Thursday, October 30, 2008

သတိရမိတဲ့ တစ်ခါကငယ်ဘဝ




မိုးအလင်း
တံခါးဖွင့်တာက အဖေ
စံပယ်ပန်းရနံ့သင်း..
ဘုရားပန်းကပ်တဲ့ အမေ..

မုန့်ဟင်းခါးတစ်ပွဲ သုံးကျပ်
ခပ်နက်နက်တွေးကြည့်တော့
အရီးသန်းမြရဲ့
အိုးဘဲဥ ကိုသတိရတယ်..

ကျစိမ့်တစ်ခွက်နဲ့
လန်ဒန်က တစ်ပွဲ..
လဖ္ဘရည်ဆိုင်ရှင်ပြောတော့
သူ့သားက နိုင်ငံခြားမှာဆိုပဲ..

အခိုးတစ်လူလူထွက်
လမ်းထိပ်က အကြော်တဲ
အစ်မေအိုကြော်တဲ့ အကြော်များ.
အေးသွားမှပဲ စားတော့မယ်။

လက်ကလေးထောက်
ခါးကလေး ကိုကောက်
ညနေရီတောင် လမင်းသာတဲ့..
ငါ့တို့ ရပ်ကွက်မှ အပျိုများ..
သနပ်ခါးဆိုတာဝေလာဝေး..

ပေါ့ပေါ့ပါးပါး…
စကားတွေ ထွေရာလေးပါး..
နှုတ်ဆက်စကားက
မင်္ဂလာပါ ဆွေသဟာ..

နေကလေးညို မိုးကလေးပြို..
သူငယ်ချင်းတွေပြောတော့.
ရာသီဥတုက ကိုယ့်ဖက်မှာတဲ့..

ဘုံဆိုင်တစ်ခေါက် အလည်ရောက်ပြန်တော့
စားပွဲထိုးလေးက ဘာသောက်မလဲအစ်ကိုတဲ့..
ဇေယျဝတီကို နှစ်စိပ်ခွဲ
ပဲခြမ်းသုတ်နဲ့၊ အဖွားကြီးသုတ်..
ကြက်ဂွေးတောက်က အဆီဝေ့လို့။

ညနက်သန်းခေါင်
မအိပ်ပဲထိုင်စောင့်
ကြည့်ခဲ့ရတဲ့ဘောလုံးပွဲများ..
မိုးကလေးတစ်ပြိုက်နှစ်ပြိုက်ဆို
ဘွန်တောလည်း လိုက်အော်ခဲ့သေးတယ်။

အခုတော့လည်း
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုလို့
ရေကြည်ရာမှာမြက်နုခဲ့ရ..
ငါတို့ရဲ့ ငယ်ဘဝ
ပေါ့ပေါ့ပါးပါးလေးတွေကို သတိရတယ်။

အချိန်တန်လို့ အိမ်ပြန်ခဲ့ရရင်
ငါတို့ဘ၀တွေ လေးနက်
တစ်ချိန်က ငယ်ဘဝ
ကဗျာတွေထဲမှာထားလို့
မနက်ခင်း ရောက်ရင်
ငါကိုယ်တိုင် တံခါးဖွင့်ရတော့မယ်။

မိုးကြယ်

Monday, October 27, 2008

ဟင်းလင်းတံခါးရဲ့  ဒုတိယမြောက်ခြေရာများ

ငွေ့  ရည်ဖွဲ့ စနှင်းစက်တွေ ပေါ့
ဟင်းလင်းပြင်ရဲ့  မျက်နှာကျက်ဆီမှာတွဲ ခိုနေကြပြီ…

မနက်တိုင်းလဲ
ဒီတံခါးကို ဖွင့်ခဲ့တာ…ရာသီတခါတောင် ပြန်လည်ခဲ့ပြီ….

ဒီကြားထဲ…
နေမင်းက ရောင်ခြည်ပြောင်း….
လေညင်းက လေသံပြောင်းနဲ့
လောကတရားကို တချို့  ကလဲ…
ခပ်ပြင်းပြင်းလေး သစ္စာဖောက်နေကြတာ….

မပြောတော့ပါဘူးလေ….
ငါ တို့ ရဲ့  ဟင်းလင်းပြင်…
သန့် စင်နေပြီးတာပဲ….

ဟင်းလင်းတံခါးပေါ်ကို…
ခိုတက်ခဲ့ပြီး…အရှေ့  စူးစူးကိုကြည့်တော့….
ခန့် မှန်းခြေပေါ့…ပင်လယ်တခုရဲ့  အစကို မြင်ရတယ်လေ….

ဒါဟာ..အနာဂါတ်တခုများလား….
မနက်ဖြန်တွေ ကို အပိုင်ရတော့မှာလား….

လှပပါစေတော့
ဟေမာန်ရေ….

ဟင်းလင်းတံခါးရဲ့  တဖက်မှာပေါ့…
ပန်းတွေရှိသတဲ့လေ…

ကိုနေ(၂၇.၁၀.၂၀၀၈)


ယိမ်းနွဲ့ပါး ဘလော့ (၁)နှစ်ကြာရပ်တည်နိုင်အောင် အဖက်ဖက်မှထောက်ကန်ပေးခဲ့သော၊
မအားမလပ်သည့်ကြားမှ အချိန်ပေး၍ လာရောက်လည်ပတ်ကြသောမိတ်ဆွေ၊သူငယ်ချင်း
များ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

(၁)နှစ်ပြည့် အမှတ်တရ အဖြစ် “ဟင်းလင်းတံခါးရဲ့ဒုတိယမြောက်ခြေရာများ” ခံစားချက်
စာစုလေးကို လက်ဆောင်ပေးပရစေ….
ဟင်းလင်းတံခါးရဲ့  ဒုတိယမြောက်ခြေရာများ
ကိုနှိပ်၍ စာအုပ်လေးအားရယူပါရန်.. ခင်မင်လေးစားစွာဖြင့်...

ယိမ်းနွဲ့ပါး ညီအစ်ကိုများ

Saturday, October 25, 2008

ဆောင်းကြိုည




မင်းသိလား…
ငါ့ညက..သံစဉ်ရှာနေတယ်…

ဘယ်ကိုရောက်အုံးမှာလဲ…
နာရီပြန် တစ်ချက်တီးရင်….

တွေတွေလေးပဲ ကြည့်နေမယ်…
တေလေလေးတယောက်ပေါ့လေ…

အချိန်တွေကိုတည်ဆောက်…
တယောက်တလှည့်ပေါ့…

မပေါ့မပါးနဲ့ ညက…
ခံပြင်းမှူတွေကို…
အန်ချမလို့ ဆိုပဲ..
ဒါနဲ့ပဲ မြစ်တစ်ဖက်ကမ်းကို…
လမင်းတောင်ရောက်သွားတယ်

နေ့ရက်တွေက…
ပူလိုက်အေးလိုက်နဲ့လေ
မြူငွေ့ တွေ ကြားမှာ…
ငါ့ကိုယ်ငါတောင်…
တခါတလေပျောက်ပျောက်နေတယ်…

ကောက်ကြောင်းတွေနဲ့….
ဝေပြီးသား ဆောင်းတပုဒ်မှာ…
ကိုယ်ကိုတိုင်ဟောင်းသွားမှာစိုးလို့လေ…
အိပ်မက်တွေကိုလဲ ခဏလောက်
ခေါက်သိမ်းထားရတယ်….

ခေါက်ရိုးကျိုးအိပ်မက်တဲ့...
မက်လိုက်တိုင်း…
ဝင်သက်ထွက်သက်နဲ့ ပဋိပက္ခဖြစ်ပြီး….
နေခြည်ဖျားမှာ…
ဝိညာဉ်တွေက မျောမျောပါသွားတယ်

သြော်…ခက်လိုက်တာ…သံစဉ်ရယ်….
မငိုပါနဲ့ ….
မင်းပျောက်သွားတဲ့ ကာရန်တွေ…
ပြန်ရှာဆိုလဲ…
ရှာပေးပါ့မယ်….

ကိုနေ(၂၄.၁၀.၂၀၀၈)

စက်ရုပ်






လမ်းတော့ရှိတယ်
ခြေထောက်တွေမှာဘီးရှိတယ်..
ခြေရာတွေမှာ လည်း
မျဉ်းကြောင်းတွေရှိတယ်…

မနက်ဖြန်ဆိုတာ ကလည်း
သီဝရီတွေထဲက
ကောင်းကင်တုတစ်ခုကို
စောင်လိုခြုံ ခပ်ကွေးကွေးလိမ့်နေတဲ့
စက်သွားတစ်စုံပေါ့…

သံပတ်ပေးထားတဲ့
နေနဲ့လ
နာရီတွေပေါ်ငုတ်တုတ်
တစ်ဂျုန်းဂျုန်းခုတ်နေတဲ့
ရထားတစ်စင်းပေါ်မှာ
ဘ၀တွေ လွင့်ကာဝဲကာနဲ့
အချိန်တန်တော့လည်း
မိုးစုန်းစုန်းချုပ်ခဲ့ပြန်တယ်..

စက်ရုပ်တစ်ကောင်မှာ
ရင်ဘတ်ရှိတယ်
ခံစားချက်တော့ချို့တဲ့ရှာတယ်..
မီးညှိခံရတဲ့
ရည်မှန်းချက်တွေ
တစ်မြေ့မြေ့လောင်မြိုက်ဖို့အတွက်
ပစ္စုပန် ပျောက်နေခဲ့တာလည်းကြာပေါ့..

မျက်ရည်မရှိတဲ့
ငိုကြွေးချင်းတွေကိုဆင်မြန်း
ခါးသီးချင်းတွေလိမ်းကျံလို့
လက်နှစ်ဖက်ကိုယှက်
မတ်မတ်ရပ်လို့ပြုံးပြရှာတယ်..

မျက်လုံးကတဆင့်
မြင်နိုင်တဲ့နေရာမှာ
မှိတ်တုတ်မှိတ်တုတ်..
ဘက်ထရီကုန်မှ
အခုန်ရပ်သွားမဲ့
နှလုံးသားတစ်ခု..
အခုတော့လည်း ဖုံအလိမ်းလိမ်းနဲ့..

မိုးကြယ်

Tuesday, October 21, 2008

အဟောင်းဆိုင်





တယောအိုတစ်လက်ယူလာတဲ့
အိပ်မက်နဲ့ ပဉ္စမမြောက်တံခါးကို
ငါတွန်းဖွင့်ခဲ့…

ခြေရာတွေဗရပွ
မိတ္တူအထပ်ထပ်ကူးခံလိုက်ရတဲ့
ကြမ်းပြင်က
သွားချင်လည်းသွားပါ
သူကျွံမကျပါဘူးတဲ့..

ကဗျာနဲ့ ကာထားတဲ့
ပြူတင်း တွေဆီမှာ
လေပြေရဲ့ ရှိက်သံက ခပ်သဲ့သဲ့…

အလင်းက ငါ့ဆီလာပြီး
တိုးဝှေ့ညင်သာပြောရှာတယ်
သူရေးတဲ့ သံစဉ်တစ်ချို့
ကာရံတွေအခိုးခံရလို့တဲ့..
နံရံဒေါင့်မှာလက်မှိုင်ချ
ကြယ်သာစုံပြီး လရောင်မဲ့တဲ့
ညနဲ့ဘ၀တူပေါ့…

အဲ့ဒီလိုနဲ့..
တိမ်ဖြူတွေအရောင်လွင့်
မည်းညစ်ညစ်သာကျန်တဲ့ အချိန်…

ဂိဏ်မန်ဦး ခြေကြူးလို့
ဝင်ရိုးစွန်းရေခဲမြစ်တို့
ရိဆွေး ပျက်ကျ စီးဆင်းရချိန်..

ဆူးသက်သက်နဲ့ ခါးသက်ခဲ့ရတဲ့
နှင်းဆီတစ်ပွင့် လရောင်ငတ်လို့
တောင့်တတဲ့ချိန်..

တံခါးတွေလုံအောင်ပိတ်
အထီးကျန်စိတ်ကို မြိုသိပ်ရင်း..
အဟောင်းဆိုင်ဟာ
ရင်ခွင်ပိုက် ကဗျာအိုတစ်ပုဒ်နဲ့
ခပ်ရှုပ်ရှုပ်အိပ်မယ်..

ရွာချင်လည်းရွာ
ပြိုချင်လည်းပြိုတော့..
ကောင်းကင်အိုရယ်…
စိုအောင်တော့ မလုပ်နဲ့
ရင်ခွင်နာက အစိမ်းသက်သက်ရှိသေးတယ်။

မိုးကြယ်

Saturday, October 18, 2008

ဆက်ရန်






သွားချင်သွား လာချင်လာ…
ကမ္ဘာကြီးက ခါးနေပါတယ်ဆိုမှ….
မြည်းစမ်း ချင်နေတဲ့ ကဗျာ…

သူ့ ကိုယ်သူ ကဗျာ ဆိုပြီး…
ဆိုငြီးမှ…ကာရန်ပျောက်နေလို့ပေါ့
(ဒီမှာ) မစို့  မပို့ နဲ့ မိုးတွေရွာနေရတာ

သွားလိုက်ပြန်လိုက်….
ညမိုက် နဲ့ ပြိုင်မမိုက်ချင်လို့…
ဒီခဏအဖို့ (ငါ) အိမ်ပြန်လာတာ….

ညှာညှာတာတာပေါ့…
ရှာဖွေရင်း နှောင်းခဲ့ရတဲ့
ညနေရေ…..

ဟိုမှာဒီမှာပေါ့….
ခဏခဏတွေ့ နေရတဲ့ အရိပ်လေ
ခုပျောက်သွားပြီ….

အရိပ်ပျောက်လိုက်ရှာရင်း….
မမျှော်လင့်ပဲ အတိတ်ပျောက်ကိုတွေ့ 
ပြန်ဆက်ကြည့်လိုက်တဲ့အခါ

ကိုနေ(၁၇.၁၀.၂၀၀၈)

အချိန်






တစ်နေရာက အခန်းကျဉ်းလေးထဲမှာ
သူလဲလျောင်းနေတယ်….
ကြယ်တွေငြိမ်းနေတဲ့ ညကတော့
ခါတိုင်းလို နိုးကြားမြဲ…

ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်….

လူငယ်လေးတယောက်…
ရူးသွပ်စွာ ကောင်းကင်ကို ငေးမောနေတယ်…
သူရွာစေချင်တဲ့ မိုးများ…သည်းလိမ့်မလား…
ခါးသက်သက်နဲ့ ပဲ စိတ်ကူးနေတယ်….

ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်

မနက်ရောက်ရင် နိုးထရမယ့် နေ့ တနေ့ က…
အိပ်စက်နေတယ်…
အရိပ်လေးများရလိမ့်မလား…
ဟားတိုက်မှု တွေ အကြောင်းကို တွေးတောနေတယ်….

ဒါပေမယ့်…သူကတော့ ခရီးဆက်လျက်

ထဲထဲဝင်ဝင်သိမှ…ဖတ်ခွင့်ရမယ့် ကဗျာ တစ်ပုဒ်…
အနှုတ်နဲ့ အပေါင်း…သူ့ ခေါင်းထဲ ရောက်ရောက်လာလို့
တွေးနေတယ်….
ဘယ်အရာကများ….ကမ္ဘာကြီးကို မောင်းနှင်နေပါလိမ့်…..

ဒါပေမယ့်….သူကတော့ ခရီးဆက်လျက်ပါပဲ…….

ကိုနေ(၁၇.၁၀.၂၀၀၈)

Friday, October 17, 2008

ထမင်းဆိုင်နောက်မှဘုံဆိုင်များ






ကမ္ဘာကြီးတွင် ဖောဖောသီသီအသုံးပြုနိုင်သော ဘာမှန်းမသိသည့် အရာ၊
အဲဒီဘာမှန်းမသိတာကြီးကိုပဲ အဓိပ္ဗါယ်အမျိုးမျိုးဖွင့်ဆို၊ ခေါင်းစဉ်အမျိုးမျိုး
တပ်ကာ ပျော်ရွှင်ရယ်မောနေကြသလို၊ ရှိုက်ဖိုလွမ်းမောနေကြတာလည်း
အဖုံဖုံ။ ရယူပိုင်ဆိုင်ခြင်းနှင့်စွန့်လွှတ်အနစ်နာခံခြင်း(ပေးဆပ်ခြင်း) စသည်
တို့ ကလည်း ရယ်မောနေသူများနှင့် ငိုကြွေးနေသူများကို အပို်င်းအခြားကန့်
ပေးထားသည်။ အခါတော်ပေးတို့၊ နှစ်ဦးသဘောတူတို့၊ တူနှစ်ကိုယ်ယှဉ်တွဲ
တို့ ရှိသလို ကျန်စစ်သားကိုအတုယူကာ ကျန်ရစ်ဖြစ်သွားရသူတွေမှာလည်း
ဒုနဲ့ဒေး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ခေါင်းစဉ်နှင့်ကို၊ ကိုယ့်အဓိပ္ဗါယ်နှင့်ကို အဲဒီ
ဘာမှန်းမသိတာကြီးကိုပဲ ခုန်မင်နှစ်သက်နေကြစဲဖြစ်သည်။

အဲဒီလိုဆိုရင်တော့…

ထာဝရအချစ်၊ မောင်တစ်ထမ်းမယ်တစ်ရွက်၊ ယနေ့မှစနှစ်ပေါင်းတစ်ရာတိုင်
စသည်တို့တွင် ဟင်းကောင်းကောင်းများရတတ်သည်။ စားချင်စရာ ဟင်း
တွေအပြင်အရံဟင်းတွေကလည်းအများသား။ အရံဟင်းတွေနှင့်ပင် ထမင်း
သုံးလေးပွဲလောက်စားလို့ရသည်။ လာစားသည့်သူများကလည်း စုံတွဲတွေသာ
များသည်။ တစ်ချို့ဆို အစစ်တောင်ပါလာသေးသည်။ ဘုစုခရုလေးတွေက
အစ ဘုစုခရုကြီးတွေအထိပေါ့။ ဂိုးသွင်းအပြီး လက်ညိုးလေးထောင်ကာ
ထောင်ကာ အောင်ပွဲခံတတ်သည့်ကမ္ဘာကျော်တိုက်စစ်မှူးများလို မျက်နှာတွေ
ကပြုံးလို့ရွှင်လို့။ တိုက်စစ်မှူးတွေလိုတော့လက်ညိုးမထောင်၊ လက်မပဲ
ထောင်ကာလာကြသည်။ ဒီလိုဆိုင်တွေလက်မလည်အောင်းရောင်းနေရချိန်
တစ်ဖက်မှာတော့..

အေ့…နောက်တစ်လုံးပေးစမ်း၊ အမြည်းလည်းယူခဲ့ဦး…
တောက်.. ရက်စက်လိုက်တာကွာ.. ငါ့အသည်းကိုမှမီးဖုတ်ပြီးထုတ်နဲ့ထိုးရတယ်လို့…
ဟေ့.. မတွေကိုမုန်းလို့ အိမ်မှာမီးသီးတောင်မထွန်းဘူး၊ မီးချောင်းပဲထွန်းတာနား
လည်လား…အေ့..

စသည့် စသည့် စကားသံတွေက မိုးလင်းမိုးချုပ် ဆိုသလို တစ်ဖက်သတ်အချစ်၊
အချစ်ရဲ့ကျေးကျွန်၊ အုံ့ပုံးအချစ်၊ ပေးဆပ်ခြင်းအချစ်စသည့် ဘုံဆိုင်များ၏
ကောင်းကင်တွင်ပျံနှံ့လို့နေသည်။ အလွမ်းသီချင်းတွေကိုလည်းမြိုင်မြိုင်ဆိုင်ဆိုင်
ဖွင့်ပေးကြသည်။ ကြေကွဲစွာနှင့်တိုင်ဖက်ငိုနေသူတွေရှိသလို၊ သီချင်းကို
ကိုယ်တိုင်ဟစ်လိုက်ရမှကျေနပ်သည့် အလွမ်းမင်းသားများကလည်း
ဆိုင်လုံးကျွတ်။ အချစ်ရဲ့သူရဲကောင်းကြီးတွေကလည်း ဒီလိုဆိုင်မျိုးတွေတွင်
ကျက်စားတတ်သည်။အချစ်သူရဲကောင်းဆိုလို့ ဓါးလွတ်ကြီးကိုင် ဟန်ပါပါ
ထိုင်လို့ ရှပ်ကီကိုတဂွပ်ဂွပ်တွတ်နေသူတွေမဟုတ်။ ကြင်နာသူနာမည်ကို
ရင်ခွင်မှာဆေးမှင်ထိုးပြီး ငါ့ရည်းစားသူများနှင့်ညားပြီကွယ်ဆိုသည့်
သီချင်းကို အပ်ကျမက်ကျ မျက်ရည်နှင့်မျက်ခွက်သီဆိုနေသည့်
သူရဲကောင်းကြီးများသာဖြစ်တော့သည်။

ဘလော့ရေးရင်းကောက်ရသောမွေးစားတူမလေးတစ်ဦးမှ တက်ထား၍ရေးလိုက်ရပါသည်။
ရေးသာရေးရသည် ကိုယ်တိုင်တောင်ဘယ်ထဲပါလို့ပါနေမှန်းမသိ။
သေခြာတာတော့သူရဲကောင်းမဖြစ်သေးပါ။
ကဲမီးမီး (September Dream) ရေ အချစ်ဆိုသည်မှာ.. ကို နားလည်သလောက်
ဖွင့်ချလိုက်ပြီ။ ကျေနပ်မယ်လို့ထင်ပါတယ်။

မိုးကြယ်

Tuesday, October 14, 2008

သီတင်းကျွတ်လဘွဲ့

ကြာငါးမည် ကြိုင်သင်းလို့
လျံဝင်းတဲ့ ပြောင်ထိန်
ရွှေနန်းတောင်တော်ဦးမှာလ
ကွန့်မြူးမြင့်မိုရ်မီး
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်
သုံးကြိုင်ရိုပျောင်း
သက္ကစ္စဂါရ၀ါနှင့်
စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

ဖိုးသူတော်ဦးမင်း

Saturday, October 11, 2008

ကဗျာ ရေးခြင်း






ကိုယ့်ကိုယ်ကိုထုတ်ခြင်းခတ်မြင်နေရပုံများ
အလင်းတွေတောင်ငါ့ဆီမှာလာလာ ယိုင်ကြတယ်..

လက်ထောက်ချတတ်တဲ့ ငါ့ဝိဥာဉ်ကြောင့်ပဲ
ငါဟာ..ငါ ဖြူတစ်ခါ မှောင်တစ်လှည့် နဲ့
စုံးစုံးချုပ်ရ ညည အခါခါ …

ကောင်းကင်တ၀က်မြေကြီးတ၀က်နဲ့
ငါ့ခေါင်ပေါ်မှာလာလာရွာချနေတဲ့မိုးက
ငါ့ ရင်ဘတ်ပုပ်သိုးသွားမှာစိုးလို့ပါတဲ့…

မြင်တ၀က် မှိတ်တ၀က်နဲ့ပဲ
ကျေးဇူးတင်ပါတယ်..
ငါ့ရဲ့ချစ်လှစွာသောသစ်ပင်ပျိုရေ..

ငါက ကဗျာဆန်တတ်တော့
ငါ့နှလုံးသားကလည်း
တစ်ခါတစ်ခါ အတိုင်းအထွာ မဲ့နေတတ်တယ်။

မိုးကြယ်

ကန္တာရ





တောက်တစ်ချက်ခတ်ပြီးမှ
ငါတို့ရဲ့ခုန်အောက်မှာကြယ်တွေရှိမှန်းသိတယ်
ဘာလို့များခုန်ခေါက်ချင်ရတာလဲ
ကြယ်တွေကြွေကုန်မှာစိုးရတယ်လေ။

လျှပ်ပန်းတွေမြင်တိုင်းလည်း
ငါဟာတဂျုံးဂျုံး တဂျက်ဂျက် မမြည်တွန်တတ်ပါဘူး၊
ရင်ခွင်မှာညို့လာရင်တော့
သူ့ဟာသူ မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့ပြီး
ရွာတတ်တဲ့ ကောင်ပေါ့။

ကန္တာရဆိုတာ
ငါ့ကိုယ်ပေါ်မှာအလျားလိုက် မှောက်နေတာ
ခပ်ပေါ့ပေါ့တော့မဟုတ်ဘူး
ပြီးတော့ သူ့ဆီမှာကြယ်တွေ လင်းတယ်။
အလင်းငွေ့ အလင်းစိုင်တွေလည်း
တစ်ခါတစ်ခါပြိုကျရဲ့၊
တစ်ခါတစ်ခါများ
ငါဟာနက္ခတ်တာရာတွေနဲ့လည်း စီးချင်းထိုးရဲ့။

စိတ်ကူးတိုင်းမှာတော့
ငါ့တောမှာ ပန်းပွင့်တွေပျော်စံကြတယ်၊
ဝတ်ရည်ဝတ်မှုန်တွေလည်း တောက်ပကြတယ်၊
တောင်လေ၊ မြောက်လေဆိုတာလည်း ရနံ့ဆုန်သင်းတယ်၊

ခြေတစ်ဖက်လှမ်းမိရင်တော့လည်း
ကန္တာရထဲ တ၀ဲလည်လည်ပေါ့၊
ကြေကြွေညတိုင်း တောက်တစ်ခတ်ခတ်နဲ့
ခြောက်သွေ့ခဲ့ရတဲ့ ပက်ကြားအက် ကောင်ပါ။
ငါ့ဆီမှာ အိပ်မက်မရှိတာကြာခဲ့ပြီ။

မိုးကြယ်

Friday, October 10, 2008

မျဉ်းကွေး






အသွင်အမျိုးမျိုးပြောင်းတတ်တဲ့
ဝံပုလွေတစ်ကောင်…

သန်းခေါင်ယံကိုအားပြု
တောက်စားတတ်တဲ့ကြယ်တံခွန်…

ကျောက်ဂူထဲက
တမြေ့မြေ့ရှိုက်နေတဲ့ သက်ပြင်းချသံ…

ပိုးစုန်းကြူးကိုပဲ ဖက်တွယ်နေရတဲ့
ခပ်မိုက်မိုက်ည…

အလျားလိုက်အက်ကြောင်းထပ်နေတဲ့
ရင်ဘတ်…

ဘာဆိုဘာမှမရှိတော့တဲ့
အဖြူရောင်စာရွက်…

မျက်နှာပြင်မညီညာတော့တဲ့
မှန်ကူကွက်…

…….

အဲဒီလိုပဲ
မျဉ်းကွေးတစ်ကြောင်းရဲ့
ရာဇ၀င်ဟာ
နရီတွေ တိုက်စားရင်း
ကြွေလွင့်ခဲ့ရတာလည်း
အကြိမ်ကြိမ်…

မိုးကြယ်

Tuesday, October 7, 2008

သို့… ကမ္ဘာမြေ






ထိုနေ့ ….
ပြန်တွေ့ လို့ ရှိ
ရင်ပြောပေးပါ။

ဦးကင်းထက်မှာ
ပန်းတွေရှိကြောင်း

မနက်ဖြန်မှာ
အိပ်မက်တွေရှိကြောင်း

ဟောင်းနွမ်းနေတဲ့ နာရီတခုလို
ခပ်နဲ့ နဲ့ ရယ်သံပဲ ကြားနေရကြောင်း

နွေဦးမှာ
ရွက်ဝါတွေကြွေကြောင်း......

တချိန်ကတော့
ကောင်းသောညနေပေါ့ကွယ်

ငါသွားရင်တော့ထားခဲ့ရမယ်…..

(၀မ်းနည်းပါတယ်)
အိုချင်လဲအို ဟောင်းချင်ဟောင်းတော့....

ကိုနေ(07.10.2008)

Wednesday, October 1, 2008

ရာဇ၀င်




ငါ့….အာရုံထဲကို မိုးကြိုးသွားတွေ စီးဝင်နေကြတယ်
တဖက် ကမ်းက အနမ်းမဲ့ နှုတ်ခမ်းအော်သံတွေကိုလဲ
ငါကြားတယ်…

ဒီလိုနဲ့
ဟိုဟိုဒီဒီသွားနေတဲ့
အတွေးပါးပါးလေးတွေကို
ပြန်စုထားလိုက်တယ်….

ငါ့ နားမှာ တံလျပ်တွေ တဖျပ်ဖျပ်ထ နေကြတယ်
ဒါဟာ မြို့ ပြဆန်တဲ့ တောခြုံ အုံကြားတစ်ခုပဲ…..
သူ့ မှာအနှစ်ဆိုတာ မရှိဘူး….

လေညင်းဟန်ဆောင်ထားတဲ့
ရောင်တော်ပြန်တွေကြားမှာ
အဆိပ်သင့်နေတာ
ရာစုနှစ်များစွာကြာပြီပေါ့

ဒီလိုနဲ့
ကျောက်ခေတ်တခုကိုပြန်ရောက်ရအုံးမယ်….

ဒီလိုနဲ့
အနောက်တောင်ထောင့်ကို ငါကြည့်မိတော့
လရောင်တောက်နေပြီလေ…..

ကိုနေ