Saturday, March 22, 2008

ရွှေရည်ကြွေတဲ့နေ့

ကောင်းကင်ပြာ
အနီရောင်ပြောင်းလို့
တိမ်တွေကြွေတဲ့နေ့…

လျှပ်ပန်းတို့..
ကျိုးပဲ့လို့…
နေမင်းငိုတဲ့နေ့….

ရွှေဝါရောင်နေခြည်မှာပေါ့
လငပုပ်ဖမ်းခဲ့ပြီလေ…..

ကိုနေ(၂၂.၀၃.၂၀၀၈)

သင်္ကြန်

ပိတောက်တွေလည်းပွင့်ပြီနွေ
ရေစင်ဖြန်းမှလန်းမယ့်…
သင်္ကြန်ရယ်…
ဖြူစင်တဲ့..နှုတ်ခမ်းတွေနဲ့ပဲ…
နှစ်သစ်ကို နမ်းလှဲ့ ကွယ်…..

ကိုနေ(၂၂.၀၃.၂၀၀၈)

အမုန်းခံခြင်း

လေညင်းကမေးတယ်…
မုန်တိုင်းတွေသည်းနေတုန်းလားတဲ့…

သည်းတော့မသည်းတော့ဖူး…
ဒါပေမယ့်လဲ စဲအုန်းမယ်မထင်ဖူး….

တယောက်ကမေးတယ်…
ရွှေဖြစ်ရ တဲ့ ဒုက္ခကဘာလဲတဲ့….

အင်း…အရောင်တ၀င်းဝင်းနဲ့..ဂုဏ်ရှိသလိုလိုဘာလိုလိုပေါ့…
ဒါပေမယ့်..အစဉ်မသင့်ရင်တော့…အရည်ကျိုခံထိမှာပေါ့

……………

အမှောင်ဆုံးညမှာ…
မမက်ရဲရဲ မက်ရဲရဲနဲ့…
အိပ်မက်တပုဒ်ကို…
မက်နေရသလိုပဲ….

မနက်ဖြန်တွေ…
သေချာခြင်းနဲ့…
စတင်မှာလား…
မရေရာခြင်းနဲ့ စတင်မှာလား….

ကြေမွသွားတဲ့…
ငါတို့ရဲ့  မနေ့က နာရီတွေမှာ….
ကြယ်တွေကလည်း
တဖြုတ်ဖြုတ်နဲ့ ကြွေလို့…

ကဲ…နေတော့ဝင့်နေပြီ….
ငါတို့ရဲ့  နေ့သစ်တွေကို
ရွှေခွက်နဲ့ ခပ်မှာလား…
လေခွက်နဲ့ ခပ်မှာလား

ကိုနေ(၂၂.၀၃.၂၀၀၈) ည ၉း၂၁

Saturday, March 15, 2008

ရွှေပြည်တော်မျှော်တိုင်းဝေး

ကမ်းလင့်မယ့်လက်တွေ
အင်အားမဲ့နေမှာလား
မရေရာ ၀ိုးတ၀ါးပါပဲ။

ခပ်ပါးပါး ဒီအနာဂါတ်
အခုထက်ထိ
ရောင်ဝါးဝါးပဲလား။

လေထုထဲက ငိုရှိုက်သံတွေ
နက်သထက်နက်လာတဲ့
ချောက်ကမ်းပါးတွေနဲ့
ဒီလမ်း
ဘယ်တော့မှဖြောင့်ဖြူးမှာလဲ။

ပြန်လာမယ့် ခြေလှမ်းတွေအတွက်
နားခိုစရာ ဘယ်မှာလဲ။

သန်းခေါင်ယံကြီးစိုးနေတဲ့
အမှောင်ထုအောက်က
ပြိုလဲနေတဲ့ နေခြည်တွေကို
ထမ်းပိုးရင်း…

ရွှေပြည်တော်ရယ်
မျှော်တိုင်းဝေးနေပါရောလား ။

မိုးကြယ်

Sunday, March 9, 2008

ညနေ

အတိတ်ကြောင်း…
အဟောင်းချင်းထပ်အောင်
နားစိုက်ထောင်ပြီးပြီ…..

မိုးတွင်းရဲ့  သံစဉ်တွေ…
ကြားနေရတာလဲ …
ရိုးလှပြီ….

အကျိုးမြတ်ရှိမှ…
ပီတိထအောင်လှတဲ့..
နဲ့တဲ့တဲ့…..လူတွေရဲ့ အပြုံး(ကိုလဲ)…..
မုန်းလှပြီ…..

နုန်းတွေထဲကညနေ…..
ဒီညမှာ ကြယ်ပွင့်ဖို့….
အရှုံးတွေထဲက
နိုးထပြီ……

ကိုနေ(၉.၃.၂၀၀၈)

Thursday, March 6, 2008

သူတို့အချစ်

....................
………………….
ပြောရက်တာလား
ပြောထွက်တာလား
ဘာရယ် ငါမသိ ၊
ရင်မှာ ဆူတစ်ချောင်းငြိခဲ့ပြီ။

နင်နဲ့ ငါ့ရဲ့  ချစ်ခြင်း
ပျော်ရွှင်ခြင်း သက်သက်လို့
ငါမြတ်နိုးတဲ့ နင့်နှုတ်ဖျားက
ပြောရက်တာလား ……..
ပြောထွက်တာလား ……
ဘာရယ် ငါမသိ ၊
ရင်နာနာနဲ့ မချိခဲ့ပြီ။

ဟေ့….. ကမ္ဘာမြေ၀သုန်
သက်သေအကုန်ခေါ်လိုက်စမ်းပါ….၊
ဒီမှာလေ….
ရင်ကို မခွဲ ၊ အသဲကိုမထုတ်ဘဲ
ငါတို့ ရဲ့  အကြောင်း
သက်သေကောင်းတွေရှေ့  မှာ
ပြောချင်လွန်းလို့ ပါ။

‘‘တည်မြဲခြင်းဆိုတဲ့ နိယာမ
ကမ္ဘာဦးကတည်းက စခဲ့ရင်
နင့်ကိုချစ်တဲ့ ငါ့အချစ် ကမ္ဘာတည်သရွေ့ ပေါ့ ’’ ။ ။

သုစံ
(ဗျောကြီး နှင့် နှင်းနှင်းတို့ အတွက် အမှတ်တရ)

Monday, March 3, 2008

(၂၁) ရာစု ဒုက္ခသည်များ

….
ငါတို့အခါခါပြိုလဲခဲ့ပြီးပြီ

နာကြည်းငိုကြွေးသံတစ်ချို့
ငါတို့အပါးမှဖြတ်သန်းသွားခဲ့သည်။

ဥာဉ့်အမှောင်ထုအောက်တွင်
မျက်ကန်းတွေအလား
စမ်းတ၀ါးဝါးနှင့်
အလင်း၏အရသာကို
ငါတို့မွတ်သိပ်ခဲ့သည်။

ငါတို့အပါးမှလေသည်
ခြွေးနံ့၊ သွေးငြှီနံ့ တွေနှင့်
ငါတို့၏ခန္ဓာအား
တစ်စတစ်စ တိုက်စားလာနေပြီ။

ငတ်မွတ် ခေါင်းပါးမှုတွေနှင့်
ပြည့်ကျပ်နေသော
ဤကမ္ဘာတွင်
ငါတို့အခါခါပြိုလဲခဲ့ပြီးပြီ

နေမင်းသည် အနောက်အရပ်မှထွက်ပြု
အရှေ့အရပ်သို့ယွန်းမှသာ
ငါတို့ ပြုံးရယ်နိုင်လိမ့်မည် ထင်သည်။

မိုးကြယ်

Saturday, March 1, 2008

သတင်းများနှင့်ကျွန်တော်

လွန်ခဲ့သောနှစ်သန်းပေါင်းများစွာမှရုပ်ကြွင်းတစ်ခုအား သုတေသီများမှ ယိမ်းနွဲ့ပါးနေအိမ်တွင်တွေ့ရှိခဲ့သည်။ ယင်းရုပ်ကြွင်းတွင်ဦးခေါင်းနှင့်ခြေချောင်းများတွေ့ရှိရသည်။ ၎င်းမှာကြမ်းပိုး တစ်ကောင်၏ရုပ်ကြွင်းဖြစ်သည်ဟု သမိုင်းနှင့်သိပ္ပံပညာ
ရှင်တစ်ဦးမှပြောကြားသွာသည်။

ရုပ်မြင်သံကြားစက်ကနေသတင်းတစ်ပုဒ်လာနေတာပါ။ပျင်းပျင်းရှိလို့ TV ဖွင့်ကြည့်တာ
MRTV-4 ကသတင်းနဲ့မှလာတိုးနေတယ်။

City FM လေးဖွင့်နားထောင်လိုက်ဦးမယ်။

FM ။ ။ ကိုနေကြီး အခုဘာတွေလုပ်နေလဲ။
နေကြီး ။ ။ မသောက်ပဲနဲ့ မူးလို့ ရတဲ့နည်းထွင်နေတယ်။

FM ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အရက်သမား အစည်းအရုံး ဥက္ကဌ ရွေးကောက်ပွဲ
ဝင်ပြိုင်မယ်လို့ သိရတယ်။
နေကြီး ။ ။ ဟုတ်ပါတယ်။ ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ရမယ်လို့ထင်ပါတယ်။
ဒါပေမယ့် ယိမ်းနွဲ့ ပါးက သုစံ၊ ကိုဖြိုး၊ မိုးကြယ်တို့ ပါလာရင်တော့ရေချိန် နည်းနည်းထပ်မြှင့်မှ ရမယ်။
FM ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကိုနေကြီးကို ကျေးဇူး
အများကြီးတင်ပါတယ်။
နေကြီး ။ ။ ဟုတ်ကဲ့၊ ကျနော်လဲ အရမ်းမူးပါတယ်။

‘‘ဟာ FM နားထောင်တာ နည်းနည်းတောင် မူးချင်လာပြီ’’

‘‘မြ၀တီ ဖွင့်ကြည့်လိုက်ဦးမယ်’’

‘‘ ပုံးပေါက်ကွဲမှု ဖြစ်ပွား ’’

ဂီတစာဆို မဟာသုဒမ သိဂီ င်္ဦးပြည်းပေါင်းတင် ကျော်ထင်နော်ရထာ သူရိန်၏ နေအိမ်အနီးတွင် ယမန်နေ့ က ပုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။ ပိုးဟပ်လေးကောင်သေဆုံး၍ ယင်ကောင်နှစ်ကောင် အား အရေးပေါ် ခွဲစိတ် မှုပြုလုပ်နေရသည်။ ပေါက်ကွဲသည့် ပုံးအမျိုးအစားမှာ တရုတ်နိုင်ငံလုပ် ကျင်ကျင်း အမှတ်တံဆိပ် ကော်ကြွပ် အမှိုက်ပုံး ဖြစ်၍ အတွင်းမှ ကြွပ်ကြွပ် အိတ်မှာ ကျန်ကျောင်း တံဆိပ် ကြွပ်ကြွပ် အိတ် အမျိုးအစား ဖြစ် သည်ဟု ပြောရေးဆိုခွင့် ရှိသူသန့်ရှင်းရေး ၀န်ထမ်းတဦးမှပြောကြားသွားသည်။ ၎င်းပေါက်ကွဲမှုတွင် မသင်္ကာဖွယ်ရာ် မြေကြွက် တစ်ကောင် နှင့် ကြွက်စုတ် နှစ်ကောင်အား သက်ဆိုင်ရာအဏာပိုင်များမှ ထိန်းသိမ်း စစ်ဆေးနေသည်ဟု သိရသည်။

မိုးလေ၀သသတင်းကြေငြာချက်…
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်မိုးတစ်ချုန်းရွာ ၍ ရှေ့ဆောင်နှင့်သမ္မတ တို့တွင်
တိမ်ကင်းစင်နေပါသည်။ မြို့မ၊ ၀ဇီရာနှင့် သွင် တို့တွင် စစ်ဆေးရေးဝင်နေပါသဖြင့်
လုပ်ငန်းများရပ်ဆိုင်းထားရပါသည်… သည်းခံပါရှင်…

အာ… ဘာတွေလဲ မိုးလေ၀သ သတင်းကလဲ..

မှုခင်းသတင်းလေးဖတ်လိုက်ဦးမှ..

အာစင်နယ်ဘောလုံးအသင်း၏ပရိတ်သတ်တစ်ဦးဖြစ်သူ ကိုဖြိုး၏နေအိမ် ဖောက်ထွင်းခံရ။
အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သော ပုတ်သင်ညိုတစ်ကောင်၊ လိပ်သုံးကောင် နှင့် မြဟင်္သာ တစ်ကောင် ပျောက်ဆုံးနေကြောင်းသိရ။ အာစင်နယ်ဘောလုံးအသင်းမန်နေဂျာ အာစင်းဝင်းဂါး မှ ကိုဖြိုးထံဝမ်းနည်းကြောင်းသ၀န်လွှာပေးပို့။
ရန်ကုန်..၂၀၀၈

ဟင်မှုခင်းဖတ်တာ ဘယ်လိုဖြစ်လို့ ဘောလုံးအသင်းကပါလာရတာလဲ..
ကြေးမုံသတင်းစာမှာကောသတင်းထူးပါဦးမလားပဲ.. ဖတ်ကြည့်ဦးမှ…

နိုင်ငံ့ဂုဏ်ဆောင် ကဗျာဆရာ ကိုနေ(ယိမ်းနွဲ့ပါး) ၏ လုံးခြင်းကဗျာစာအုပ် အား ခွက်ခွက်လန် စာအုပ်တိုက်မှဖြန်.ချီ မည်။
၂၀၀၈ ခုနှစ်၏ အရောင်းရဆုံးစာအုပ်ဖြစ်မည်ဟု ပညာရှင်များမှသုံးသပ်နေကြသည်။ ၎င်းစာအုပ် ၏အမည်ကို
”ဓါတ်ကြိုးကို မောင်ကိုင်ပါ့မယ်” ဟု ပေထားကြောင်း.. ကိုနေ ၏အပြောအရ၎င်းစာအုပ်မှာ ချစ်သူမရှိသေးသူများနှင့်ရှိပြီးသားသူများအတွက်ရည်ရွယ်သည်ဟုသိရပါသည်။။။

မျက်လုံးလဲညောင်းလာပြီ။။ နားလဲ အူလာပြီ.. နောက်မှဆက်ဖတ်တော့မယ်။။

Xxxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxx

ကျွန်တော်ရေးခဲ့သောသတင်းများမှာ နောက်ပြောင်မှုသက်သက်သာဖြစ်ပါသည်။ ကျွန်တော်၏အစ်ကိုတော်များအားလုံးအား ခွင့်လွှတ်ပါရန်ပန်ကြားအပ်ပါသည်။ခွင့်မလွှတ်နိုင်ပါက ကျွန်တော့်အား ကြိုက်သည့်ဆိုင်တွင် ဘီယာ တိုက် ၍ဆုံးမနိုင်ပါသည်။။

မိုးကြယ်