Wednesday, December 26, 2007

မျက်နှာကျက်များ

ငါ့ကို မိုးထားတဲ့
မျက်နှာကျက်များ…

သူတို့ဆီတွန်းပို့ခဲ့တဲ့
မျက်နှာကျက်များ…

ကိုယ့်ကိုကိုပြန်ဝါးမြိုထားတဲ့
မျက်နှာကျက်များ…

မျက်လုံးပေါင်းများစွာနဲ့
မျက်နှာကျက်များ
ပြုံးနေ ၊ ငိုနေ ၊ မဲ့နေ၊ ရယ်နေတဲ့
မျက်နှာကျက်များ

အဲဒီမျက်နှာကျက်တွေနဲ့
ဝေးရာဆီပြေးထွက်ခဲ့ပေမဲ့

ကြယ်ရောင်စုံခြယ်မှုန်း
အဆုံးမရှိနိုင်တဲ့
ကောင်းကင်မျက်နှာကျက်ကြီးက
ငါ့ကို အုပ်မိုးထားဆဲပါ။

မိုးကြယ်

Sunday, December 23, 2007

သတ်ပုံမှားနေတဲ့…

တသက်တာဆိုပြီး…
ရေးသီခဲ့တာပဲ….
ဒါပေမယ့်လဲ…
အလဲအကွဲနဲ့…
ငါ့ကပွဲကဗျာ….
ရင်နာရင်းနဲ့ သတ်ပုံမှားခဲ့ပြီ….

ကိုနေ(၂၂.၁၂.၂၀၀၇) ၁း၃၆ am

Friday, December 21, 2007

ဒီဇင်ဘာ..

ကောင်းကင်ကိုငါကြည့်…
အသိစိတ်တို့ေ၀၀ါးချိန်….
နှင်းငွေစက်တို့ ဖျောက်ဝေနေချိန်

ကျိန်စာသင့်ခဲ့တာလား…
နှလုံးသားနဲ့ ရေးတဲ့စာ….
ရင်မှာကော သိသေးရဲ့လားကွာ…

မငိုချင်ပါဖူး….ကြေကွဲသံစဉ်နဲ့….
ဒီနှင်းတွေထဲမှာဝေခဲ့တဲ့ အနမ်းတွေအကြောင်းပဲ
စဉ်းစားချင်တယ်….

ဒီဇင်ဘာရယ်….
ရင်ခွင်မှာ..လင်းလှဲ့ပါ…
ငါ့ရဲ့ …ညကဗျာ…

မညှာတာတော့လဲ
မလုပ်ပါနဲ့ကွယ်…
ငါ့.. ဒီရင်ခုန်သံ…
အတိတ်နဲ့အနာဂတ်ကြား…
ကြေမွသွားမှာ ကြောက်တယ်….

ကိုနေ(၂၁.၁၂.၂၀၀၇)

အရောင်လွင့် မိုးတိမ်

ညီညာမှု ပြေပြစ်မှုတွေနဲ့
ဝေးကွာနေဆဲ
ကောက်ကွေ့စွာနဲ့ပဲ
စီးဆင်းနေရတယ်။ ။

အရောင်အဆင်းကင်းလွန်းလို့
လောကကြီးကတောင်
ငါ့ဘ၀ကို ငါ့ဆီက
ခွာချနေပြီ။ ။

ဒီသွေ့ခြောက်ခြောက်
အထီးကျန်ရပ်ဝန်းမှာ
သံယောဇဉ်မိုးတော့
တစ်ပြိုက်နှစ်ပြိုက်ရွာပါရဲ့
ငါ့ရင်မှာ
အလွမ်းတွေပဲ
ဗွက်ထကျန်ရစ်တယ်။ ။

မျှော်နေဆဲ
ရောက်မလာနိုင်သေးတဲ့လေပြေရေ
လှမ်းလာရင်
ငါလည်းလမ်းကြုံလိုက်ပါရစေ
မာန၀တ်ရုံကိုခွါချလို့
အတ္တဖိနပ်တစ်ရံကိုလဲထားခဲ့မယ်။ ။

အချိန်တန်ရင်နင်နှင်စရာမလိုပါဘူး
ငါ့ဘာသာပဲ လွင့်ပါးလိုက်ပါ့မယ်။ ။

မိုးကြယ်

နှုတ်ဆက်ချိန်

ကျောက်ဖြစ်ရုပ်ကြွင်း
သံယောဇဉ် ၀ိုးတိုးဝါးတားလေးတွေနဲ့
ယောင်ယောင်ခေါ်တတ်တဲ့
ဆောင်းတွင်းအိပ်မက်လေးတွေ
ခုတော့လည်း….
ရေစီးကမ်းပြို။

မျှော်လင့်ချက် တနင့်တပိုးနဲ့
ခရီးထွက်ခဲ့တဲ့……ငါ
အတ္တနဲ့ နှလုံးသားကြားက
မချေငံမှုတွေကြောင့်
လက်နက်ချ အလင်းဝင်ခဲ့ရပြီ…။

ငါ…..ဆိုတာလည်း
ထားခဲ့ရက်လို့ ထားခဲ့တာတောင်
လွမ်းစရာ လောက်လောက်ငှငှ
မရှိတဲ့ကောင်ပါ….။

နင်….ဆိုတဲ့
မိန်းမ တစ်ယောက်အတွက်
ပတ်သက်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်နဲ့
အ၀ါရောင်လမ်းက မိုးရေထဲမှာ
ငါ့….ရင်ဘတ်ကို ချထားခဲ့….။ ။

လင်းအေးလူ

ပုံရိပ်

ကောင်းကင်ရယ်
မောဟိုက်နေတဲ့ ငါ့ဝိညာဉ်ရယ်...
တိမ်တွေရယ်...

အဝေးကြီးကိုရောက်ဖူးချင်တယ်...
အနီးအနားမှာ..တစ္ဆေတွေခြောက်လှန့်နေလို့ပေါ့

ပင်ပန်းလွန်းတယ်
နေ့ရယ်ညရယ်လေ...
တလှည့်စီ..မောင်းနှင်နေလို့ပေါ့

ဟိုး..မှာ....
အပြာရောင်ကောင်းကင်ရယ်ပင်လယ်ရယ်...
ငါကတော့..ဒီနံရံတွေကြားမှာတယောက်တည်း

ကြွေကွဲနေလည်း...
ငါ့မျက်ရည်တွေက..ငါ့ကိုပဲတိုက်စားနေဦးမှာ

အိပ်မက်ဦးမှာမြင်နေကျ..
မင်းရဲ့ ပုံရိပ်လေးတောင်
ခုတော့လည်း...မှောင်ထဲမှာပဲ..အရောင်လွင့်တော့မယ်..

ကိုနေ(၂၁.၁၂.၂၀၀၇)

Saturday, December 15, 2007

အဖြူရောင်ကျိန်စာ

နင်ရွတ်ဆိုနေကျ
နင်သီကုံးနေကျ
နင်ဆိုညည်းနေကျ

ဒီ သံစဉ်
ဒီ ကဗျာ တိုင်းမှာ
အကြိမ်ပေါင်းများစွာ
ငါ စိတ်သုန်းခဲ့……..

ငါ့ ၀ိဥာဉ်
ငါ့ကိုခြောက်လှန့်လွန်းလို့
ဒီလမ်းကျဉ်းက ပြေးအထွက်
ပန်းပွင့်ကမ္ဘာကို ငါရောက်တယ်။

အဖြူရောင်လွင်ပြင်ကို
ဖြတ်လို့ ပျံသန်းချင်ပေမဲ့..

နင်ပေးခဲ့တဲ့ ဒီကျိန်စာ
ငါ့နှလုံးသားကို
ရစ်နှောင်ထားခဲ့တာ
ယနေ့ထက်တိုင် ကြာခဲ့ပြီ။။

မိုးကြယ်

ဒုတိယမြောက်..ဆန္ဒ

ကြယ်တိုက်စားလွန်းလို့
တစ်ခြမ်းပဲ့နေတဲ့လမင်းက
ည၀တ်ရုံခြုံလွှမ်းလို့
ဒီပွဲကိုသူ ဒိုင်လုပ်မယ်တဲ့။

ငါ..တည်ငြိမ်နေမယ်
လေနုသွေးနေချိန်ပေါ့...
မကြာခင် မုန်တိုင်းနဲ့အတူ
ကပွဲဝင်ရဦးမှပဲ….

ငါဆိုတာက..
နေခြည်လောက်တော့
လောကကြီးအတွက်
အရေးမကြီးပါဘူး။

ရာဇ၀င်မှာ ထင်မကျန်ရစ်တောင်
လျှောက်ခဲ့တဲ့ ဒီလမ်း
ခြေရာတော့ ကျန်ရစ်မှာပါ။

မမြင်ရပေမဲ့
ကြားနေရဦးမဲ့ ဒီအသံတွေရေ

ငါ့သမိုင်း ငါရေး..
ငါ့ကျောက်စာ ငါထွင်း..
ငါ့ကိုငါ ဂူသွင်းဖို့
ငါ့ လက်အစုံကို
လောကကြီးထဲမှာ
ချန်ထားခဲ့ပရစေ။။။

မိုးကြယ်

ဆန္ဒ

ညိုနေတဲ့မိုးတွေ
ပြိုကုန်တဲ့အထိ
ဒီတေးချင်းကိုငါဟစ်ကြွေးလိုက်ဦးမယ်…

အိပ်မက်လမ်းမှာ
အနမ်းတွေမဝေလည်း
မင်းလှမ်းမယ့်လမ်းမှာ
ပန်းတွေနဲ့ဝေနေတယ်ဆိုကျေနပ်တယ်….

ကဗျာလမ်းမှာ
တ၀က်တပျက်နဲ့
ငါကြွေသွားတယ်ဆိုရင်တောင်
ငါထုဆစ်ခဲ့နဲ့
ဒီတိမ်တိုက်တွေထဲမှာပဲ
ပျော်ဝင်ပစ်လိုက်မယ်…..

ကိုနေ(၁၄.၁၂.၂၀၀၇)

Wednesday, December 12, 2007

အခါလွန်

တောင်စွယ်နေမကွယ်ခင်
ကွပ်မျက်ခံရတော့မဲ့
ညနေရီက
လေမနှင်ပဲ လွင့်ပါသွားတဲ့
ကောင်းကင်ကြီးကို ကြည့်လို့
ခြောက်ကပ်ကပ်ရယ်နေလေရဲ့။

အမှောင်မလာခင်
တိမ်တဆုတ်လောက်တော့
ပစ်ချပေးခဲ့ပါ။

အဲ့ဒီ တိမ်တွေကို
မိုးရွာခိုင်းချင်လို့

ငါ့ရင်ခွင် ကမ္ဘာမှာ
မိုးခေါင်ခဲ့တာ ကြာပြီပဲ။

အချိန်ရပ်ဝန်းသာ
တစ်ကြော့ပြန်လည်ခွင့်ရရင်
ငါ့ကိုငါ
အရောင်စိုးမိမှာမဟုတ်ဘူးလေ။

မိုးကြယ်

ဗမာ ဖိုင်နယ်တက်ပြီ

ဆီးဂိမ်းစ်ပြိုင်ပွဲ၌ မြန်မာဘောလုံးအသင်း ဗီယက်နမ်ကိုအနိုင်ရပြီး ဗိုလ်လုပွဲတက်
၁၁ ဒီဇင်ဘာ၂၀၀၇




ဒီနေရာ ကနေတိုက်ရိုက်ကြည့်ရှုလို့ရနိုင်တယ်လို့သိရပါတယ်

14 DEC. ဘန်ကောက်စံတော်ချိန် 18:30 မှာ ထိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်
ဘန်ကောက်စံတော်ချိန် ညနေ ၆း၃၀
ရန်ကုန် စံတော်ချိန် ညနေ ၆ နာရီ
စင်ကာပူ စံတော်ချိန် ည ၇း၃၀


အချက်အလက်များကို ခောတ်ပြိုင်www.thailandfootball.com နဲ့ ၀ီကီ တို့မှ ရယူပါသည်။

အစဉ်သဖြင့် လေးစားလျက်
ကိုနေ

Sunday, December 9, 2007

ဆောင်းပြုစားခြင်း

ညနေခင်းညိုရီရီမှာ…
လေပြေတွေကလည်း..
ခါတော်မှီ သီခြွေဖို့ ကြိုးစား…

လောကကြီးက
ကံကြမ္မာကိုခါးစောင်းတင်ပြီး..
လှချင်တိုင်းကို..လှနေပါလား….

ခရီးစရိတ်ပေးစရာမလိုတဲ့
ကူးတို့ဆိပ်မှာပေါ့…
အပြိုင်အဆိုင်တန်းစီနေလိုက်ကြတာ…

ညနေခင်းက..
ခဏနေ..သူကြွေရတော့မယ်တဲ့…
သူ့ရင်မှာခိုနေတဲ့..၀တ်ရည်တွေကို…
ကမန်းကတန်းနဲ့..ခါချ…

ဆောင်းပြုစား ခံလိုက်ရတဲ့..
ညနေက..သူ့ရင်တွေမှာ
နှင်းငွေ့တွေ လာလာရှိုက်လို့တဲ့လေ….
လမင်း..အာရုံဦးမှာ..တိုင်တည်ပြီးငိုနေလေရဲ့

ကိုနေ (၉.၁၂.၂၀၀၇)

အလွမ်းခရစ်စမတ်

ဒီဇင်ဘာကတောင်
ဆောင်းကန့်လန့်ကာလှစ်လို့
နှင်းပွင့်ဖွေးဖွေးတွေ
ဖြန့်ကျဲချနေပြီ။

ငါ့အိပ်မက်ပြတင်းတံခါးမှာ
တေးသီနေတဲ့
ငှက်ကလေးတွေရေ

ချစ်သူအတွက်
လက်ဆောင်လေးတစ်ခု
မပေးနိုင်အောင်
ငါ့ “ ခရစ်စမတ်” က
ခြောက်ကပ်လွန်းနေတယ်။

ငါလဲပဲ ဘာမှမရခဲ့ပါဘူး

ဒီအတိုင်းပဲနေခဲ့ပါ
ဆိုက်ပရပ်စ် ပင်ကြီးရယ်

အလွမ်းတွေနဲ့ နှစ်သစ်ကို
မကူးခင်
ကြယ်ရောင်စုံနေတဲ့
ဒီညလေးတော့
“Merry Christmas” လို့
ငါ သီကြူးပါရစေ။

သူငယ်ချင်းများအားလုံးသို့…

မိုးကြယ်

အိပ်မက်ခါး

ရင်ခုန်သံတိုင်းမှာ ခြေရာရှိတယ်ဆိုရင်
ငါ့နှလုံးသားပေါ်ခြေရာ
မင်းများရင်ခုန်ခဲ့တာလား

ပျိုးခဲ့ပြီးမှ မပန်ချင်ရင်
ဝေးခဲ့ပြီးမှတော့
မလွမ်းလောက်တော့ပါဘူး။ ။

အခါခါ
ဒီညတွေထဲ
ထပ်တလဲလဲနဲ့ ဒီအိပ်မက်တွေပဲ
ဝတ်ဆင်နေခဲ့ရတာ…
အိပ်စက်ဖို့တောင် ကြောက်လို့ နေပြီ။ ။

အဲဒီအိပ်မက်ခက်ခက်
ခြောက်နက်နက် တွေကြားက
ရုန်းထွက်ဖို့
မင်းလက်တဖက်တော့
ကမ်းလင့်ပါ။

မိုးကြယ်

Monday, December 3, 2007

ကဗျာ

ငါ့ဆီမှာပဲ ပေါက်ကွဲကြ…
ငါ့ဆီမှာပဲ ပျော်ရွှင်ကြ….
ငါ့ကိုပဲ သီကုံးကြ….
ပြီးတော့…
ငါ့ကိုပဲ သံစဉ်တပ်ပြီး…ဆိုငြီးကြ…တီးခတ်ကြ….
ငါဟာ..ခံစားချက်တွေရဲ့….
ဓားစာခံ…တယောက်များလား….

လူသားတွေရဲ့.. ကမ္ဘာကို
ငါရောက်တိုင်း….
ငါ့မှာ..မျက်ရည်တွေနဲ့..
ပေါက်ကွဲသံအစအနတွေကိုပဲ
ပန်ဆင်လာရတာများတယ်…

ဒါပေမယ့်လည်း..
ကမ္ဘာမြေမှာ…
လမင်းမှန်မှန်သာတယ်ဆိုရင်ပဲ
ပျော်ပါတယ်လေ….

ကိုနေ(၃.၁၂.၂၀၀၇) ည ၁၁:၃၇

Sunday, December 2, 2007

မ…လာရ

မင်းလက်ထဲကရေဆိုပြီး
သွန်လိုသွန် မှောက်လိုမှောက်တော့
မလုပ်လိုက်ပါနဲ့။

ရေပျော်ငါးတွေရှင်သန်ဖို့
“အိုင်” တစ်ခုတော့ဖြစ်ခွင့်ပေးပါ။

ဒါပေမဲ့
အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့
ဣတ္ထိယတွေမလာရလို့တော့
ဆိုင်းဘုတ်လေးတစ်ခုချိတ်ဆွဲ
ထားချင်တယ်။

မိုးကြယ်

တည်မြဲခြင်းရဲ့အခြားတဖက်

မနက်လင်းထဲက
ညမှောင်ဖို့ကိုဆုတောင်းနေခဲ့တာ
အမှောင်မှာ ရှင်သန်ချင်လွန်းလို့မဟုတ်ဘူး
အလင်းရဲ့ညှို့အားကို မခံနိုင်လွန်းလို့ပါ။

ပန်းတပွင့်အဖြစ်ဖူးပွင့်ခဲ့ချိန်ကတော့
ငါ့နားမှာ ပျားပိတုန်းတွေဝဲ၀ဲလည်လို့ပေါ့
ငါကြွေလွင့်ခဲ့ချိန်မှာတော့
နားခိုစရာမြေပြင်ကတောင်
ခြောက်သွေ့အက်ကွဲနေတယ်။

တိတ်တဆိတ်နဲ့ပဲ အထီးကျန်ရင်း
ဘုံဆိုင်ကို အဖော်ပြုလို့
ယမကာနဲ့စီးမျောနေတော့မယ်။

ဒီလိုနဲ့
ငါ့သရုပ်ငါပြန်သုံးသပ်ကြည့်တော့
နောင်တကိုနောင်မှာထားလို့
အမှားကို အမှန်ပြင်ဖို့ရာက
နောက်ကျ လွန်းနေပြီ။

ကျရှုံးခြင်းနဲ့အဆုံးသတ်ဖို့ကိုစောင့်စားနေရင်း
“သံဝေဂ” ဆိုတဲ့တရား
ငါ့နှလုံးသားမှာ ကိန်းဝပ်ခဲ့ပြီ။။။

မိုးကြယ်