Wednesday, January 16, 2008

ကာရန်မဲ့အတွေး

အခန်း(၁)
“ပြောလေ…ဖြစ်ချင်တာပြော။ ဒါပေမယ့်..ငါကအသွင်ပဲပြောင်းပေးတတ်တာ။ တခြားဟာတော့ ဘာမှမလုပ်ပေးနိုင်ဘူး။ ဘယ်အသွင်ပြောင်းပေးရမလဲ…ပြော”

တောထဲမှာမျက်စိလည်လမ်းမှားပြီး သူ့ဆီရောက်သွားတာပါ။ ကျနော် ရောက်သွားတော့ သူက ဟင်းချိုတစ်အိုး ကြိုနေတယ်။ ဘေးနားမှာ တံမြက်စည်း တစ်ချောင်း ထောင်လို့ ခေါင်းပေါ်မှာလဲ ဦးထုပ်ချွန်ချွန်တစ်လုံး တင်ထားတယ်။ မှော်ဆရာဆိုပါတော့လေ။

“ဘာမှ မဖြစ်ချင်ဘူး။ လမ်းပျောက်နေလို့ လမ်းပြပေးပါ”
“အဲ့ဒါတော့ ငါလဲမတတ်နိုင်ဘူး။ ငါတောင်လမ်းမှားပြီး ဒီတောထဲရောက်နေတာ။ ငါ့တံမြက်စည်းလဲ ဆီကုန်နေလို့ ပျံလို့ မရဘူး”

“အင်း…ခက်ပြီ။ လမ်းရှာလို့ မရမှတော့အကျိုး ရှိအောင်တစ်ခုခုလုပ်ရမယ်”

အခန်း(၂)
“ကဲ မထူးပါဘူး။ ခင်ဗျားက အသွင်ပဲ ပြောင်းတတ်တယ်ဆိုတော့ ကျနော့်ကို အသွင်ပြောင်းပေးပါ။”

“ဘာပုံပြောင်းပေးရမလဲ။ ဟိုနားမှာ ခွေနေတဲ့ မြွေ… သူ့လိုဖြစ်ချင်လား”
“မဖြစ်ချင်ပါဘူး”

“ဟ…ဘာဖြစ်လို့လဲ။ မြွေဆိုတာ အသက်ရှည်တယ်။ အရေခွံလဲလို့ရတယ်။ ကဲ…မကောင်းဘူးလား”

“မကောင်းပါဘူး”
“ကျနော်ကမြွေတွေလို ကိုယ့်ကိုယ်ကို ပြန်မခွေထားချင်ဘူး။ ပြီးတော့ ကိုယ့်ရုပ်ကို “မှန်ထဲပြန်ကြည့်ရင်…ဟင်း..ရှည်ရှည်မြောမြော နဲ့ကြောက်စရာကြီး။ မဖြစ်ချင်ဘူး။ မြွေတော့မဖြစ်ချင်ဘူးဗျာ။”

“ဒါဆို တစ်တောလုံးကို အစိုးရ တဲ့ခြင်္သေ့ကြီးကော”

“မဖြစ်ချင်ဘူး။ တစ်သက်လုံး မီးလွတ်ကြီးပဲ စားနေရတာ၊ စကားပြောရင်လဲ တိုးတိုးပြောလို့ မရဘူး၊ မနိပ်သေးပါဘူး”

“ဟိုဟာဖြစ်ချင်လား………..၊ ဒီဟာဖြစ်ချင်လား…………..။”
“မဖြစ်ချင်ဘူး”

“မင်းဟာကလဲ..ဘာမှမဖြစ်ချင်မှတော့ ဘာလို့ ပုံပြောင်းခိုင်းနေရသေးလဲ။ စိတ်ညစ်လာပြီ။”

ဟုတ်ပါတယ်။ ကျနော်ကလဲ ရုတ်တရက် ဘာဖြစ်ချင်မှန်းကို စဉ်းစားလို့ မရဘူး။ ခက်တယ်ဗျာ။ ဘာဖြစ်ချင်လဲစဉ်းစားစမ်း။ ဟုတ်ပြီ၊ ‘ငါး’ ဖြစ်ရမယ်။
ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တဲ့ ငါးတွေကို သတိပေးဖို့ ငါးဖြစ်လိုက်မယ်။

“ရပြီ..ရပြီ” ကျနော် “ငါး” ဖြစ်ချင်တယ်။

“ဟင်…ကောင်းနိုးရာရာပြောင်းပေးမယ်ဆိုတော့ မဟုတ်ဘူး။ ဘယ်လိုဖြစ်လို့ ငါးဖြစ်ချင်ရတာလဲ၊”

“ဟဲဟဲဟဲ….ကျနော်ရယ်နေလိုက်တယ်။”
“ကိုယ့်အတွေးနဲ့ ကိုယ်ဆိုတော့ သူကို ဘာမှမရှင်းပြချင်တော့ဘူး”

“ကဲပါ။ ငါးအဖြစ်ပဲပြောင်းပေးပါ။”

“အေးကွာ ။ မင်းကဖြစ်ချင်နေမှတော့ …ကဲ ‘ငါး’ အဖြစ်ပြောင်းစေသတည်း”

အခန်း(၃)
အခု ကျနော် ငါး တစ်ကောင် ဖြစ်သွားပါပြီ။
ရေထဲမှာ အစုန်အဆန် ကူးခတ်ရင်း ငါးစာကို ပဲ မမက်နဲ့ ငါးမျှားချိတ်ကိုလဲသတိထားဖို့ ငါး တွေကို လိုက်လံသတိပေးရပါတော့မယ်။

“ဖလူး….ဖလူး”
အဲ..ခက်ပြီ။ စကားပြောလိုက်တိုင်း ရေပလုံစီ တွေပဲ ထနေတယ်။ အသံထွက်မလာဘူး။

ငါးပါဆိုမှ ဘယ်လိုလုပ်စကားပြောလို့ ရမလဲနော်။ ဒုက္ခပါပဲ။ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်တဲ့ ငါးတွေကို ဘယ်လို သတိပေးရမလဲ။ ငါးတွေရယ်…သနားလိုက်တာ။ ကိုယ့်ကိုကိုလဲ သနားတယ်။ ဘယ်အချိန် ငါးမျှားချိတ်နဲ့ တွေ့မလဲ မသိလို့လေ။

လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့…ငါးစာသာ မြင်ပြီး..ငါမျှားချိတ်မမြင်တဲ့ လူတွေကိုလဲသနားတယ်။



ငါ….
လမ်းပေါ်မှာ လမ်းပျောက်နေတယ်။

နေရာတကာ ခြေရာထင်ကျန်တတ်တဲ့…
လေညှင်းရေ…
ငါ့လမ်းပေါ်မှာ
ရော်ရွက်ဝါတွေ ဖုန်းနေမှာလား။

လောကကြီးမှာ
လမ်းတွေအများကြီးပါ။

ပထမဆုံးခြေလှမ်းသာ
မှန်မယ်ဆိုရင်
ခင်ဗျားလှမ်းမဲ့ လမ်းက
ပန်းတွေဖွေးနေမှာပါ။ ။


မိုးကြယ်

1 comment:

Chaos said...

ကဗျာလေးရဲ့
များစွာသော နမိတ်ပုံတွေကို
တိတ်တဆိတ်နဲ့လေ့လာသွားတယ်နော်
ကဗျာလေး တအားကောင်းပါတယ်