Monday, December 15, 2008

ဓူဝံကြယ်


ဓူဝံကြယ်

လက်ရာတွေအားလုံးခုတ်ထွင်ရှင်းလင်းပြီးမှ
ပန်းချီကားအသေတစ်ချပ်ကို အသက်သွင်း
ကဝေအပြုံးနဲ့ စုန်းမျက်နှာ
ရင်ဘတ်မပါတဲ့ ညှာတာခြင်းတွေနဲ့
ငါ့မနက်တွေကိုအရောင်စိုးခဲ့..

နာဖျားပြီးမှပဲငါ့ကိုကုစားလှည့်ပါ
မညီညာထကြွနေတဲ့ နှလုံးသားကိုလည်း
ထယ်သွားနဲ့ ခုတ်ချ..
ပေါင်းသတ်ပြီးမှ အလွမ်းပျိုးပင်ကိုပစ်ချစိုက်ပျိုး..
အခုတော့..
ငါတို့ ကန္တာရမိုင်တိုင် ဝေးခဲ့ပေါ့..

ခြေထောက်ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်…
အိပ်မက်ပျောက်သွားတဲ့ သန်းခေါင်ယံညနက်….
ငါ့ကိုယ်ငါအတောင်တပ်ပြီးပျံသန်းလိုက်တယ်
မြောက်အရပ်ဆီ..

လွမ်းနေရင်ပဲဖြစ်ဖြစ်...
သမ်းဝေရင်ပဲဖြစ်ဖြစ်...
ကောင်းကင်ကိုမော့ကြည့်လှည့်
ငါဆိုတဲ့ ဓူဝံကြယ်
လှုပ်လီလှုပ်လဲ့နဲ့
ကမ္ဘာမြေသို့ကြွေချင်ခဲ့တာ
အလင်းနှစ်တစ်ရာတိုင်ခဲ့ပြီ။

မိုးကြယ်

4 comments:

Anonymous said...

ဓူဝံကြယ်ကို မော့ကြည့်သွားပါတယ်...
လှုပ်လီ လှုပ်လဲ့နဲ့..နော်...

Anonymous said...

ဓူဝံကြယ်က ...
လမ်းညွှန်ပြပေမယ့် ... ကျွန်တော်တို့လူသားတွေက
မသိစိတ်မှာ လျစ်လျူရှုထားတဲ့ အရပ်တွေ အများကြီးပဲ ကိုမိုးကြယ် ... ။

ခြေထောက်ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်…
အိပ်မက်ပျောက်သွားတဲ့ သန်းခေါင်ယံညနက်….
ငါ့ကိုယ်ငါအတောင်တပ်ပြီးပျံသန်းလိုက်တယ်
မြောက်အရပ်ဆီ..

အဲနေရာလေး ကြိုက်တယ်...

(စကားလုံးရှာစက်ကလေး ခဏငှားပါလား ကိုမိုးကြယ်) :D

ခင်မင်လေးစားစွာဖြင့်

Moe Myint Tane said...

ကြွေကျချင်ရင် ကြွေသာချလိုက် ကိုမိုးကြယ်။ ဒီကဗျာကို ခိုက်တယ်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Dr Phyo Wai Kyaw said...

ဒါလည်း ကြိုက်တယ်ဗျားး)