲ့လေး ဖြစ်နေလို့ကိုက မှားနေတာ။’

 

‘ဘာဗျ ခင်ဗျားကမှ အမှားကြီးကိုမှားနေတာ..’

 

‘တော်ကြပါဗျာ။ ခင်ဗျားတို့ကလဲ။’

‘ဘယ်သူမှမမှားဘူး။’

‘ကိုမြားခင်ဗျားလဲ ခင်ဗျားဘာသာနေ။ ကိုလေးကိုင်းခင်ဗျားလဲ ခင်ဗျားဘာသာနေ။’

‘နောင်ကြီးမုတ်ဆိုးလဲ ကိုယ့်ဘာသာကိုနေ။’

‘အဲဒါဆိုဘယ်သူမှ မမှားတော့ဘူး။ အဲ ခင်ဗျားတို့သုံးယောက်ပေါင်းရင်တော့မှားပြီနော်။’

 

သူတို့တော်တော်လေးကိုစဉ်းစားသွားကြပတယ်။ တော်တော်လေးကြာမှ မုတ်ဆိုးကကျွန်တော့်ကိုမေးပါတယ်။

 

‘ငါကလေးနဲ့မြားမရှိမှတော့ ဘာသွားလုပ်ရမှာလဲ။ ‘

‘ခင်ဗျားကလဲ။ နာမည် ပြောင်းလိုက်။ ‘

‘နာမည်ပြောင်းပြီး ငါကာဘဆက်လုပ်ရမှာလဲ။’

‘သြ.. ဒီအတိုင်းခဏနေလိုက်ဗျာ။’

အန်….

 

‘ကိုမြားခင်ဗျားလဲ အဲဒီ ခေါင်းချွန်ချွန်ကြီးချွတ်ပစ်လိုက်။’

‘ဟာ..အဲဒါမပါရင်ငါ မြားဘယ်ဖြစ်တော့မလဲ။’

‘ခင်ဗျားကလဲ.. နောက်မြီးမှာ ငှက်မွှေးလေးကျန်ပါသေးတယ်။’

‘ငှက်ထင် ထုတ်ထင်ပေါ့။’

အဲ…

 

‘ကိုလေးကိုင်း ခင်ဗျားလဲ ကျောက်ကုန်းက ကြိုးကြီးဖြုတ်လိုက်။’

‘ပြီးရင်နံရံ ပေါ်မှာ ခပ်တည်တည် တက်နေလိုက်။’

အာာ..

 

အဲဒီလို..အဲဒီလိုတွေပြောပြီးထွက်လာခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်လဲတော့မသိဘူး..

-----------------------------။-----------------------------

‘ဘာတွေဆက်ဖြစ်ရမှာလဲ။ သူတို့ဘာသာနေရင်အကောင်းသား။ မင်းလုပ်မှလောကကြီးမှာ အသုံးမ၀င်တဲ့သူတွေဖြစ်ပြီး အခုမှ အမှားကြီးမှားကုန်ပြီ။’

 

‘ဘာလို့ ကျုပ်ကမှားရမှာလဲ။ မမှားဘူး။။’

‘မှားတယ်ကွာ။။’

 

မမှားဘူး။

 

မှားတယ်

 

ကဲခင်ဗျားတို့ပဲစဉ်းစားပေးကြပါဗျာ။ ဘယ်သူတွေမှားနေကြတာလဲလို့….

ဘယ်သူတွေကကော အမှားကင်းနေလဲလို့။။။။။။။

 

မိုးကြယ်

Sunday, July 20, 2008

အစိမ်းချုပ်

အစိမ်းရင့် ကလကာဆွဲချ

မြင်အောင်ကြည့်တတ်တဲ့

ငါ့မျက်လုံးတွေ

အစိမ်းရောင်လွှမ်းခဲ့..

 

အစိမ်းရင့်အခိုးအငွေ့တွေလွှမ်းခြုံလို့

ခပ်ရင့်ရင့် အစိမ်းရောင်

စကားလုံးတွေနဲ့ ငါ့ကိုပစ်ဖောက်ခဲ့။

 

အဲဒီ အစိမ်းရောင် တံခါးတွေရဲ့နောက်

ခြောက်ခြားစွာတိတ်စိတ်နေတဲ့ ည

အစိမ်းရောင် အတိပြီးနေတယ်။

 

သေခြာတာက

ငါ့ရင်ကို ဟက်တက်ခွဲ

သွေးစိမ်းရှင်ရှင်တွေပန်းထွက်

ကွဲအက်နေတဲ့ ငါ့နှလုံးသားကို

သူ

အစိမ်းချုပ် ချုပ်တော့မယ်။

 

မိုးကြယ်

Saturday, July 19, 2008

ဆိတ်သုဉ်းခြင်း

မင်းသိလား…
ငါတို့ရဲ့  နှလုံးသားတွေကို…
ထောပတ်သုတ်ပြီး..
ပေါက်စီလုပ်စားခံနေရတာ…..

ငါရေးတဲ့ကဗျာ…
မကြားချင်လဲ…
သက်သက်သာသာ…
လှဲသာနေလိုက်တော့…..

အထာမကျမှန်းသိတယ်….
လူတိုင်းအကောင်းကြိုက်မှန်းလဲသိတယ်…..

ကိုယ့်တာဝန်ကိုမေ့….
ရှေ့ ရေးကိုလဲ…တွေးမှန်းသိပါတယ်….

ယုံကြည်မှုတွေ
နေခြည်နဲ့ အတူ…
ပူလောင်စပြုနေပြီ…..

တခုခုတော့ မှားနေပြီ…..
နေရာများ…အထားမှားသလား….
သနားကမားနဲ့…
သူတို့ ခမျာ…
ပြောင်းပြောင်းပြီးစားနေကြရတာ…..

အမည်ခံ မုဆိုး…
မြှားပျောက်မှာကြောက်လို့တဲ့လေ….
တတောလုံးလဲ….
တတို့ တတို့ နဲ့….
ကျောက်တိုင်ကြီးတောင်…
ယိုင်နဲ့ နဲ့ ပဲ ကျန်တော့တယ်….

ကိုနေ(၁၉ ဇူလိုင် ၂၀၀၈)

စက်ဘီး

နဖားကြိုးအထိုးမခံရပေမဲ့…
ဆွဲတဲ့ဖက်တော့ယိမ်းရတာပဲ

သခင့်အလိုကျ ရွေ့ ရတဲ့ဘဝ
ခဏခဏ ဒေါက်ဖြုတ်ခံရတယ်။

ငါ..ကုန်းနှီးအတပ်မခံရတဲ့
စက်သီးချိန်းနဲ့ ၀င်ရိုးတပ်
မြင်းတစ်ကောင်ဆိုရင်…

ငါ့မှာ
ခြေလေးချောင်း မပါတာပဲ
တော်သေးတယ်။

မိုးကြယ်

အောင်ပွဲကျဆုံးခန်း

နေ့တနေ့…
ကောင်းကင်တွေကြွေတဲ့နေ့….

လင်းလုအာရုဏ်…
နှင်းတွေမပွင့်ခင်..
ကြွေသက်ခဲ့ရပြီ….

အနှိုင်းမဲ့အရှုံးတွေနဲ့ နေ့တာ..
မရှည်အောင်
ကြိုးစားနေကြစဲ….

ပန်းတွေကြွေ
အလွမ်းတွေဝေလို့….
နေပွင့်တွေလဲ..တစစီကြွေနေစဲ

ရွှေပြည်တော်ရေ..လို့မှ
မျှော်ခွင့်မရလိုက်ခင်..

သြော်…ခုတော့
ဝေးပြီပေါ့

ကိုနေ(၁၉ ဇူလိုင် ၂၀၀၈)

Wednesday, July 16, 2008

လိုအင်

ဒီအချိန်လား…
ခါးသက်လိုက်တာ…

ခွဲခွာခဲ့တာ…
အတော်ကြာခဲ့ပြီပဲ…..

မနက်တွေကတော့…
ခပ်ထွေထွေနဲ့…သဲသဲမဲမဲလောင်မြိုက်ဆဲပဲ……

လွတ်မြောက်ချင်တယ်….
ခြောက်ကပ်ကပ်
သက်မဲ့ဒီကမ္ဘာထဲက….

သူတို့ နဲ့ ငါ…
ဘာကြောင့်..မတူတာလဲ….

သဲသဲကွဲကွဲ…ခုထိတော့..မသိသေးဘူး…

ရူးနေတာပဲ..အေးပါတယ်….
ဆေးတခွက်လောက်သောက်ပြီး..
အသာလေးပဲ..လွင့်နေချင်တယ်…..

ကိုနေ(၁၆.၀၇.၂၀၀၈)

Tuesday, July 15, 2008

တွေး...

တလှမ်းချင်းတွေးရင်း..စဉ်းစားမိတာက…
ဝေးများဝေးမှာလား….

ခါးခါးသီးသီးသာ…
ထားခဲ့လိုက်ပါ…
အခွင့်မသာရင်လဲ…

အသဲထဲထိအောင်
ရူးနေပါ့မယ်…
နောင်တတွေနဲ့ပေါ့….

လျှော့လျှော့ပေါ့ပေါ့လဲလုပ်ပါ…
ကံကြမ္မာရာ…
ဒဏ်ရာတွေကို..သိပ်မခံနိုင်လို့ပါ….

ကိုနေ(၁၆.၀၇.၂၀၀၈)

နွေသို့…တမ်းချင်း

တခါတခါ..
ကြားနေရတာက..
ခောတ်ဟောင်းထဲက..တေးသံများလား….

ဝိုးတိုးဝါးတားနဲ့ ပုံရိပ်ငယ်….
နှင်းငွေ့  ပျယ်ချိန်ကို…
မမှီလိုက်မှာစိုးတယ်….

အငိုက်မိစဉ်မို့
မဆို့ မပို့ သီဆိုခဲ့တဲ့…ရှိုက်သံ….

လှိုက်ဖိုစဲဒီမနက်ကတော့…
အရှက်သည်းနေစဲ…

ထဲထဲဝင်ဝင်လွမ်းလိုက်တာ….
နှစ်နှစ်ကာကာ..
အချစ်စာချခဲ့တာတွေ…

သြော်..နွေရေ…

ငွေချည်မျှင်တန်းလို့…
လန်းဆန်းချင်တယ်….
ရွှေပါးတော်နုသို့.. ယုယချင်တယ်…..

ကိုနေ(၁၅.၀၇.၂၀၀၈)

Sunday, July 13, 2008

အသွင်ပြောင်းခြင်း

အဲဒီကြူးရင့်ခြင်းတွေကြောင့်ပဲ
ငါ့နားရွက်တွေ ခြောက်ခြားခဲ့ရ။
သွက်သွက်ခါစကားလုံးတွေ
ပျို့ အန်ချဖို့က
ငါ့ပါးစပ်ကိုဆီထည့်ဖို့လိုတယ်။

ရနံ့ တွေပေးခဲ့ပေမယ့်
စေးကပ်ကပ်နိုင်လှတဲ့
ငါ့နှာခေါင်း ကဘာကိုမှ မမြင်ဖူး။
(ကြားလည်းမကြားဖူး)

ငါ့လက်တွေကိုခေါင်းအုံးဖို့
ယူသွားပြီးမှ
အပေါင်ဆုံးခဲ့ပြန်တယ်လေ။

အဲဒီလိုနဲ့
ငါ့ကို ဆွဲယူသွားပြီး ရွာချပစ်တယ်
အိမ်ပြန်လာတဲ့ခြေထောက်တွေ
ငါ့ခန္ဓာကိုယ်နဲ့ မိတ်မဖွဲ့ ချိန်ပေါ့…..

မိုးကြယ်

Thursday, July 10, 2008

ပန်းဝေ

နေစောင်းပြီလေ…
ရှည်ရှည်ဝေးဝေးတော့
တွေးမနေချင်ပါဖူး….

ခူးဆွတ်သူမဲ့..
ဖူးညွတ်နေစဲ...ပန်းလေးတွေကတော့…
(သူ့)အလှည့်ကိုစောင့်နေလေရဲ့ 

သဲသဲမဲမဲနဲ့ ဒီမိုး
မစဲရင်လဲ ..မစဲနဲ့ပေါ့
ရွာလက်စနဲ့တော့…

အဖျော့ဆုံး…အပြုံး…
အမုန်းမှန်းမသိ..အချစ်မှန်းမသိ…
စမ်းတ၀ါးဝါးနဲ့ ဒီညနေ…
အခြေပျက်ခဲ့တာတော့
ကြာပြီ….

ကိုနေ(၁၀.၀၇.၂၀၀၈)

Tuesday, July 8, 2008

ဖော်ကွာဝေး

ချစ်လျက်နဲ့ဝေး

လွမ်းလျက်နဲ့ဆွေး

အလင်းတိုင်ဘေးထိုင်ကာငေးရင်း

ငို(ငြီး)ခဲ့တဲ့ဒီကဗျာရယ်လေ

ငါ့လက်တွေ ရွှဲရွှဲစိုပေါ့။

 

မိုးကြယ်

ပုံပြောခြင်း

တိမ်တွေရယ်လေ ညို့ပြီးမှ

ငါ့ကို ဘာဖြစ်လို့

သွန်မချခဲ့တာလဲ..

ငါ့မှာ ရွာဖို့ပြင်ခဲ့ရတာ

ရွှဲရွှဲစိုလို့။

 

မိုးကြယ်

Sunday, July 6, 2008

ချစ်စဦး

နေခဲ့ရမလား...

ချစ်သူရေ..မတားနဲ့...
မင်းကိုချစ်ဖို့...
ရင်နဲ့ လဲဆိုလဲ...
လဲမယ်

ကိုနေ

လမ်းလျှောက်ခြင်း

ဘုရားသခင်ဆီ…
ငါသွားတော့မယ်…

အလဲအလှယ်ဝတ်ဖို့…
ဝတ်စုံတစ်စုံပဲယူသွားချင်တယ်….

ဒီနေရာမှာရှင်သန်ခဲ့တယ်….
အမျှင်မပြတ်ချင်လဲနေ
အရှင်လတ်လတ်တော့
မသေဆုံးချင်လို့ပါ…

ငါတံခါးပေါက်ကို
တိုးထွက်ခဲ့တယ်….
မျိုးမည်မသိတဲ့
အသိတွေရဲ့ နောက်…

ငါ..လိုက်မလို့…

တချို့  ကခါးတယ်….
(ဒီလို) ချိုတလှဲ့  ခါးတလှဲ့ 
နေရောင်ချည်ကို…
စားသုံးခဲ့ဖူးတယ်….

နှင်းတွေကျတဲ့ရာသီတိုင်း
အတိုင်းအဆမရှိဆိုတဲ့သီချင်း…
သံစဉ်ပြင်းသွားလို့ တဲ့လေ….

ကမ္ဘာမြေပေါ်ကနေ…
ငါ… ကြွေကျခဲ့တယ်….

ကိုနေ(၀၆.၀၇.၀၈)

Saturday, July 5, 2008

ခေါက်ရိုးကျိုးအိပ်မက်

အလင်းတွေက သူတို့ဘာသာတူးဆွပြီး

ဒီအိပ်မက်ကိုဆက်မက်မယ်တဲ့…

 

ညကကော လက်ခံနိုင်ပါ့မလား..

 

အဲဒီအချိန်

ကောင်းကင်က ပြိုမလို ငိုမလို

ငါကကော

ဆောင်းမှာပွင့်တဲ့ပန်းလို

မနက်လည်းချမ်း ညလည်းချမ်းပါရဲ့..

 

နေခြည်ဖျန်းမှ နွေးမယ်ဆိုရင်လဲ

အလင်းတွေရေ ခပ်နက်နက်လေးသာတူးဆွကြည့်ပါ

အဲဒီအိပ်မက်ကို

ငါမြင်နိုင်မလားလို့။။။

 

မိုးကြယ်

Thursday, July 3, 2008

ကြွေကျချိန်

ချစ်တယ်ဆိုပြီး…

ငိုငြီးရအောင်
(မင်းက) ရင်ကိုရောင်းစားသွားတယ်….

မင်းနဲ့ငါ
ချစ်ကြတုန်းကဆို
ဝတ်မှုန်တွေ
တ၀ုန်းဝုန်းကိုကြွေလို့
မိုးတွေတောင်
ညို့ ပေးခဲ့ရတယ်လေ….

မှတ်မိတယ်ဟုတ်….??

ကိုနေ(၀၃.၀၇.၂၀၀၈)

Wednesday, July 2, 2008

နေရာ

ကဝေလက်သည်းတွေကြားက
ပွင့်အံကျလာတဲ့ သံစဉ်တစ်ချို့ အတွက်
သူတို့တွေ စီးဆင်းရာ
ငါ့ရင်ဘတ်က
ဘယ်လိုများအိပ်မက်အသစ်တွေ
ဖူးပွင့်နိုင်ပါ့မလဲ….

အလင်းအငွေ့တွေသေပြီးမှတော့ကော
ခပ်စိမ်းစိမ်းတိုက်လာတဲ့လေအတွက်တော့
လျော့ရဲရဲနေပေးလိုက်မယ်

မိုးပျံပူဖောင်းလိုလေမရှိမှ
ပိန်မဲ့အစား လိပ်လိုပဲ
လူမသိသူမသိပိန်လိုက်မယ်
(အခွံတော့ခွာမကြည့်နဲ့ပေါ့)

နှင်းရွဲတွေတွဲလဲခိုနေတဲ့
ငါ့နှလုံးအိမ်အထက်ကို
ဝတ်မှုန်တွေကျဲပြီးမှ
ဝင်လာတဲ့ကောင်မလေးရေ
သတိတော့ပေးလိုက်မယ်
ပြန်ထွက်သွားရင်
ဖိနပ်တော့လဲမသွားနဲ့။

ငါ့အတွက်တော့
ကယောက်ကယက်နဲ့
ဒီအိပ်မက်တွေပဲ ထုပ်ပိုးပြီး
ခရီးသွားနေရရင်ပဲ
လုံလောက်တယ်။

မိုးကြယ်

အလှ

အလှဆိုတာဘာလဲ
ခခယယမေးတော့လည်း
လောကဆီက
အဖြေကမရ…..

အညတရရဲ့ ပန်းချီဆရာ
အထူးဆန်းလားလို့
တူးဆွကြည့်တဲ့အခါ
ဗလာ………

ကိုနေ(၂၂.၀၆.၂၀၀၈)

ညနေခင်းနေခြည်

မကြင်နာလို့ထားလဲ
ရင်မှတံခါး
ဖွင့်ထားစဲ….

အလဲလဲအပြိုပြိုနဲ့…
ခေါက်ရိုးကျိုးခဲ့ရတဲ့…
ရိုးအီနေတဲ့..ညနေတွေ…

နေခြည်ပွင့်တော့လန်းမှာပေါ့တဲ့….
မင်းပြောလို့သာယုံခဲ့ရတယ်….
ခုထက်ထိတော့..တလည်လည်ပဲ

ဘာပဲဖြစ်ဖြစ်…

အသစ်တွေစိမ်းနေလို့…
အယူတိမ်းခဲ့ရတဲ့ မင့်အဖြစ်
သနားရစ်တယ်ကွယ်….

ကိုနေ(၀၂.၀၇.၂၀၀၈)