Friday, January 30, 2009

ခရီးသည်


ခရီးသည်

ဘယ်အရပ်ကနေလာခဲ့တာလဲ

ဘယ်သူတွေနဲ့ကောအသိအကျွမ်းလဲ

ဘာတွေများပါလာသလဲ။


နှင်းတောင်တွေကော ထူထပ်ရဲ့လား

မြစ်တွေကော ကွေ့သေး ကောက်သေးလား

မြေဆီမြေသြဇာ အနှစ်တွေ အနယ်တွေကော

အလင်းအောက်သယ်ဆောင်သွားတဲ့ ငှက်တွေကော

အခိုးတစ်လူလူလွင့်နေတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုတစ်လေကော

ပါသေးလား။


မနက်ခင်းတစ်ခုအတွက်

ကော်ဖီတစ်ခွက်တော့ သောက်ခဲ့ပြီးတယ်။

ကော်ဖီပင်လည်းရှိတယ်။

ဖုံးဖိလို့မရတဲ့ ဟောဟိုရှေ့က

လောကကြီးလည်းရှိတယ်ပေါ့။


လေးချောင်းထောက်၊

သုံးချောင်းထောက်၊

နှစ်ချောင်းထောက်တွေနှင့်

ကောင်းကင်မှာဝဲပျံနေတဲ့

လမ်းကြို၊ လမ်းကြား တွေအလယ်

တောင်းထမ်းပြီး ဟင်းရွက်ဈေးကောင်းမကောင်း

မေးခဲ့ရတာလည်း အမော။


ဆီပူ ပွက်ပွက်ကိုမှ အိပ်မက်သယောင်မြင်ယောင်ပြနေတဲ့

ခရီးသည်စောင့် အနှေးယာဉ်မောင်းသမားတစ်ယောက်ရဲ့

ဒဿနဆန်ဆန် မနက်စာနှင့်

ထွေးလုံးရစ်ပတ်ခံရတဲ့ နေခြည်ခပ်ကြဲကြဲ

တစ်မျှင်တစ်စ လမ်းပေါ်ထိုးကျ

အဲသည်တော့ကာ

မိုးလင်းပြီပေါ့။


မီးခိုးတစ်ချက်နှစ်ချက်မှုတ်ပြီး

ဘီးလိမ့်ဖို့ကြိုးစား

သူထွက်မှ သူ့နောက်လိုက်ရမည့်

သံရေပူစား သံယောဇဉ်အပွားလေးတွေကိုလှည့်ကြည့်

ပြီးတော့ ကျောက်ချသလိုချခဲ့ရတဲ့

သက်ပြင်းအခြင်းခြင်း ရိုက်သံကတောင်

နားရည်ဝခဲ့ပြီပေါ့။


ချက်ကော့ လည်းမသိ

မိုနေး လည်းမသိ

တော်စတွိုင်း လည်းမသိ

ဒဂုန်တာရာ လည်းမသိ

ဇီဗီဗို လည်းမသိ

ကော့ညက် လည်းမသိ

ဂျိမ်း(စ)ကင်မရွန် လည်းမသိ။


အပေါင်ဆုံးသွားတဲ့ ဓါတ်စက်တစ်လုံးအတွက်

မျက်ရည်တော့လယ်တတ်သေးသပေါ့လေ။


ကိုယ့်ကိုယ်ကို တူးဆွ

ကိုယ့်ကိုယ်ကို ရှင်ပြန်ထမြောက်ဖို့ရာ

တယောသံလား၊ တရားသံလား

ကျက်မိ၊ လိုက်စားခဲ့တာပ။


မှန်တစ်ချပ်လည်းဖြစ်ရဲ့

သစ်တစ်ပင်လည်းဖြစ်ရဲ့

လမ်းတစ်လမ်းလည်းဖြစ်ရဲ့

ငါးမျှားသူလည်းဖြစ်ရဲ့

အမျှားခံငါးလည်းဖြစ်ရဲ့။


နှလုံးသားကို ဇီဝနတ်ဘုရားထံပူဇော်

အပူဆုံးမီးဟာ ၀မ်းမီးပါတဲ့

နှင်းဆီတွေ မွှေးတာမသိ

စံပယ်တွေ ဖွေးတာမသိ

လူ့အခြင်းခြင်းတော့ ကိုက်ခံရမှန်းသိသေး။


အဲသည်လို အခါလည်နေ့ကူးမှာလည်း

ရူးခဲ့သေးပေါ့လေ။


ဖိနပ်အပေါက်တစ်ရံနှင့်

ပုဆိုးတစ်ကွင်းသာသာ အာရုံငါးပါး၊

လေပြွန်ပေါင်းများစွာရဲ့ အရှူအရှိုက်ခံ

ကမ္ဘာမြေကြီး၊

လိမ္မော်ရောင်ညနေခင်းတစ်ချပ်ထဲက

ပိန်ချိချိ ငန်းတစ်အုပ်

အိပ်တန်းတက်သွားတဲ့ နေကြာပွင့်များ၊


လမ်းမများတော့တဲ့ ပါးစပ်ပေါက်များအတွက်

ရင်ခုန်သံဖြူဖြူတစ်ခွက်တော့ မစပါရဲ့။


စိတ်အချဉ်ပေါက်မြစ်တစ်စင်း

ဆောင်းရာသီပျောက် ကောင်းကင်စိုစိုတစ်ခု

ရေနည်းပင်လယ်နှင့်ဇင်ယော်များ

ဆီးသီးကိုက်ပိုးတစ်ကောင်နှင့် ပိုးကိုက်ဆီးသီးများ..တို့ရေ

ဘ၀ဟာလည်း

ကိုယ့်လမ်းကိုယ်ထွင်နေမှတော့ ဘယ်အခါများမှ

အော်စကာရပါလိမ့်မလည်း။


ကဲ..ကြည့်

မိုးနံ့ပေးပြီး မိုးကြီးရွာဦးမည်ပေါ့လေ။

အဲသည်အခါများ

ကိုယ်ပါလာတဲ့ထီးကိုယ်ဆောင်းကြ

မိုးအသည်းမှာမှ မိုးမစဲခင်တော့

ရထားအမှီပြန်လိုက်ကြဦးစို့။


ငါ့နှလုံးသားနှင့်ရင်းခဲ့ပါတယ်။

ငါ့ကော်ဖီတစ်ခွက်နှင့်ရင်းခဲ့ပါတယ်။

ငါ့ကဗျာတစ်ပုဒ်နှင့်ရင်းခဲ့ပါတယ်။

မနက်ခင်းရောက်ရင် နေပွင့်တာလေးတော့မြင်ချင်စမ်းလှတယ်။


မိုးကြယ်

Thursday, January 29, 2009

မျောက်ပွဲ



နေတောင်ဝင်နေပြီ

ငါက ခုထိ မနိုးသေးဘူး

တချို့ ကလဲ နိုးတ၀က်နဲ့...
အိပ်ချင်ယောင်ဆောင်

တချို့ ကလဲ အိပ်တ၀က်နဲ့
နိုးချင်ယောင်ဆောင်...

လောကမှာ ဒေါင်းယောင်ဆောင်တဲ့ကျီးတွေများနေပြီ...

တချို့ က နီတိကို ရွတ်ပြီး...
ဒါးပြတိုက် ကြတယ်...

တချို့ က ကျမ်းစာကို ပြပြီး...
အနုကြမ်းစီး ကြတယ်....

ငါတို့ ကတော့ မျောက်ပြခံနေရတယ်....

နံမည်ကြီးထမင်းငတ်....
ကိုယ့်ကိုကို...ဘယ်ဇာတ်ရောက်နေလဲတောင် သိကြရဲ့ လားမသိ

ညကလပ်မယ်တယောက်က...
ရိုးရာဝတ်စုံ ၀တ်ပြီး...ဒစ်စကိုကသလိုပေါ့....

နီယွန်လွှမ်းတဲ့ညတွေက...
ညစ်ညမ်းနေတာကြာပါပြီ

တချို့ အမည်ခံဆရာတွေက..
စီမံကိန်းဆွဲတော်ကြတယ်....

ပုံကြမ်းတောင်မပြီးသေးဘူး
တိုက်နဲ့ ကားနဲ့ ဖြစ်ကုန်ပြီတဲ့လေ...

ကျဆုံးနေတာ...
ကြွားစရာဂုဏ်တခုများလား....

မီးလောင်ပြင်မှာ ရွှေကျင်လို့ ရမှန်း
ခုမှ သဘောပေါက်တော့တယ်

ကိုနေ

Monday, January 26, 2009

မြို့ဟောင်း


မြို့ဟောင်း

 

တိမ်လိပ်တွေပျံ့လွင့်တော့လည်း

ပြာမြဲ ပြာစဲကောင်းကင်ပေါ့၊

နေအ၀င်ဆို စာတင်လောက်အောင်လည်း

လှခဲ့ ပခဲ့ ညနေပေါ့လေ။

 

မိုးသောက်ထဲက လူးလွန့် နိုးကြွလာတဲ့

ပေတစ်ရာရှည်လမ်းပေါ့

ပေါင်းထုပ်အဖြူတွေရယ်

ဂါဝန်ကားကားတွေရယ်နဲ့လေ

လျှပ်စစ်တိုင် သုံး၊လေး တိုင်တော့

မီးလင်းသေးပေါ့။

 

ခေါင်ပေါ်နေကြတ်ပြီဆို

တစ်ရုံးရုံး တစ်ဝုန်းဝုန်းနဲ့

အသက်ရှူသံတွေ နွမ်းလျ နုံးချိ၊

အရေပြားလိပ်နေတဲ့ မျက်နှာတွေ

မျက်နှာချိုသွေးနေတဲ့ ဖ၀ါးတွေနဲ့

တလျှပ်လျှပ်ထနေတဲ့ နေအရောင်ကို

အလျားလိုက် လက်သင့်ခံထားရတဲ့

လမ်းအို လမ်းဆွေး လမ်းတွေနဲ့ပေါ့။

 

ခြောက်ခြားစရာကတော့

မျက်မြင်မှ မဟုတ်၊ ပြီးတော့

ပတ်ဝန်းကျင် အဆိုးအညစ်တွေနဲ့

နိုးခဲ့ရတဲ့ ကလေးတစ်ယောက်

နားကပ်ရောင်ကြောင့် ကျောပြောင်ခဲ့ရ

စကားလုံးအဖုအထစ်တွေကြောင့်ပဲ

မလန်းမဆန်းနဲ့ အိုဟောင်း၊

ခေါက်ရိုးလည်းကျိုး တန်ဖိုးလည်းကျ

ပျင်းရိ ချိနဲ့

အော်.. ရာဇ၀င်ထဲက

ငါ့မြို့ ရယ်လေ။

 

ညနေ၀င်ဆို

ငါ့သက်ပြင်း ငါမှုတ်ထုတ်

တောင်ဆွယ်ပေါ်တင်လို့

ခုတ်ထစ်ရချေရဲ့။

 

မိုးကြယ်

Thursday, January 8, 2009

မြစ်တစ်စင်းရဲ့ (၂၆) တေးချင်း


အနားသတ်မျဉ်းတစ်ကြောင်းရယ်

ပုဆိုးတစ်ကွင်းရယ်

ဝက်ခြံရယ်၊ သွေးစုနာရယ်

ပြီးတော့

ကျွန်တော်ချစ်ရတဲ့သူတွေရယ်။

 

မြစ်တစ်မြစ်ဟာ

မြစ်ယောင်ဆောင်ပြီး

မြစ်လိုစီးဆင်းခဲ့တယ်

သံစဉ်နှင့်၊ သံစဉ်မဲ့ညတွေကို

သိမ်းထုပ်စုပိုးပြီး စီးဆင်းခဲ့တယ်။

 

ခြေအိတ်ရယ်၊ ဖိနပ်ပြတ်ရယ်

သူခိုးရယ်၊ အရက်ပုန်းရယ်

ဆူးချဉ်ရယ်၊ ဗူးခါးရယ်

မနက်ဖြန် နှင့် သွားပွတ်တံရယ်

ပြီးတော့

ဝစ်လစ်စလစ် နှင်းဆီရယ်။

 

ထင်းရှူးတောကိုဖြတ်စီးတယ်

ဂန္ဓမာခင်းကိုဖြတ်စီးတယ်

စံပယ်ခြုံကိုဖြတ်စီးတယ်

လယ်သူမ နှင့် အိမ်မွေးနွားတွေကြားကစီဆင်းခဲ့တယ်။

 

ရွှေပတ်နှင့်မာတဲ(လ်)

ဗော်(လ)ကာနှင့်သံပုရာ

ကမ်းပါးအိုနှင့်ညနေညို

နှုတ်ခမ်းညိုနှင့်ဆေးလိပ်တို

သက်ကြားအိုနှင့်ကညာပျို

 

ဗန်ဂိုးနှင့်သီအို

ဒါလီနှင့်နာရီ

ပီကာဆိုနှင့်ဂွာဏီကာ

ဒါဗင်ချီနှင့်အိန်ဂျယ်လို

 

ကလာသုံးပါးနှင့် အဆီ၊အရည်ဝ တောအုပ်တွေကိုဖြတ်စီးတယ်

အတ္တပုံခံ ပုံဆောင်ခဲ အစုအပုံ တောင်တွေကိုဖြတ်စီးတယ်

မြက်ခင်းရိုင်းတွေအကြား ကပိုကရိုလှပနေတဲ့

နှင်းစက်၊ နှင်းဥ တွေနဲ့အတူစီးဆင်းခဲ့တယ်။

 

ဓမ္မတေးနှင့်ဗုဒ္ဓ၀င်

နီတိနှင့်ကပ်သုံပါး

လက္ခဏာနှင့်အနာဂါတ်

 

ပြီးတော့ကာ

ဒိုင်ယာရီနှင့်ကမ်းခြေ

ဥာဥ့်နက်နှင့်ဥာဥ့်ငှက်

ပိတောက်နှင့်ကံကော်

 

ပြီးတော့ကာ

တိမ်ညိုနှင့်ကောင်းကင်

ရေတွင်းပြိုနှင့်နွေရာသီ

ဖားကောင်းနှင့်ဗျိုင်း

ကြက်သားနှင့်ကာလသား

အရက်ဖြူနှင့်ပင်မင်းဆိုင်

အပေါင်ဆိုင်နှင့် ဘုရားဒါယကာ။

 

 

ပက်ကြားအက်ခေါင်မိုးတွေကြားက စီးဆင်းခဲ့တယ်

ထမင်းဝနေတဲ့ ကျက်သရေဆောင် ခြေထောက်တွေကြားကစီးဆင်းခဲ့တယ်။

ကျိုင်းကောင်နှင့်ပုရွက်ဆိတ်တွေကြားကခပ်ကွေးကွေး စီးဆင်းခဲ့တယ်။

 

အဲသည့် မြစ်ဟာ

၂၀နာရီ ၆၀မိနစ် ၆၀စက္ကန့်မှာ

၂၆ တေးကိုဆိုလိမ့်မယ်။

အဲသည်အချိန် လောကကြီးဟာ

ဝက်သားလိုစားကောင်းပါစေ

သကြားလိုချိုပါစေ

နွားနို့လိုဖြူစင်ပါစေ

ကတ္တီပါဖိနပ်လို စီးကောင်းပါစေ

ကောင်းကင်တွေပြာပါစေ

လေပြေတွေအေးပါစေ

ပန်းပွင့်တွေမွှေးပါစေ

ထွက်သက် ၀င်သက်တွေ မျှတပါစေသား။

 

မိုးကြယ်

Wednesday, January 7, 2009

စိတ်ကူးယဉ်မိခြင်း

အားလ်စ်မှာတုန်းကအကြောင်းတွေကိုပြန်မစဉ်းစားချင်တော့အဲသည်တုန်းကနေရောင်ကိုသူတော်တော်လေးသဘောကျခဲ့သည်ပဲ။ အခုတော့ ချောက်ရေနံမြေက နေရောင်ကပိုလို့တောင်အားပါနေသည်ပဲလေ။သူ့အတွက်လည်း ၀င်းမျက်မှန် ကုမ္မဏီက နောက်ဆုံးပေါ် မျက်မှန်တစ်ခုထုတ်လုပ်ပေးခဲ့သည်။ အနှီမျက်မှန်က သဘာဝလောကကြီးကို၊အထူးသဖြင့် သူကြိုက်သည့်နေရောင်တွေကို ပြတ်သားစွာမြင်နိုင်သည်။ မျက်ဝန်းအိမ်ကိုလုံးဝထိခိုက်မှုမရှိမျက်စိကိုကြည်လင်ပြီးအေးမြစေသည်။ အဲဒါကြောင့်လည်း ရေဘင်ကုမ္မဏီ၏ ရာသက်ပန်စာချုပ်ကိုသူပယ်ချကာ ၀င်းမျက်မှန်၏ စာချုပ်ကိုလက်ခံခဲ့သည်။အဲသည်တုန်းက ဂေါ်ဂင် နှင့် မိုနေး တို့ကတောင်သူ့ကို ၀ိုင်းပြီးအပြစ်တင်ခဲ့ကြသည်။ အခုတော့ ဒီလူတွေ နောင်တရနေလောက်ပြီပေါ့ ရေဘင်က ၀င်းလောက်မှမကောင်းနိုင်ပဲလေ။ဒါကိုသူတို့ကောင်းကောင်းကြီးသဘောပေါက်နေလောက်ပြီ။ ကဲထားတော့ နေကြာပန်းတတိယမြောက်ဗားရှင်းစွဲအပြီးချောက်ရေနံမြေအလုပ်သမားများ၏ဘ၀ကိုပန်းချီဆွဲချင်၍သူဒီကိုရောက်နေခဲ့သည်ပုံကောင်းကောင်းလေးတစ်ပုံတော့ရအောင်ရေးမည်ဘိုရင်းနိတ်မှာတုန်းကကျောက်မီးသွေးတွင်းတူးအလုပ်သမားများ၏ အာလူးစားနေသူများပုံကိုသူရေးခဲ့သည်။ ယခုချောက်ရေနံမြေတွင်တော့ ကမ္ဘာကျော်သွားအောင်၊ဗင်းဆင့်ဗန်ဂိုး ၏ အမည်ကိုအရောင်ထပ်တင်လို့ရအောင်ကို ပုံကောင်းတစ်ပုံတော့ရမှဖြစ်မည်ပဲ။

 

ဗီသိုဗင်ကို အိုင်းရင်းခရော့ မှ ငှားလိုက်ပြီတဲ့။ အိုင်းရင်းခရော့ဆိုတာကလည်း ကမ္ဘာကျော်ရော့ဘန်း တစ်ခု။ ဒါပေမဲ့ဗီသိုဗင်ကတော့ချစ်စမ်းမောင်ဆီမှာနှစ်လလောက်တပည့်ခံကာဂီတာတီးနည်းအမျိုးမျိုးလေ့လာရဦးမည်။ ဒါကလည်းအတွင်းမှထွက်လာတဲ့စကားချပ်ဖြစ်သည်။ ဗီသိုဗင်ကတော့အိုင်းရင်းခရော့မှာတီးရမည့်အတွက်ဂုဏ်ယူနေသည်ကတော့အမှန်ဖြစ်သည်။

 

မြန်မာဘောလုံးအသင်းကပ္ဗတိန်စိုးမြတ်မင်းနှင့်တိုင်စစ်မှူးရန်ပိုင်တို့ကိုမန်ချက်စတာယူနိုက်တက်ကကမ္ဘာ့အမြင့်ဆုံးပြောင်းရွှေ့ကြေးတစ်ရပ်နှင့်ခေါ်ယူစာချုပ်ချုပ်လိုက်သည်။ကမ္ဘာ့အားကစားလောကတွင်တော့ လူပြောများသည့်သတင်းတစ်ပုဒ်ဖြစ်သည်။ယခုနှစ်အတွက်မန်ချက်စတာယူနိုက်တက်၏အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခြင်းဖြစ်သည်။ဒါတောင်ပြိုက်ဘက်ချက်ကြီးနှင့်အာကြီးတို့ကအောက်ဈေးနှင့်လိုက်နှိုက်လို့ဈေးပိုပေးလိုက်ရသည်ဆိုပဲ။စိုးမြတ်မင်းနှင့်ရန်ပိုင်ကတော့မန်ချက်စတာယူနိုက်တက်၏မှော်ဝင်နံပါတ်(7)ကိုစီရော်နယ်ဒိုစီမှ ဘယ်သို့ဘယ်ပုံ အပြိုင်လုယူရမည်ကိုတော့ ခေါင်းချင်းဆိုင်နေပြီပဲ။

 

ယိမ်းနွဲ့ပါးမှ ဟိုယောင်ယောင် ဒီယောင်ယောင် မောင်မိုးကြယ် တစ်ယောက် ဘာမှမလုပ်ပဲကြီးပွားချမ်းသာသွားကြောင်း။ မည်သို့လုပ်လိုက်သည်မသိ အလိုလိုနေရင်းနှင့် ချမ်းသာသွားကြောင်း။ ဟာဝိုင်ရီ ကျွန်းကိုအပိုင်ဝယ်လိုက်ပြီတဲ့။ ဂျော်နီဝေါ့လ်ကားမှာရှယ်ယာအများဆုံးပိုင်သည်တဲ့လေ။ လာမည့်အပတ်တွင် စတိဂျော့ဆီမှ Apple CEO ရာထူးကိုလွှဲပြောင်းရယူမည်တဲ့။ ဟဲ ဟဲ ဟဲ…

 

ကဲ မယ်ဂုရေ စိတ်ကူးတော့ယဉ်ပြီးသွားပြီ။ ထပ်ပြီးစိတ်ကူးယဉ်ရရင်ဒီထက်ပိုဆိုးကုန်လိမ့်မယ်။ ဟားဟားဟား… ဒီလောက်နဲ့ပဲလက်စသတ်လိုက်တာကောင်းပါတယ်။

ငါ့ညီမကျေနပ်နိုင်ပါစေ။

 

မိုးကြယ်

Sunday, January 4, 2009

မြို့ပြပွဲတော်


မြို့ပြပွဲတော်

 

တိမ်လိုလို ရေလိုလို

ရွှေလိုလို ငွေလိုလို

အန်ချ.. မြိုချ..

ပြီးတော့..

အလျင်းသင့်သလိုလည်း ပြန်ကောက်ရဲ့

အဲဒီ စကားခပ်ပြားပြားတွေကြောင့်ပဲ

လေထုလည်း ညှီစို့ခဲ့…

 

အတ္တကိုစိန်စီ

မာနကိုရွှေချ

အတုံးလိုက်အတစ်လိုက် ရိရွဲနေပုံများ

ကိုယ့်ကိုကိုယ်လည်းလေဘောင်ခတ်ထားသေး

ကိုယ့်ကိုကိုယ်လည်းပြန်ခွေထားသေးရဲ့…

 

ခင်ဗျားတို့ကျုပ်တို့

ကျွန်တော်တို့ ကျွန်မတို့

လျှပ်ပေါ်လော်လီနေတဲ့ မိတ်ဖွဲ့တေး

မင်္ဂလာပါဆိုတဲ့စကား အရသာမဲ့

ဆွဲမတင်တာကြာလို့ လျော့ရဲနေတဲ့ကြိုး

ဟန်ဆောင်ကလကာ တစ်ချပ်က

အုပ်မိုးထားသေး…

 

ကောင်းကင်အတု…

ရယ်သံအတု…

ငိုသံအတု…

ပြက္ခဒိန် ပေါ်က ရက်ရာဇာနဲ့ပြသဒါးလည်းအတု

ပြီးတော့ စိတ်ဓါတ်တွေလည်းအတု…

 

မရိုးသားခဲ့ကြပါဘူး

ဒါပေမဲ့…

အသပြာအတွက်တော့ ကြိုးစားခဲ့ကြ…

 

မြို့ပြမှာပွဲတော်ရှိတယ်

နှလုံးသားကိုယဇ်ပူဇော်တယ်

ရင်ဘတ်ကိုချခင်း

တစ်ယောက်နဲ့တစ်ယောက်နင်းသွားကြတယ်

ရည်မှန်းချက်တွေ ရှင်သန်တယ်

ရည်ရွယ်ချက်တွေထမြောက်တယ်

ခံစားချက်တွေကိုတော့

ဝင်ကြေးအဖြစ်တနင့်တပိုးပေးခဲ့ရတယ်..

 

မြို့ပြပွဲတော်မှာ

ငါကိုယ်တိုင်လည်း အိပ်မက်တွေခင်းကျင်း..

မျှော်လင့်ခြင်းတွေကို အသက်သွင်းဖို့ကြိုးစားခဲ့..

ဒါပေမဲ့

တံတွေးတစ်စက်နဲ့ မျက်စောင်းတစ်ချက်ပဲ

အဖတ်တင်ကျန်ရစ်တယ်..

 

မိုးကြယ်

Friday, January 2, 2009

သောကြာနေ့


ဒီနေ့မှ... နေသာသလိုလို..
ဒီနေ့မှ... ပန်းပွင့်လေးတွေ နှင်းစို သလိုလို...
ဒီနေ့မှ... သံစဉ်တွေ မွေးဖွားလာသလိုလို....

ဒီနေ့မှ...ဒီနေ့မှ........

၄၇.၅ နာရီပြည့် ရင်..
လ တခါသာတယ်...

အဲဒီနေ့ ကျရင်
သိုးဆောင်း တေးတွေကလဲ ကခုန်ကြတယ်...

အဲဒီနေ့ ကျရင်...
နှင်းတွေ စုတာမြန်တယ်....
လေးနက်တဲ့ အလင်းတွေအားလုံး သံစဉ်တွေအားလုံး..............

ရိုးရိုးလေးနဲ့....
လှတယ်...

ကိုနေ

တို့ကမ္ဘာ


ဟော..
ဒီ..စီးကြောင်းထဲ ပြန်ရောက်သွားပြန်ပြီ....

နိမ့်လိုက်မြင့်လိုက်...
အစိုင်လိုက်ရွက်လွှင့်နေကြတဲ့...
တိမ်လွှာတွေ...

ကူးလိုက်ခတ်လိုက်နဲ့...
ကြေမွနေတဲ့
လေညှာတွေ....

ရေလေးတပေါက်အတွက်နဲ့
ရင်းနှီးလိုက်ကြရတာများ..

တကယ့် တထောင့်တညပဲ....

ကိုနေ(၂၀.၁၂.၂၀၀၈ ၁း၂၃)