Sunday, April 12, 2009

ရွာ

သစ်တစ်ပင်ရဲ့ကားချပ်များ



သစ်တစ်ပင်ရဲ့ကားချပ်များ

ငါတို့ရဲ့ညောင်းညာနေသောစိတ်များ
ပခုံးပေါ်ထမ်း လမ်းလျှောက်ခဲ့ကြ
မနက်ဖြန်တွေ တောချောက်သလိုခံစား
ဒိုင်ခွက်ထဲက အချိန်ကောင်ရဲ့
ဟားတိုက်သံတောင် နပ်မမှန်ခဲ့တော့
မနက်စာကိုလည်း ဖြစ်သလိုစားခဲ့ပေါ့။

ငါတို့ဟာ ဖားကောင်တွေပါ
ဂျွန်စတိန်းဘတ်ရဲ့ တော်တီလာဖလတ်ရပ်ကွက်အောက်က
ဖားကောင်ကောင်တွေပါ။
ဆောင်းဦးပေါက်ချင်းအတွက် ၀ိုင်တပုံးအတွက်
သံပြိုင်အော်ရင်း မိုးခေါ်ခဲ့ကြတာလည်းအကြိမ်ကြိမ်…
မိုးမရွာတာလည်း အကြိမ်ကြိမ်..
အဲသည်လိုနဲ့ ကိုယ့်အော်သံကိုယ်ခြောက်ခြား
လန့်ဖျား ဖျားခဲ့ကြ။

ဒီကူးနင်းရဲ့မိန်းမမှာ
ချစ်စရာကင်းနေတယ်ဆို
ခံစားခဲ့တဲ့အတိုင်းပဲ ၀တ်ဆင်ကြည့်ပါလား
အမည်ပေါက် ပုလင်းတလုံးနဲ့
အဲသည် ကားချပ်တွေအောက်မှာ
အခိုးတလူလူမှုတ်ထုတ်
ငါတို့ မိုးချုပ်ခဲ့တာပဲ။

အခါးဓါတ်ကလူနဲ့ တည့်တယ်ဆို
အဲလိုတွေး
လောကကလည်း မာယာများသား..
ငါတို့ဟာလည်း ထောင်ချောက်တွေပေါ့
တခါခါများ ယုံထောင် ကြောင်မိသေးတာပဲ
အလျားလိုက်ပဲ တိုင်းထွာကြရအောင်ပေါ့။

ခေတ်ဆိုတာလည်း ဒီလောက်တော့စီးမပေါ့
ကိုယ်ကိုတိုင်အလံထူရအောင်လည်း
ကိုယ့်ကိုယ်ကို ခုတ်ထွင်ရှင်းလင်းရ
ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးရနဲ့
လမ်းများဟာလည်း ပင်ပန်းလွန်းပါတယ်။

မနက်ဖြန်တိုင်းတော့
ဒီနေ့လောက်ဘယ်သေချာနိုင်မှာလည်း
ခပ်ဖြေးဖြေးတွေး ရေးရေးပေါ်
သူငယ်ချင်းရေ အနာတော့ပြည်မမှည့်စေနဲ့
မင်းအတွက်တော့
ငါ ကဗျာတပုဒ် လောင်းချပစ်ခဲ့တယ်။

ငါတို့ ဆောက်တည်ခဲ့တဲ့
ဟင်းလင်းတံခါးမှာ မြူတွေသီနေပြီ.
ပေါင်းတွေလည်း ရင့်ထော်နေပြီ.
သံချေးတက် ပတ္တာတွေလည်း
သံစုံမြည်နေပြီ..
ခြေရာတွေကတော့ မှုန်ဝါးဝါးနဲ့
ခြောက်ကပ်နေဆဲ…
ကြယ်ကြွေကောင်းကင်ကိုလည်းမျှော်နေဆဲပေါ့..

မင်းရဲ့ ရာသီအတွက်
အခုများဆို
တိတ်ဆိတ်ခြင်း မှတ်တိုင်တွေချဉ်းနင်းဝင်ရောက်
မင်းတယောက် ၀မ်းမြောက်ပါတော့ကွာ။

မိုးကြယ်

သူငယ်ချင်းရေ မင်းနှုတ်မဆက်ပဲခွဲခွာသွားပေမဲ့ ငါတို့ရဲ့ဟင်းလင်းတံခါး ကိုတချိန်မှာတော့ မင်းပြန်လာခေါက်မယ်ဆိုတာ ငါယုံကြည်နေပါတယ်။

စိတ်ကူးတွေမြှုပ်နှံ
အိပ်မက်တွေ ပလပ်ခံရတဲ့
ကမ်းဘားမှာ
ငါ အလံဖြူတစ်လက်စိုက်ခဲ့တယ်...

မိုးကြယ်