Wednesday, December 31, 2008

ကိုယ်တိုင်ရေးပုံတူ


ကိုယ်တိုင်ရေးပုံတူ


ချိုဆိမ့်ဆိုတဲ့ လဖက်ရည်တစ်ခွက်နဲ့

အံဆုံးလည်းပေါက်ခဲ့ပြီ။


ဂျပန်ဖိနပ်

ကတ္တီပါဖိနပ်

ပြီးတော့ ကန်းဗတ်(စ)

လဗိုက်(စ) မဟုတ်ရင်

ခါးပေါ်မတင်တဲ့ကောင်။


အမေပြောတဲ့

ဂျေးများ ပြီးတော့

အရိုးခါးတဲ့ကောင်ပေါ့။


ဆေးရွက်ကြီးနဲ့ဖင်ဆီခံကို

အခုထက်ထိခွဲခြားမသိသေးတဲ့ကောင်

ဝီလီယံဝါးလက်(စ) ကိုဂုဏ်ပြုတိုင်း

ဝီစကီထထသောက်တတ်တဲ့ကောင်ပေါ့။


ရော့ဂီတကိုခုန်မင်

ဂျင်မီမော်ရစ်ဆင် လိုလည်း

ရုပ်ချောချင်သေး

ကိုလေးဖြူလိုလည်း အသံကောင်းချင်သေး။


ဗန်ဂိုးရဲ့နေကြာပန်း

ပီကာဆိုရဲ့ 4 ဒိုင်မေးရှင်း

တူလုစ်လော့ထရတ်ပြောတဲ့မိန်းမတွေအကြောင်း

ကတ်(ဖ)ကာရဲ့ စာတိုပေစများ

မိုက်ကယ်အိန်ဂျလိုရဲ့ ဒေးဗစ်ရုပ်

ရိုဒင် ရဲ့အတွေးအခေါ်ရှင်

ပြီးတော့

ချာလီလပ်ကီးလူစီယာနိုကိုလည်း

အားကျခဲ့တဲ့ကောင်ပေါ့။


ကြယ်တွေကြွေရင်ကြည်နူးတယ်

စံပယ်တွေကိုချစ်တယ်

တစ်ခါတစ်လေလည်း လောကကြီးကို

အော်ဆဲနေတတ်တဲ့ကောင်ပေါ့။


မန်ချက်စတာယူနိုက်တက်မှာဘောလုံးကန်ချင်တယ်

အိုလံပစ်မီးရှူးတိုင်ကိုလည်းကိုင်လို့ပြေးချင်တယ်

ပြီးတော့ကာ

မိုက်တိုင်ဆန်နဲ့လည်း တစ်ပွဲတစ်လမ်းအကဲစမ်းလိုက်ချင်သေးရဲ့။


သူကအတည်ချစ်ပြီး

သု့ကိုအတည်မုန်းသွားတဲ့

အမျိုးကောင်းသမီးလေးတွေကို သတိရရင်လည်း

မိုးလင်း မိုးချုပ် ရယ်နေတတ်တဲ့ကောင်ပေါ့။


ကဗျာကိုဝတ်ဆင်

ကဗျာကိုစားသောက်

ကဗျာနဲ့ အိမ်ဆောက်ချင်တဲ့ကောင်။


သူ့မှာ ကဗျာဆရာအပေါင်းအသင်းကလည်းပေါသေး

ပန်းချီဆရာအပေါင်းအသင်းကလည်းပေါသေး

သူတို့များ မိုးကြယ်ရေ ဂေါ်ရအောင်ဆို

ဆော်ပြီးသားဆိုတဲ့ကောင်ပေါ့။


စကြာဝဠာ နိယာမကို အသားကုန်မုန်း

ဆွဲအားတွေကို ဆန့်ကျင်

ကြယ်တံခွန်လို ပြေးချင်တဲ့ကောင်ပေါ့။


နေပူမရှောင်

မိုးရွာမရှောင်

အမြဲတမ်း ပြုံးနေတဲ့ကောင်ရယ်လေ။


ဘ၀ဆိုတဲ့ရထားပေါ်မှာ

ခရီးသည်အဖြစ်နဲ့

ငြိမ်ငြိမ်လေးလိုက်သွားချင်တဲ့ကောင်ပါ။


အဲဒီမိုးကြယ်ဆိုတဲ့ကောင်လေ

ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့

တံခါးတွေဖွင့်ဖွင့်ပြီးသွားနေခဲ့တာ

သူ့ရဲ့ အိပ်မက်ဆိုတဲ့ အနာကြီးက

ပြည်မှဲ့နေခဲ့ပြီ။


မိုးကြယ်

Thursday, December 25, 2008

နှင်းခါးမိုး

ကျွန်တော်ဘာလုပ်ရမည်နည်း..ထိုင်ရမလိုထရမလိုနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ကိုနေ့ကိုကြည့်တော့လည်းဆရာသမားကနားကြပ်တပ်ပြီးသီချင်းနဲ့ငြိမ့်လို့..ကျွန်တော်သာဘာလုပ်လို့လုပ်ချင်နေမှန်းမသိတာ..ရာသီဥတုကလည်းကိုယ့်ဖက်ပါနေတယ်ဆိုတော့ကလုပ်စရာဆိုလို့တစ်ခုပဲရှိတော့သည်..ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ဂျော်နီလမ်းလျှောက်ကခေါင်းမော့ကြည့်သည်..သူ့ကိုတော့ထိလို့မဖြစ်..သူ့နဲ့ဆိုရင်မနက်ထိတောင်လမ်းတူတူလျှောက်ရကိန်းမြင်သည်..ဟောတွေ့ပြီ..ဟိုတနေ့ကလက်ဆောင်ရထားတဲ့ကျောက်ဆူးတစ်ကဒ်..နှစ်းဗူးကျန်နေသေးတယ်..ကဲလာခဲ့..ကျောက်ဆူးနှစ်ဗူးကိုပဲထိုင်ဖြိုနေလိုက်သည်..နှစ်ဗူးကုန်တော့လူကရီဝေေ၀..သိတာကလား…ကိုယ့်အကြောင်းကိုယ်..စပြီဆိုရင်တော်တော်နဲ့ရပ်လို့မရ..ကျောက်ဆူးပြတ်တော့ရှေ့ကိုဂျော်နီနဲ့သာလမ်းလျှောက်ရတော့မပေါ့..တော်သေးတာကဂျော်နီကသုံးပတ်စာလောက်သာကျန်တော့လို့..လမ်းလျှော်လို့သုံးပတ်လည်းပြည့်ရော..လူလည်းတော်တော်လေးကိုအခြေအနေကောင်းနေပြီ…ကွမ်းလေးတစ်ယာလောက်မြုံ့ပြီးမက်ဆိုတဲ့စာအုပ်ပေါ်လက်တင်တော့..ကဗျာတစ်ပုဒ်ကိုဘယ်ဘက်ရင်အုန်ကနေပြို့အန်ချလိုက်တယ်..စင်္ကပူကခရစ်စမတ်ကိုဒီလိုပဲခပ်ညစ်ညစ်လေးကြိုဆိုမယ်ဗျာ..


နှင်းခါးမိုး


ဝိုင်ချိုတစ်ခွက်ကိုယစ်မူး
ခါးသက်တဲ့ ဓါးချက်တွေကိုမှ မြိန်ယှက်…
ဝင်သက်ထွက်သက်တောင် မကွဲတဲ့
အဲ့ဒီ အခန်းကျဉ်းထဲမှာပဲ..
ငါ့ညတွေ စိတ်သုန်း..

တရုံးရုံး တဂျုန်းဂျုန်းနဲ့
ငါမပြိုခင်ထဲက ညိုချင်နေတဲ့မိုး..
အခုတော့ သူ့ရင်ဘတ်သူစုတ်ဖြဲ..
သူ့ဘာသူသောက်မြိုခဲ့တာတွေ သွန်ချ..
ငါ့ကမ္ဘာတောင် ရွှဲရွှဲစိုပေါ့..

အဲဒီလိုနဲ့
ငါဆီ စုပြုံတိုးဝင်လာတဲ့ဆောင်းကို..
ငါမထွေးပိုက်ရသေးခင်..
…..
…………
……………….
ငါ့အိပ်မက်တွေကြိုးပျက်….
သံစဉ်တွေလဲပြိုကျ..

တစ်ပြိုက်နှစ်ပြိုက်နဲ့ပဲ..

ငါ့ကိုယ်ငါတောင် ပြန်ခါးမိပါရဲ့။

မိုးကြယ်

Wednesday, December 17, 2008

ဆာဟာရ


ဆာဟာရ

ဟိုး

.

.

.

.

ဝေး

.

.

.

.

ဟိုး

.

.

.

.

အဝေး…မှာ…

အလံဖြူတစ်လက်နဲ့

ရာဇ၀င်တစ်ကွက်မရှိတဲ့ကောင်ပေါ့..

 

ကြမ္မာနတ်ဆိုး

တိုးတိုးပြီးနက်လာတဲ့ ချောက်ကမ်းပါး.

ကောင်းကင်နဲ့လည်း ခေါင်ခိုက်အောင်ဝေးပေါ့…

 

ဒဏ်ရာရက်စွဲ

တံခါးအပျက်ပျက်

လမ်းတစ်ဝက်နဲ့

ဘယ်တော့မှ မပြန်ဘူး..

 

အခုတော့

အလွမ်းတွေနဲ့ပစ်ပေါက်လို့

မိုးတိမ်တွေကိုလှစ်

ကန္တာရအဖြစ် ခဏနေမယ်..

 

ကဲ..

နေဆယ်စင်းသာ အပြိုင်က

ငါလိုကောင်ကလည်း..

ပူကျက်ကျက်နဲ့ တောက်ပမလို့။

 

မိုးကြယ်

Monday, December 15, 2008

ဆောင်းလိမ်းကြံတဲ့နှင်းစက်


ဆောင်းလိမ်းကြံတဲ့နှင်းစက်

မတားနဲ့ ငါလာမလို့
နွေအရောင်တွေပြိုင်းပြိုင်းထ..
ငါခိုခဲ့ရတဲ့ ၀င်ရိုစွန်းကနေငါလာမယ်..

ကြည့်ပါ
မီးပြတိုက်အလီလီထွန်းပြီး
ပင်လယ်ကိုမြင်အောင်ကြည့်ပါ..
မုတ်သုန်လမ်းခွဲ..
သွားလိုရာသွားဖို့
တံခါးတွေအားလုံးဖွင့်ထားတယ်..

ကြိုလှည့်ပါ ဆိုက်ပရပ်ပင်ကြီးရေ..
ကြိုလှည့်ပါ တေးသီငှက်လေးရေ..
ကြိုလှည့်ပေါ့ ပန်းပွင့်လေးတွေရေ..
ငါလာခဲ့ပြီ..

မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..

အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။

မိုးကြယ်

ဓူဝံကြယ်


ဓူဝံကြယ်

လက်ရာတွေအားလုံးခုတ်ထွင်ရှင်းလင်းပြီးမှ
ပန်းချီကားအသေတစ်ချပ်ကို အသက်သွင်း
ကဝေအပြုံးနဲ့ စုန်းမျက်နှာ
ရင်ဘတ်မပါတဲ့ ညှာတာခြင်းတွေနဲ့
ငါ့မနက်တွေကိုအရောင်စိုးခဲ့..

နာဖျားပြီးမှပဲငါ့ကိုကုစားလှည့်ပါ
မညီညာထကြွနေတဲ့ နှလုံးသားကိုလည်း
ထယ်သွားနဲ့ ခုတ်ချ..
ပေါင်းသတ်ပြီးမှ အလွမ်းပျိုးပင်ကိုပစ်ချစိုက်ပျိုး..
အခုတော့..
ငါတို့ ကန္တာရမိုင်တိုင် ဝေးခဲ့ပေါ့..

ခြေထောက်ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်…
အိပ်မက်ပျောက်သွားတဲ့ သန်းခေါင်ယံညနက်….
ငါ့ကိုယ်ငါအတောင်တပ်ပြီးပျံသန်းလိုက်တယ်
မြောက်အရပ်ဆီ..

လွမ်းနေရင်ပဲဖြစ်ဖြစ်...
သမ်းဝေရင်ပဲဖြစ်ဖြစ်...
ကောင်းကင်ကိုမော့ကြည့်လှည့်
ငါဆိုတဲ့ ဓူဝံကြယ်
လှုပ်လီလှုပ်လဲ့နဲ့
ကမ္ဘာမြေသို့ကြွေချင်ခဲ့တာ
အလင်းနှစ်တစ်ရာတိုင်ခဲ့ပြီ။

မိုးကြယ်

Sunday, December 14, 2008

သိုးဆောင်းမနက်



သိုးဆောင်းမနက်

ငါ...
ငါ့နားမှာ....
သိုးဆောင်းတေးတွေ စီးဆင်းနေတယ်....

သိုးဆောင်းကဗျာတပုဒ်နဲ့...
ဟိုးရှေးရှေးက..စီးဆင်းခဲ့တဲ့...
စမ်းချောင်းလေးတခုအနားမှာပေါ့....

ခိုနားရင်းနဲ့
ပြိုကျကျသွားတဲ့နေ့ ရက်တွေနဲ့
ငါတို့ရဲ့  ကျေးလက်တေးတွေကိုလွမ်းတယ်....

ငါ...
မနက်ဖြန်တွေကိုဖန်တီးဖို့ရာပေါ့....
သိုးဆောင်းဂီတကိုပဲ သီကြူးနေရတယ်.....

ဘာကြောင့်မှ မဟုတ်ပါဘူး....
မနက်ခင်းတိုင်း ရူးသွပ်ခဲ့ရတဲ့ မနက်စာ...
အိပ်မက်ထဲမှာ ကျန်ခဲ့မှာ စိုးလို့ ပါ........

ကိုနေ(၂၁.၁၁.၂၀၀၈ ၀၀း၁၆)

တကယ်ပဲ


တကယ်ပဲ

တချို့  မိုးတွေက
ငါ့စကားနွားရ ထန်နေကြတယ်...

သမိုင်းတူတူပါပဲ...
ဘိန်းသမားချင်းလဲ အတူတူပဲဟာ...

ရည်မှန်းချက်ကဘာလဲ
မင်းကိုမင်းကောတကယ်သိပြီလား...

လုယက်ခံလိုက်ရတဲ့
တိမ်တိုက်တွေကို ပြန်ရှာဖို့ ခွန်အားရောရှိပြီလား...

ပုစ္ဆာရှိရင်
ဖြေရှင်းချက်ရှိရမယ်ဆို..ဘယ်မှာလဲ...
ဒီမှာ ပုစ္ဆာတောင် ကျောက်ဖြစ်တော့မယ်...

လေတွေပဲလှိမ့်တိုက်
ကျောက်ရုပ်ကြီးတောင် ခေါင်းငိုက်စိုက်ချနေတာကြာပြီ..
အားလည်းနာကြပါအုံး

လုပ်စမ်းဘာအုံး
တကယ်ပဲ လောကမှာ
မဖြစ်နိုင်တာ ဘာမှ မရှိဘူးတဲ့လား....

ကိုနေ

Saturday, December 6, 2008

လမ်းဆုံး



လမ်းဆုံး

လမ်းကိုမြင်တယ်..
တောင်ကိုလည်းမြင်တယ်..
တောင်ကြီးဖ၀ါးအောက် လည်းမြင်တယ်..
ကွေ့ပတ်ရှောင်ရှားသွားတဲ့ ..
ခြေထောက်တွေကိုလည်း မြင်တယ်။

လမ်းကိုမြင်တယ်..
ပင်လယ်ကိုလည်းမြင်တယ်..
လှိုင်းကြီးလှေအောက် လည်းမြင်တယ်..
လက်မှိုင်နဲ့သက်ပြင်းကိုရောချ..
နောက်ပြန်လှမ်းသွားတဲ့ ခြေရာတွေကိုလည်း မြင်တယ်..

လမ်းကိုမြင်တယ်..
လင်းပြာမှိုင်းဝေနေတဲ့ညကိုလည်း
ငါမြင်တယ်..
ခေါ်သံ အော်သံတွေရဲ့အဆုံးမှာ
လမင်းဟာအစွမ်းကုန်ထွန်းလင်းခဲ့တယ်..
မနက်ဖြန်အတွက်တော့ ညဟာ
စုန်းစုန်းချုပ်နေစဲ..

လမ်းကိုမြင်တယ်..
တံခါးတွေကိုလည်းမြင်တယ်..
လမ်းဆုံးနေတာလည်းမြင်တယ်..
ငါ့ကိုယ်ငါလည်း ပြန်မြင်ခဲ့တယ်..

မိုးကြယ်

Thursday, December 4, 2008

အသွင်ပြောင်းခြင်း



အဲဒီကြူးရင့်ခြင်းတွေကြောင့်ပဲ
ငါ့နားရွက်တွေ ခြောက်ခြားခဲ့ရ။
သွက်သွက်ခါစကားလုံးတွေ
ပျို့ အန်ချဖို့က
ငါ့ပါးစပ်ကိုဆီထည့်ဖို့လိုတယ်။

ရနံ့ တွေပေးခဲ့ပေမယ့်
စေးကပ်ကပ်နိုင်လှတဲ့
ငါ့နှာခေါင်း ကဘာကိုမှ မမြင်ဖူး။
(ကြားလည်းမကြားဖူး)

ငါ့လက်တွေကိုခေါင်းအုံးဖို့
ယူသွားပြီးမှ
အပေါင်ဆုံးခဲ့ပြန်တယ်လေ။

အဲဒီလိုနဲ့
ငါ့ကို ဆွဲယူသွားပြီး ရွာချပစ်တယ်
အိမ်ပြန်လာတဲ့ခြေထောက်တွေ
ငါ့ခန္ဓာကိုယ်နဲ့ မိတ်မဖွဲ့ ချိန်ပေါ့…..

မိုးကြယ်
(ကဗျာဟောင်းတစ်ပုဒ်ပါ။ ဒီဇိုင်းဆွဲရင်းအာရုံရလို့ပြန်တင်လိုက်တာပါ။)