Tuesday, September 30, 2008

ဓါးတစ်စင်း၏ဘာသာဗေဒ




ရိုးရိုးလေးပါပဲ
ဆောင်းမနက်ခင်းတိုင်းကို
ရင်ခုန်တတ်တဲ့ကောင်ပေါ့…

အတွေးနက်နက်တွေထဲ
ခဏခဏခြေချော်ကျ
အတိမ်းအစောင်းနဲ့
နိုးထခဲ့ရတဲ့ အိပ်ပျက်ညတွေလည်းများပေါ့။

အမေကပြောတယ်
နင်ကအိပ်မက်မက်ပြီး
လွမ်းနေတတ်တဲ့ကောင်တဲ့။

အခါ တစ်ရာ
အခါ တစ်ထောင်
အခါ တစ်သောင်း
ဘယ်လောက်ပဲမက်မက်
အဲ့ဒီ အိပ်မက်ကို ကျွန်တော်တက်မက်တယ်။

နတ်တို့ဖန်ဆင်းတဲ့ အလား
ကြွေရုပ်လွှာထက်
နှင်းဆီသွေးတို့ ယှက်ဖြာကျင်းချိန်
မိုးမခပန်းတွေကလည်း
အပြိုင်အဆိုင် ပွင့်ပေါ့။


အဲဒီ အိပ်မက်
လေပြေရဲ့ တစ်ဆုတ်တစ်ကြဲ
ရှိုက်သံနဲ့တင်ပဲ
အကြိမ်ကြိမ်လဲပေါ့….

နှုတ်ဖျားကကြွေကျ
ဂီတသံ တစ်ချို့တစ်ဝက်ကြောင့်ပဲ
နှလုံးသားလည်း နှုံးချိခဲ့ပေါ့…

အကြည့်တစ်ချက်၊ ညှို့တစ်စက်နဲ့ပဲ
စံပယ်တွေတစ်ရုံးရုံးကြွေကျ
အဲ့ဒိ ထဲကတစ်ပွင့်ဆိုရင်လည်း
ငါကျေနပ်ရဲ့…

ကောင်မလေးရေ
ငါဆိုတာက
ဓါးအိမ်မရှိတဲ့ ဓါးတစ်လက်
ပြီးတော့
ထိလွယ်ရှလွယ်ပါရဲ့….။

မိုးကြယ်

Sunday, September 28, 2008

မိုးခေါ်သံ

ချုံးချုံးကျနေတဲ့ည
ခခယယ တောင်းပန်မှ
လမင်းကို အန်ထုတ်ပေးတယ်..

အဲဒါကလည်း လှမ်းမြင်ရုံသက်သက်
ငါဆိုတာကလည်း
မီးစာကုန်နေတဲ့ ပိုးစုန်းကြူးတစ်ကောင်
(ဆီတော့မခမ်းသေး)

လမ်းထွက်လျှောက်မှ ခလုတ်မတိုက်မိအောင်
ခြေမကို သံခမေါက်စောင်းထားပြီး.
ဘာလို့ များ ခေါင်းမမော့နိုင်ရတာလည်း..

မျက်စိအခြင်းခြင်း စောင်းချိတ်ခံရတာတော့
ရင်နာတယ်..
သည်းကြိုးလည်းဖို့ ဆုံးဖြတ်ထားပြီးမှ
ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကိုလစ်လျှူရှုထားလိုက်…

မင်းပြောတဲ့ မနက်ဖြန်ဆိုတာ..
ငါ့မှာလည်းရှိတယ် ကွ။

မိုးကြယ်

Saturday, September 27, 2008

ဒီနေ့

အရူးကိုဘုံမြှောက်
မူးအောင်လို့ တိုက်ပြီး
ရင်ဖွင့်နေသလား….

မှားပါတယ် သူငယ်ချင်းရယ်….
အမှားပါရင် လဲ ခွင့်လွှတ်ပါ့မယ်….
စား သပြာ တော့ တပိုင်တနိုင်ပေါ့

သူသာလျှင်လူကောင်း
အဟောင်းအသစ်
အဖြစ်သနှစ်တို့ ခေါင်းညိတ်လို့ နားထောင်….
(လက်ဖက်ရည်လေးတောင်ကောင်းလိုက်တာ)

ကမ္ဘာကြီးမှာ နောက်ဆုံးအောင်စာရင်းထွက်ရင်
အိပ်စက်မယ်

ကိုနေ(26.09.2008)

ချိန်းတွေ့ ချိန်

ကောင်းကင်မှာ နေစောင်းနေတုန်း…
တပြုံးပြုံးနဲ့ ငါ့ကိုဘယ်သူကြည့်နေပါလိမ့်….

တောင်းတောင်းပန်ပန်ခယ
အလှအပမက်တဲ့ ညနေခင်း

သင်းသင်းလေးပဲ မွှေးချင်တယ်ကွယ်

ကိုနေ

Friday, September 26, 2008

အဓိပ္ဗါယ်ကင်းတဲ့ ည

မွန်းကြပ်တယ်။ အဲဒါတွေကအခုမှမဟုတ်ဘူး ကမ္ဘာဦးကထဲက….
အနက်ရောင်တွေကို အင်တိုက်အားတိုက်ကျုပ်မုန်းတီးပစ်လိုက်ချင်တာကြာပြီ။
မဟူရာရောင်ဆိုတာကိုကျုပ်တပ်အပ်သေခြာသိလိုက်တယ်။ အနက်ရောင်
ခြည်တစ်စလိုပဲ ခမ်မျဉ်းမျဉ်းနဲ့ ၊ ငှက်ဆိုးတွေပျော်စံရာအသူုရကယ်ဘုံပေါ့။
ကြည့်စမ်းဗျာ ဒုစရိုက်တွေကြူးလွန်ရာတစ်စပြင်တောင် ကျုပ်ရင်မှာခိုဖွဲ့
အိမ်သီနေပြီ။နက်ကြုတ်ကြုတ်ပင့်ကူတစ်ကောင် အနက်ရောင်ကွန်ယက်တွေနဲ့
ကျုပ်ကို ရစ်ပတ်ခြည်နှောင်ထားလိုက်ပုံများ၊ ဟိုးအဝေးက ခပ်ပျပျ အလင်း
အဆိုင် အခဲတစ်ချို့ကိုတော့ငတ်မွတ်မိပါရဲ့။ ရင်ခုန်သံတွေ၊ အသက်ရှုသံတွေ
ွပြင်းတယ် ကျုပ်အတွက်မြင်ကွင်းတွေကမှောင်မိုက်လှတယ်။ ကျုပ်အတွက်
တေးသံဆိုတာ ၀ံပုလွေတွေရဲ့ ခပ်မြေ့မြေ့အူသံတစ်ချို့တစ်လေပေါ့။ တစ်ခါ
တစ်လေ ခေါင်းလောင်းသံတစ်ချို့ ကြားရတယ်။ ခေါင်းလောင်းသံလို့ထင်ရ
တာပဲလေ။ ကျုပ်သိလိုက်တယ်၊ ကျုပ်ဒီအမှောင်ဝတ်ရုံကိုဘယ်လိုအားနဲ့မှခွာချ
လို့မရတော့၊ အဲဒါတွေကအခုမှမဟုတ်ဘူး ကမ္ဘာဦးကထဲက..
ကျုပ်ကိုယ်တိုင်ကလည်း ခမ်နွမ်းနွမ်းနုံချာချာညတစ်ညပေါ့။

မိုးကြယ်

Wednesday, September 24, 2008

လေအိုးကွဲများသို့

စက္ကူစွန်တွေကိုလေထဲပစ်မြှောက်
ဆပ်ပြာဗူဖောင်းလို
တဖုံးဖုံးနဲ့ ပစ်မှုတ်
အပြောကျယ်တဲ့ သူ့ပါးစပ်နဲ့..

ကောင်းကင်ထဲထိရောက်အောင်မှုတ်
စကားလုံးတွေဖောင်ဖွဲ့စရာမလို
ကြိုးသာနာနာကျစ်
ပြီး.. လွှတ်တင်ကွ
မှန်စာတော့တိုက်ထား
လေငြိမ်နေရင်တော့နားခွင့်ပြုဦး။

မှုတ်လိုက်စမ်း…
မင်းရဲ့ အပြောကျယ်လှတဲ့ ဟောဒီပါးစပ်နဲ့
မင်းကိုယ်တိုင်လေထဲမြောက်သွားမယ်
ဘယ်သူမှ မင်းကိုမမြှောက်ရပဲနဲ့

လွင့်လိုက်စမ်း လွင့်လိုက်စမ်းကွာ
ကိုယ့်လေကို ကိုး ကမ္ဘာ့ အပြင်ပဲရောက်ရောက်
ခန္ဓာကိုယ်ကို ဖောင်းကာကြွထား
ဗိုက်စာရင် လေကိုစား..
စိတ်သာချ
ကမ္ဘာမြေက မင်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားပေးမယ်။

………….
………………………
နောက်ဆက်တွဲ…………

အဲ့ဒီကောင်
ဗုံးလည်းခွဲတယ် အုန်းလည်းစွဲတယ်
သူ့အပြောတော့ ခတ္ထိယ
မခွဲခင်ထဲက ကွဲနေတဲ့ သူလေအိုးက…
ကောင်းကင်တော်မှာ အိပ်မယ်ဆိုတဲ့ကောင်
အဲ့ဒီကောင်
လေအိုးကွဲနေတဲ့ကောင်…

မိုးကြယ်

Saturday, September 20, 2008

ဂန္တ၀င်ပြဇာတ်

ကျုပ်ဟာအခင်းအကျင်းမကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပါ။
ဇာတ်အိမ်ကြီးသလောက်ဇာတ်ကောင်တော့မရှိသလောက်ပဲ။ လှလှပပ
တန်ဆာဆင်ထားတဲ့ စကားလုံးတွေနဲ့ဖာင်းကြွနေပေမဲ့ ဘာအနှစ်သာရမှမရှိဘူး။
ကျုပ်ဟာလူတွေကိုရယ်မောစေခဲ့တယ်။အသက်မပါစေခဲ့ဘူး။
ကျုပ်ဟာလူတွေကို ငိုကြွေးစေခဲ့တယ်။ အသက်မပါစေခဲ့ဘူး။
အတ္တကြီးခြင်း၊ ခက်ထန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းတွေဟာကျုပ်ရဲ့
ပေါများလှတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေပဲဆိုရင် ကျုပ်ဟာဇာတ်လမ်း
အမျိုးမျိုးခင်းပြီးကပြခဲ့တာလည်းအကြိမ်ပေါင်းမနည်းဘူး။
ကျုပ်ဟာခံစားချက်ကင်းမဲ့တယ်။
ကျုပ်ဟာပေါ့ပေါ့တန်တန်ပဲ လေးနက်မှုတွေကိုပလပ်ထားတယ်။
ဒါပေမဲ့ အလိုက်အထိုက်နေတတ်တဲ့ လောကကြီးမှာ
ကျုပ်ဟာလူအများရဲ့ပါးစပ်ဖျားမှာရေပန်းစားနေစဲပဲ။
ပြီးတော့ ကျုပ်ဟာ ဂန္တ၀င်မြောက်ပြဇာတ်တစ်ပုဒ်လည်းဖြစ်တယ်။

မိုးကြယ်

Friday, September 19, 2008

ကမ္ဘာမြေသို့နှုတ်ဆက်ခြင်း

ပြုံးရယ်ပါ
လက်တစ်ဖက်ကိုဝှေ့ယမ်းပါ
ငြိမ်းအေးပါစေ
ငါတို့အိမ်ပြန်ကြစို့
သန်းခေါင်ယံကို ထုပ်ပိုးပြီးယူသွားပါ
ငိုက်မြီးချင်းတွေရဲ့အဆုံးမှာ
အိပ်ပျော်ခြင်းကို
နှစ်ခြိုက်စွာရှာဖွေတွေ့ရှိပါစေ။
……………
…………………..
ကျေးဇူးပါ သူငယ်ချင်း
တစ်ညစာအတွက်တော့
ငါ့မှာ အိပ်မက်တွေ
လုံလုံလောက်လောက်ရှိပါတယ်။။

မိုးကြယ်

Wednesday, September 17, 2008

ဒီဇင်ဘာ

စရွေးမကိုက်တဲ့
ပြူတင်းတစ်ပေါက်
ဖြတ်လာတဲ့ အလင်းရောင်က
ခပ်ကောက်ကောက်
ငါ့အခန်းမှာပါ ။

မျက်နှာကိုတွန့် လိမ်ပြီး
ငါ့ကို ပြုံးပြစမ်းပါ..
ပြို့ တက်နေတဲ့ ရင်ဘတ်
ကာရံအဆက်အစပ်ကို
မင်းအတွက်ကုတ်အင်္ကျီ
တစ်ထည်တော့ ရတန်ကောင်းပါရဲ့  ။

ရူးသွပ်တဲ့ လေနဲ့ ဆောင်း
အသက်ငင်နေတဲ့လမ်းသွယ်တွေ
အမြင်မကြည်တဲ့ မျက်မှန်တစ်စုံနဲ့ 
အို... သဘာဝ...
သင်ကို ငါတို့ ကြိုဆိုပါ အံ့ ။ ။

အငယ်လေး

Tuesday, September 16, 2008

အဆိပ်သင့်ဖူးတဲ့ ညနေ

ကျနော့်လက်ထဲက လက်ဖက်ဇွန်းလေး အရမ်းကို ပေါ့ နေပါလား….
ငြုပ်သီးစိမ်း ကလဲ ပူရှရှပဲ ဖြစ်သွားတယ်…..

“ညီလေးရေ..လန်ဒန်တပွဲလောက်ကွာ…”

အချိန်က ညနေ ၆ သာသာ…

ဆိုင်နာမည် က “လရိပ်” … ဘေးနားမှာ စာရင်းကိုင် ရုံးချုပ် ကြီးက အိုကြီးအိုမနဲ့ နွေတညနေရဲ့  ပူလောင်မှု ကိုသူ့ ခြံဝင်း ထဲ က..အပင်ကြီးတွေ ရဲ့  လောင်းရိပ်ကိုခိုလျက် အိုက်စပ်စပ်နဲ့ ငိုက်မြီးနေစဲ….

ကူရှင်ကျောင်းက နာရီစင်အိုကြီးကတော့ အငြိမ်းစား ယူသွားတာ ကြာပေါ့….

ကျနော့် စိတ်တွေက လေထဲ ရောက်နေသလို….ဟိုလိုလို ဒီလိုလို……

နှု တ်ခမ်းဖျား က စီးကရက်ကို မီးတောက် လောင်မြိုက် အပြီး… ရှိုက်သွင်းလိုက်တော့…နှလုံးသားထဲ အထိ…..

ရေနွေးကြမ်းတခွက် မော့သောက်လိုက်တော့… လေအလျင်လား… ငလျင်များလား…
ကျနော့်သွေးကြောတွေကို ပုတ်ခတ် လှုပ်နိုးသွား ကြတယ်

အိုးဟိုးဟိုး…စိတ်တွေ သိပ်ပေါ့ပါးနေပါလား….

ကျနော့်လက် ထဲက စီးကရက် ခပ်ပြင်းပြင်းကတောင် အရာမထင်…

ညနေခင်းကတော့ ကျနော့်အထင် အရောင် ပြင်းပြင်းနဲ့ တောက်ပ လျက်…..

ကိုနေ(၁၆.၀၉.၂၀၀၈)

အနက်ပျောက်ကဗျာများ

ရည်မှန်းချက်တွေပြန်ပေးပါ…
မင်းတို့ လုယူသွားတဲ့ မနက်တွေကို….

အမှောင်ထဲ မှာ နက်နေတဲ့ ညများ…
မှားပြီးရင်းမှား လဲ မငဲ့နိုင်တော့….

တို့ ရဲ့ ဘ၀ကဘာလဲ…
အလဲလဲ အပြိုပြို နဲ့
ဟိုမှာ ကဝေအိုတွေများလား

ဟိုဖက်ကမ်းက ဟားတိုက်ရယ်သံ..
တို့ က မပိုင်တော့…မော့လို့သာကြည့်နေ့မယ်
ကောင်းကင်ပျိုရယ်….

ကိုနေ(၁၀.၀၉.၀၈)

Saturday, September 13, 2008

တွင်းနက်

ကျုပ်ရောက်နေခဲ့တာကြာပြီ။ ကြာပြီလို့ပဲပြောရမှာပေါ့။
လင်းလက်နေတဲ့ကြယ်တွေရယ်။ ငွေရောင်လွှမ်းနေတဲ့
လမင်းကြီးရယ်ကိုကျုပ်ကြည့်ချင်နေတာ ကြာလှပြီပေါ့။
ဟိုမှာက ခြောက်သွေ့တယ်။ လမသာဘူး။ ပြီးတော့
ပန်းတွေလည်းမပွင့်ကြဘူး။ နှင်းဆီတော့ပွင့်တယ်။
ဒါလည်းသူတို့အပြောလေ။ သေခြာခင်းကျင်းပြတာမှ
မဟုတ်တာ။ ကျုပ်ထင်တယ်အနီရောင်၊ သွေးရောင်။
သွေးလို့ပြောရင်ရတဲ့အရောင်။ ဆူးတွေကတော့အများ
သား၊ အပွင့်ကတစ်ပွင့်ထဲ။

ကျုပ်နဲ့ကျုပ်မွေးထားတဲ့ခွေးတစ်ကောင် ဒီနေရာကိုရောက်
နေတာ။ဒီမှာကလေတိုက်တယ်။ အရှေ့လေလား၊
အနောက်လေလား၊ တောင်လေလား၊ မြောက်လေလား
ဘာမှမသိရဘူး။ ကျုပ်အထင်တော့ အပေါ်ကနေအောက်
ကိုစုန်ဆင်းလာတဲ့လေ။ သူ့ရှိမှာဖိအားတွေသိပ်များတယ်။
အဲဒီလေကြောင့်ပဲကျုပ်အကြိမ်ကြိမ်ကြိုးစားသမျှ အချည်း
အနှီးဖြစ်ရတာကြီးပဲလို့ကျုပ်ထင်တယ်။ ကျုပ်ခွေးကတော့
ဘာမှမသိရှာဘူး။ ကျုပ်အပေါ်ကိုမော့ကြည့်တော့ တိမ်တွေ
ပြေးလွှားနေတယ်။ ထိပ်ဝကျဉ်းပြီး၊ အောက်ခြေကျယ်တဲ့
တွင်းတစ်တွင်း ထဲမှာ စွတ်စိုမှုတွေသိပ်များနေတယ်။
ကျုပ်ကအဲဒီတွင်းထဲမှာပေါ့။ ကျုပ်အပေါ်ကိုတက်မယ်၊
ကျုပ်လွပ်မြောက်ချင်တယ်။ ဒါပေမဲ့ ကျုပ်ကြိုးစားတိုင်း
မအောင်မြင်ခဲ့ဘူး။ ဒီအောက်ခြေကျယ်တဲ့တွင်းထဲမှာက
လောဘ၊ ဒေါသ၊ အတ္တတွေ၊ မာန်မာနတွေနဲ့ကျပ်သိပ်
နေတာ။ အသက်ရှူတာတောင်မ၀ဘူး၊ ဒါကိုတော့ကျုပ်
ရဲ့ခွေးကမသိရှာဘူး။ ဒီကောင်ကဒီတွင်းကိုပဲသဘောကျ
နေတာ။ ကျုပ်အခုလာတာလည်းနောက်တစ်ကြိမ်ကြိုးစား
ချင်လို့ပါ။ မရမှန်းသိပေမဲ့ ကျုပ်ကြိုးစားကြည့်ချင်သေး
တယ်။

ကျုပ်ထိုင်ရာကမထခင်လေးမှာပဲ ကျုပ်အနားကိုခလေး
တစ်ယေက် ရောက်လာတယ်။ ကျုပ်သူ့ကိုမေးလိုက်တယ်
'ဘာလာလုပ်နေတာလဲ။'
'သားလည်းကြယ်တွေကိုကြည့်ချင်လို့ပါ။ ဦးဦးကောဒီ
ထဲကထွက်မလို့လား။'

'ဟုတ်တယ်။ ထွက်မလို့၊'
ကျုပ်ဒုံးတိတိပဲပြန်ဖြေလိုက်တယ်။
ခလေးဆိုတာကလည်းစူးစမ်းချင်စိတ်တော့ရှိသား။
'သားလည်းထွက်ကြည့်ချင်တယ်။ သားကငယ်သေးတော့
ထွက်လို့မရဘူး။ သားကတစ်ဖြည်းဖြည်းကြီးလာမှာ …
တစ်ချိန်မှာဦးတို့အရွယ်ရောက်ရင် သားဒီကနေထွက်လို့
ရအောင်ကြိုးစားမှာပေါ့။'

ဟုတ်တယ် ခလေး မင်းကြိုးစားသင့်တယ်။ ဒါပေမဲ့သင်ယူ
ဖို့လည်းလိုတယ်။ မင်းကတစ်ချိန်မှာငါ့အရွယ်ရောက်မယ်။
အဲဒီအချိန်မှာငါက တော်တော်အိုစာနေပြီ။
မင်းငါ့အရွယ်ရောက်တဲ့အချိန် ဒီတွင်းထဲကထွက်ဖို့
ကြိုးစာနေတဲ့အချိန်။ အဲ့ဒီအချိန် ငါကကော အပြင်ရောက်
နေပြီလား။ ဒါမှမဟုတ်ဒီတွင်းထဲမှာပဲ နစ်မြှုပ်နေဦးမှာလား။

ကျုပ်စဉ်းစားနေတယ်။ သေခြာတယ် ငြိမ်းချမ်းခြင်းဟာပန်း
တွေပွင့်တဲ့နေရာကနေ လှမ်းလာမယ်။ ပြီးရင်ကျုပ်ကိုသယ်
ဆောင်သွားမယ်။ မသေခြာတာကတော့ ကျုပ်ဒီတွင်းထဲက
နေလွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာပဲ။

မိုးကြယ်

Thursday, September 11, 2008

သေဖို့(၁၀)ရ၀ာ်သာလိုတော့သည်။

ညီမလေး သွန်းသွန်းက တက်ထားတော့လည်းရေးရပေမပေါ့။
ရေးသာရေးရမှာ နည်းနည်းတော့ကျောချမ်းသဗျ။ ဘာပဲဖြစ်ဖြစ်ရေးပြီဗျာ။


(၁၀)ရက်အလို > သူငယ်ချင်းတွေကိုနှုတ်ဆက်မယ်။ Johnnie Walker
ကိုစီးရီးလိုက် သောက်ပစ်လိုက်မယ်။ ဘာရမလဲ။ သောက်နေရင်းနဲ့ ကိုယ်လုပ်ခဲ့
တဲ့ မကောင်းမှု၊ ကောင်းမှုတွေကိုပြန်သုံးသပ်မယ်။

(၉)ရက်အလို > ဇောချွေးနည်းနည်းပြန်လာပြီ။ နောက်(၉ )ရက်နေရင်
သေတော့မှာဆိုတော့ အခုကထဲက အိပ်ဆေးတွေသောက်လိုက်မယ်။
(၁၀)ရက်ကျော်သွားတော့လည်း မနိုးသောအိပ်ချင်းပေါ့။ သေတာတောင်သိလိုက်
မည်မထင်။

(၈)ရက်အလို > ၀ါး… မိုးလင်းနေပြီ။ အိပ်ဆေးအတုမိသွားတယ်။
ကဲကာင်းရော..အလုပ်သွားဖို့ပြင်ဆင်တော့။ ဘ၀ဆိုတဲ့ ဒုက္ခတွင်းကြီးထဲ
ကိုဆင်းရပြန်ပေါ့။

(၇)ရက်အလို > အလုပ်နဲ့လက်မပျက်ဆိုတော့ သေမှာကိုတောင်မေ့နေတယ်။
လောကကြီးကဒီလိုပါပဲ တစ်ခါတစ်လေကျတော့လည်းကိုယ့်ဘက်ကရပ်တည်
ပေးတယ်။ သတိရမိချိန်တော့ ချွေးနည်းနည်းစို့လာသလိုပဲ။

(၆)ရက်အလို > ငရဲမင်းကပြောတယ် ငရဲပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမယ်တဲ့။
သိကြားမင်း က နတ်ပြည်မှာ နိုင်ငံသားခံယူခွင့်ပေးမယ်တဲ့။ ဘယ်ကိုရွေးရမလဲ။
အဆောက်အဦးကောင်းကောင်းတွေရှိတဲ့ နတ်ပြည်လား၊
အပေါင်းအသင်းတောင့်တဲ့ ငရဲပြည်လား။

(၅)ရက်အလို > ဗေဒင်ဆရာဆီသွားမယ်။ သေတာတော့သေမှာပဲ ဒါပေမဲ့
သေဖို့ရက်ကလေးနောက်နည်းနည်းဆုတ်သွားအောင် ယတယျာတောင်းမယ်။

(၄)ရက်အလို > ချစ်သူက shopping သွာမယ်တဲ့။ ယတယျာတောင် မခြေလိုက်
ရ။

(၃)ရက်အလို > ရစရာရှတဲ့အကြွေးတွေလိုက်တောင်းမယ်။ ပေးစရာရှိတာတွေ
နောက်ဘ၀မှဆပ်မယ်။

(၂)ရက်အလို > ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမယ်။ စားရမလိုလို သောက်
ရမလိုလို ဖြစ်နေမယ်။ ဘာတွေများပြင်ဆင်စရာကျန်သေးလည်းလို့တွေးနေမယ်။
ဘယ်သူ့ကိုများနှုတ်ဆက်စရာကျန်သေးလည်း ဆိုပြီး မသေခင်ပြုစုထားတဲ့
နှုတ်ဆက်ရန်လူများ စာရင်းကို ကြည့်နေမယ်။ နာရေးကြော်ငြာကိုဘယ်လိုလှ
အောင်ရေးရမလဲလို့တွေးနေမယ်။ ဟိုလူ့ကိုစိတ်ပူမယ်။ ဒီလူ့ကိုစိတ်မချဖြစ်
နေမယ်။ တစ်ယောက်ထဲပျာယာခတ်နေမယ်။ အဲဒီလိုနဲ့

(ဒီနေ့) > ဟာဒီနေ့ဘာနေ့လဲ ပြက္ခဒိန်ကြည့်မှပဲ… ဟိုက်
သေပြီဆရာ။။

ကျွန်တော်ရေးတယ်လို့မထင်ဘဲ လူထဲကလူတစ်ယောက် သာမာန်အတွေးအခေါ်
နဲ့ရေးတယ်လို့ နားလည်ပြီး ခံစားပေးပါ။
ကဲကျွန်တော်လည်းပြန်တက်လိုက်ဦးမယ်…

ကဗျာတွေကိုချစ်တဲ့ ညီမလေးခေးရော့ဇ်
ကိုကဒေါင်းကြီး
ကိုမိုးမောင်(Happy Cloud)
အိပ်မက်တွေကို ကန်ထရိုက်ဆွဲထားတယ်ဆိုတဲ့ September Dream

စောင့်မျှော်ဖတ်ရှုနေပါ့မယ်။

မိုးကြယ်

Wednesday, September 10, 2008

သည်းခံနိဗ္ဗာန်ရောက် သို့သော်.............

သည်းခံမှုဆိုတဲ့ Post လေးတင်အပြီးမှာပဲ သည်းခံမှုမှာ Limit ရှိတဲ့အကြောင်းလေးကိုသတိရမိတာလေးပါဆက်တင်လိုက်ပါတယ်။
တချို့လည်း ကျနော်အခုတင်ပြမယ့်အကြောင်းလေးကို ကြားဖူးနားဝတော့ရှိကြမှာပါ၊ မကြားဖူးသေးတဲ့သူများအတွက်တော့ဗဟုသုတပေါ့။
ကျနော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီးဒီးဒုတ်ဦးဘချိုက နိုင်ငံရေးတရားပွဲတွေမှာ မကြာမကြာပြောတတ်တယ်ဆိုတဲ့
ပုံပြင်လေးပါ၊ တမျိုးသားလုံးကို ဆရာကြီးက နိုင်ငံရေးအမြင်တွေနိုးကြွလာစေဖို့ ဒီပုံပြင်လေးနဲ့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာပါ။
...တစ်ခါတုန်းက စာတတ်ပေတတ် နိုင်ငံကျော်ဓမ္မကထိကဆရာကြီးတစ်ဦးရှိခဲ့ပါတယ်။ စာကလည်းတတ် အဟောအပြောကလည်းကောင်းလေ
တော့ သူ့တရားပွဲဆိုရင် လူကြီး လူငယ် အရွယ်မရွေး ကြိတ်ကြိတ်တိုး အားပေးကြတာပေါ့။ အဲဒီဓမ္မကထိကဆရာကြီးက သူ့တရားပွဲတိုင်းမှာ
မဖြစ်မနေထည့်ဟောတတ်တာက သည်းခံမှုအကြောင်းပဲ၊ သည်းခံလျင် နိဗ္ဗာန်ရောက်နိုင်ကြောင်း ဇာတက၊ ဓမ္မပဒ၊ မဟာဝင်၊ ရာဇ၀င်တွေ
အကိုးအကားတွေနဲ့ကိုဟောတာပေါ့ဗျာ။ နောက်ဆုံးမှာသူက “...ခင်ဗျားတို့ကို ကျုပ်ကအပြောနဲ့ပြောနေတာမဟုတ်ဘူး..လက်တွေ့ပါပြနိုင်တယ်
ကျုပ်အိမ်ရှေ့မှာဆို သည်းခံနိဗ္ဗာန်ရောက် ဆိုတဲ့ ဆိုင်းဘုတ်ပါချိတ်ထားတာ၊ မယုံရင်ကျုပ်အိမ်ရှေ့ရောက်ရင်ကြည့်ကြ.....”လို့ အမြဲပြောတယ်။
တကယ်လည်း သူ့တရားနာ ပရိတ်သတ်ကသူ့အိမ်ရှေ့ရောက်ခဲ့လို့ ကြည့်မိရင် ခြံတံခါးမှာ သည်းခံနိဗ္ဗာန်ရောက် ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့ကြရ
တယ်။ ...သြော်..ဆရာကြီးကအပြောတင် မဟုတ်ဘူး၊ တကယ်လက်တွေပါ ကျင့်သုံးနေတာပါလား...လို့ ချီးကျူးကြတာပေါ့ဗျာ။
တခါတော့ ဆရာကြီးအိမ်နားမှာ ရပ်ကွက်ထဲက ကလေးတွေဘောလုံးကစားကြရင်းက ဓမ္မကထိကဆရာကြီးအိမ်က ပြတင်းတံခါးမှန်တွေလည်းကွဲ၊
အိမ်ထဲမှာရှိတဲ့ ဆရာကြီးနဖူးတောင် ဘောလုံးကတက်မှန်လေတော့၊ ဒေါသဖြစ်ဖြစ်နဲ့ မခံမရပ်နိုင်ဖြစ်တော့တာပေါ့ဗျာ။
အဲဒီမှာတင် ဓမ္မကထိကဆရာကြီးလည်း သူ့အိမ်ရှေ့ကဆိုင်းဘုတ်မှာ စာသားဖြည့်စွက်လိုက်ပါတယ်။ နောက်နေ့တွေမှာ အဲဒီဓမ္မကထိကဆရာကြီး
အိမ်ရှေ့ကဖြတ်လျှောက်သွားတဲ့ သူတွေကတော့ ဆိုင်းဘုတ်ကိုကြည့်ပြီး ပြုံးစိ ပြုံးစိ ဖြစ်ကုန်ကြတော့တာပေါ့။ ဆိုင်းဘုတ်မှာပြင်ရေးလိုက်တာက..
“သည်းခံနိဗ္ဗာန်ရောက် သို့သော် ခံသင့်မှခံရမည်”

သုစံ

ကျွန်တော့်အကြောင်း

ကျွန်တော့်အမည် ---------- မိုးကြယ်

ကျွန်တော့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- ဗိုလ်ဗိုလ်၊ သားဗိုလ်၊
ကိုဗိုလ်

ကိုယ်ဒီမှာနေတယ် ---------- ဇဗ္ဗူဒီပါ လက်ယျာတောင်ကျွန်း

ကိုယ့်ဆီဖုန်းဆက်ချင်ရင်---------- လူကြီးမင်းခေါ်ဆိုသောဖုန်းသည်
ဆက်သွယ် မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ
ခင်ဗျာ..

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-

အရောင်ဆိုရင် ---------- CMYK and RGB အခုတော့ Pantone

အ၀တ်အစားဆိုရင် --------Levis ဆိုအကုန်ကြိုက်၊ Converse လည်းကြိုက် တယ်။

အစားအစာဆိုရင် --------- အမေချက်ကြွေးတဲ့ ဘဲဥဆီပြန်ဟင်း နဲ့ ငါးပိရည်

ပစ္စည်းဆိုရင် ---------- Apple Products. တွေဗျ

သီချင်းဆိုရင် ---------- ကိုယ်တို့က Rocker တွေလေ၊ Rock ဂီတ

စာရေးဆရာ ---------- ဖရန့်(ဇ)ကာ(ဖ)ကာ၊ အဲ(လ)ဘတ်ကမူး၊
တာယာမင်းဝေ၊ မောင်ထွန်းသူ၊ ထင်လင်း၊ မြသန်းတင့်

စာအုပ် ----------- ကိုယ့်ကိုကိုယ်နှစ်မြှုပ်လို့ရသမျှ အကုန်ကြိုက်တယ်

Life style ---------- ရိုးရိုးသားသားနဲ့ပဲကြိုးစားတယ်။ စေတနာလည်း
ထားပါတယ်။

ကိုယ့်ရဲ့ဝါသနာ ----------စာရေးတယ်၊ ကဗျာရေးတယ်။ Design တွေလည်း
ဆွဲတယ်။ တစ်ခါတစ်လေ ပန်းချီဆွဲတယ်။

အလိုချင်ဆုံးလက်ဆောင်----------အိပ်မက်တွေကို ကိုယ်တိုင်ထုဆစ်
ချင်တယ်။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- ၅၂၈ ဆို အဖေနဲ့အမေ ၊ ၁၅၀၀ ဆို
ရင်တော့ ကျွန်တော့်ရဲ့ နတ်ဘုရားမလေးပေါ့

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဗုဒ္ဓ

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- ကျွန်တော့်အစ်ကို။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကျွန်တော့်ရဲ့ နတ်ဘုရားမလေးပါပဲ

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- ကိုယ့်ကိုကိုယ် ဘာမှန်းမသိသေးသူများ

ရင်အခုန်ဆုံးအချိန်---------- ငယ်ငယ်တုန်းက ကျောင်းကား တစ်စင်းလုံးကို ခွေးလယားသီးနဲု့ သုတ်တဲ့ချိန်။ ဘယ်သူမှသိအောင်လုပ်ရတာကို။

အကြောက်ဆုံးအချိန် ----------တစ်ယောက်ထဲ အထီးကျန်ဖြစ်သွားမဲ့
အချိန်။

အပျော်ဆုံးအချိန် ---------- လမ်းစလျှောက်တတ်တဲ့အချိန်။

အမှတ်တရနေ့ ---------- ကျွန်တော့်ကိုမွေးတဲ့နေ့

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- အကြွေးတွေ
မြန်မြန်ကျေပါစေ။(ကြွေးဟောင်း၊ ကြွေးသစ်)

အချစ်ဆိုတာ ----------ရယူချင်းမှမဟုတ်ပဲ မဏိစန္ဒာ (စတာ)
ယခုထက်ထိတူးဆွနေစဲပဲ။

အမုန်းဆိုတာ----------အလိုမရှိ။

အလွမ်းဆိုတာ---------- တမြေ့မြေ့လောင်တဲ့မီး(ဖွဲမီး)

သံယောဇဉ်ဆိုတာ---------- ကြိုးလို့ပြောကြတာပဲ။

ဘ၀ဆိုတာ ---------- ကိုယ့်ရဲ့ရွေးချယ်မှု။

သူငယ်ချင်းဆိုတာ ---------- ကိုယ်နဲ့ ကျောချင်းကပ်တဲ့သူ။

ချစ်သူဆိုတာ ---------- တော်တော်ဆိုးတဲ့ကောင်မလေး။ ချစ်ဖို့တော့
ကောင်းသဗျာ။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်--------- ရုပ်ချော၊ သဘောကောင်း :P

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- I am thinking, therefore I am
ငါတွေးနေသည်၊ အဲဒါကြောင့်ငါရှိသည်။

အပြောချင်ဆုံးစကားတစ်ခွန်း ---------- ငါ၏မနက်ခင်းတိုင်း နေသာရမည်ဟု
မသတ်မှတ်သင့်။

ကျွန်တော်တို့၏ညီမလေးခေးရော့စ်မှတက်ထား၍ကျွန်တော်တို့လည်းတက်ပြီးပါပြီ။ MrDBA, မစ်(စ)သွန်းသွန်း နဲ့ ကိုကျော်ကြီး(ကျော်ဇေယျ)တို့ကို ပြန်တက်လိုက်ပါတယ်။ ရေးပေးကြမယ်လို့ထင်ပါတယ်။

မိုးကြယ်။

ကျနော့် အကြောင်း

ကိုယ့်ရဲ့နာမည် -- ကိုနေ

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ---------- ဖိုးဖိုး ၊ အဖိုးကြီး ၊ သားကြီး

ကိုယ်ဒီမှာနေတယ် --- မလေးပင်နီဆူးလားရဲ့ တောင်ဖက်စွန်းကကျွန်းလေးတကျွန်းမှာ

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---- တလကိုတစောင်ပုံမှန်တင်နေတာပဲ..ခက်တယ်…

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက --- အကောင်း

အရောင်ဆိုရင် ---------- ကြည့်ကောင်းသော

အ၀တ်အစားဆိုရင် ---------- ကောင်းသော

အစားအစာဆိုရင် ---------- ဂုံးကောင် ၊ ပုဇွန် ၊ ငါး (ကြက်နဲ့ ၀က်က ရံဖန်ရံခါကြိုက်ပါသည်။)

ပစ္စည်းဆိုရင် ---------- ကောင်းသော

သီချင်းဆိုရင် ---------- နားထဲဝင်သမျှ

စာရေးဆရာ ---------- ဖတ်လို့ ကောင်းသော

စာအုပ် ----------- ပေါ့ပေါ့ပါးပါး (လောလောဆယ် ရုန်းကန်နေရတော့ အုံးမစားချင်သေးဘူး)
Life style ---------- တိုက်ပွဲတွေ ပြင်းထန်နေတယ် (လောလောဆယ်)

ကိုယ့်ရဲ့ဝါသနာ ---------- ကိုယ်ပိုင်ဖန်တီးမှု

အလိုချင်ဆုံးလက်ဆောင် ---------- အများကြီးပဲ(လက်ဆောင်ရယ်လို့ မမျှော်လင့်ပါဘူးလေ…)
ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- ချစ်သင့်သူအားလုံး

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ထိုက်တန်သူ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- ခင်သင့်သော သူငယ်ချင်း (ဓါး..မကိုင်တတ်သော)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- မိဘနှင့်ချစ်သူ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- ပြောကိုမပြောချင်ဘူး…
ရင်အခုန်ဆုံးအချိန်---------- မသိ
အကြောက်ဆုံးအချိန် ---------- တော်တော်များသည်

အပျော်ဆုံးအချိန် ---------- မသိသေး

အမှတ်တရနေ့ ---------- September 21

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- အားလုံးရေစုန်မျောလိုက်ပြီ
အချစ်ဆိုတာ ---------- သူ့  ရဲ့  အနှစ်က ဘာလဲ? များသောအားဖြင့် အပူလောင်စေသည်။

အမုန်းဆိုတာ---------- အချစ်ရဲ့ ဆန့်ကျင်ဘက် (ဒုက္ခ မပေးဘူး ဟုမဆိုလိုပါ) … ထင်သလို ဘာသာပြန်နိုင်သည်။

အလွမ်းဆိုတာ---------- အချစ်ရဲ့  နောက်လိုက်
သံယောဇဉ်ဆိုတာ---------- ဘာပါလိမ့်။

ဘ၀ဆိုတာ ---------- ယ်လို င်္ကပါ ကြီးပါလိမ့်…..

သူငယ်ချင်းဆိုတာ ---------- သူငယ်ချင်းပါ…

ချစ်သူဆိုတာ ---------- ချစ်သူ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ---------- ဆိုးသည်။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က --------- ၀ီကီတွင် ရှာနေသည်။

အပြောချင်ဆုံးစကားတစ်ခွန်း ---------- လက်ညောင်းလှပြီ…အိပ်တော့မယ်နော် သန်းခေါင်ကျော်နေပြီ….ကောင်းသောညပါ

ကဲ…chaos ရေ ရေးလိုက်ပါပြီ ခင်ဗျာ….. :)

ကိုနေ

Tuesday, September 9, 2008

သည်းခံမှု

တစ်ခါတော့ ကျနော်တို့ သတ္တလောကကြီးမှာ အဖိုနဲ့ အမ ဘယ်သူက သည်းခံနိုင်မှုစွမ်းရည်ပိုမြင့်သလဲဆိုတာစဉ်းစားကြည့်မိတယ်။
စဉ်းစားမိတဲ့အတိုင်း ကျနော်က သူငယ်ချင်းထုထဲ ချပြကြည့်တော့ ငြင်းခုန်စရာလေးတစ်ခုတော့ရသွားတာပေါ့ဗျာ..၊
အငြင်းအခုန်သမားတွေ လေသံတွေကျယ်ကျယ်လာတဲ့အချိန်မှာတော့ ကျနော်က..အကြောင်းသင့်တဲ့တစ်နေ့ လက်တွေ့စမ်းသပ်ကြည့်
ကြတာပေါ့...လို့ ခဏဘရိတ်ဝင်အုပ်ပေးလိုက်ပါတယ်။
အကြောင်းသင့်တဲ့တစ်နေ့ဟာ.. ကျနော်တို့ သူငယ်ချင်းအုပ်စု(အရမ်းချစ်ကြတဲ့သူတွေက Monkey Group လို့ခေါ်ပါတယ်) ကျောင်းကင်န်တင်းမှာထိုင်နေကြချိန်မှာပေါ့။
ကျနော်တို့က ချစ်စနိုးနဲ့ မကြီးစမ်းလို့ခေါ်တဲ့ အစ်မကြီးဆိုင်ထဲဝင်လာပါတယ်၊ အစ်မကြီးက အရမ်းကိုသဘောထားပြည့်ဝပြီး၊ လူတစ်ဖက်သားကိုလည်း
တတ်နိုင်သမျှကူညီနေတဲ့သူပါ၊ ကျနော်တို့ရွယ်တူသူငယ်ချင်းတွေထက် (၄)နှစ်လောက် အသက်ပိုကြီးပါတယ်။ သူ့ကို ကျနော်တို့အားလုံးက ချစ်ကြရိုသေကြတယ်၊
သူကအဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ Master တန်းတက်နေရင်းက ဒီဘက်ကကျောင်းကိုလည်းလာတက်နေတာ..။
သူ့ခမျာ အချိန်စာရင်းကွက်တိနဲ့ လှုပ်ရှားနေရသူပေါ့ ဒီကျောင်းပြီးရင် ဟိုကျောင်း၊ ဟိုကျောင်းပြီးရင် ဒီပြင့်ကျောင်းနဲ့ သူ့ကြည့်ရတာနဲ့တင်မောလှပါတယ်။
အဲဒီ မကြီးစမ်းက ကျနော်တို့ ဘေးက စားပွဲမှာဝင်ထိုင်ပြီး စားရင်းသောက်ရင်း ကျနော်တို့နဲ့စကားတွေပြောနေတယ်။
ကျနော်တို့ စားပွဲရဲ့မလှမ်းမကမ်းမှာတော့ ကိုတိုးးကြီးလို့ခေါ်တဲ့ အကိုကြီးလည်းရှိနေတယ် သူကလည်းသူ့ကောင်မလေးနဲ့ အတူထိုင်ပြီး လဘက်ရည်သောက်နေကြတယ်။
ကိုတိုးကြီးလည်း ကျနော်တို့ထက်(၅)နှစ်လောက် အသက်ပိုကြီးတယ်၊ ဘွဲ့တခုရပြီး နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေရာကနေ ပြန်လာပြီး ကျောင်းပြန်တက်နေတာပါ။
(အကြောင်းသင့်ခဲ့ရင် ကိုတိုးကြီးနဲ့ သူ၏သူငယ်ချင်းများ ဆိုတဲ့ဇာတ်လမ်းတစ်ပုဒ်ရေးချင်ပါတယ်၊ လုံးချင်းထုတ်ပြီး ရုပ်ရှင်ရိုက်လို့ရမယ့် အနေအထားမှာရှိနေလို့
အချိန်ယူပြီးပြင်ဆင်နေပါတယ်)
ခဏနေတော့ မကြီးစမ်းက ထိုင်နေရာကနေ ..ငါဟိုဘက်ကျောင်းသွားရတော့မယ်...ဆိုပြီး လွယ်အိတ်လေးလွယ်ပြီးဆိုင်ထဲကထွက်ပါတယ်၊ ကျနော်က အဲဒီအချိန်မှာ
“အမကြီး သွားတော့မလို့လား” လို့ လှမ်းအော်မေးလိုက်တော့၊ သူက အေး..သွားပြီဟေ့ လို့ပြောပြီးထွက်သွားပါတယ်။ ကျနော်မေးလိုက်တဲ့ အသံကကျယ်သွားပြီး၊
မကြီးစမ်း ပြန်ဖြေတဲ့အသံကလည်း ခပ်ကျယ်ကျယ်ပါပဲ၊
မရှေးမနှောင်းမှာပဲ ကိုတိုးကြီးလည်း ထိုင်ရာကနေထပြီး ဆိုင်အပြင်ကိုထွက်လာပါတယ်၊ ကျနော်က စောစောက မကြီးစမ်းကို လှမ်းမေးလိုက်သလိုမျိုးပဲ ..
“အထီးကြီး သွားတော့မလို့လား” လို့မေးလိုက်ချိန်မှာတော့ ကိုတိုးကြီးရဲ့ နဂိုမဖြူတဲ့သူ့မျက်နှာကြီး ရဲကနဲဖြစ်သွားပြီး၊ လေသံခပ်ဆတ်ဆတ်နဲ့ “ခင်ဗျား ကျနော့်ကို ဘယ်လိုခေါ်
လိုက်တာလဲ..” လို့ ဒေါသထောင်းကနဲထွက်လာသူရဲ့ ပုံမျိုးနဲ့ မေးလာပါတော့တယ်။
အဲသည်မှာပဲ...
ကျနော်က ...ကဲ..သူငယ်ချင်းတို့ မင်းတို့မကြာခင်ကအငြင်းပွားနေတဲ့ ပြဿနာကို အခုဖြေရှင်းလိုက်ပါပြီ...လို့ပြောလိုက်ပါတယ်။ အားလုံးကြောင် နေတဲ့အချိန်မှာပဲ
ကျနော်က ကိုတိုးကြီးကို တောင်းပန်ပြီးဆိုင်ထဲကထွက်ခဲ့ပါတော့တယ်။
ကဲ...စာရှုသူမိတ်ဆွေ... လောကမှာ ယောင်္ကျားနဲ့ မိန်းမ(တနည်း) အဖိုနဲ့အမ မှာ ဘယ်သူက အမှန်တရားကို ရင်ဆိုင်တဲ့နေရာမှာ သည်းခံနိုင်စွမ်းပိုမြင့်သလဲဆိုတာ..........
ခင်ဗျားလည်း ရှင်းရှင်းလင်းလင်းသဘောပေါက်လောက်ပြီ ထင်ပါရဲ့ဗျာ၊

သုစံ

သည်းခံလော့

အမှန်တရားဆိုတာဘာလဲ
တစုံတခုကို ဖုံးကွယ်ဖို့ များလား…..
ဝါးတားတား နဲ့ အငှားမျက်စိ ကြည့်မိတယ်

ရှင်းလင်းစ…
ပြိုလဲစ တွေနဲ့….
ငိုကြွေးနေတဲ့ ကမ္ဘာ

ဒီကမ္ဘာမှာ
မေတ္တာမရှိဘူး
ကရုဏာမရှိဘူး…..

ဒီကမ္ဘာမှာ
မာယာတွေနဲ့မူးနေတယ်…
အစဉ်လာတွေနဲ့ရူးနေတယ်….

ဟိုမှာ
ကျောက်နံရံကိုဖက်ပြီး…
အချစ်ရူးကြီးကငိုနေတယ်…

မညိုပါနဲ့ မိုးရယ်…..

တကယ်တော့….
ပေါ့ဆမိတာကိုး…
အခုမှ ရှိကြီးခိုးနေလို့တော့..အပိုပဲ

အချစ်ဆိုတာ…ဇိမ်ခံပစ္စည်းတမျိုးထင်ပါရဲ့ ….
ရက်လွန်နေ့စွဲတောင်ပါလိုက်သေးတယ်

ဝမ်းနည်းမိပါတယ်…
ကမ္ဘာရယ်

ရှင်ပြန်ထမြောက်ဖို့ ရာ…
ကြိုးစားလိုက်အုံးမယ်…

ကိုနေ(၀၉.၀၉.၂၀၀၈)

ပျောက်ကွယ်ခြင်း

အဲဒီနေ့က..နေတောင်မ၀င်သေးဘူး

အောင်လံတွေ အပြိုင်အဆိုင်ထူနေကြတာပဲ…

ထဲထဲဝင်ဝင်သိမှ ငိုချင်ငို….
ဒီလိုနဲ့ပဲ မိုးတွေ ပြိုနေခဲ့တာကြာပြီ…

ဒီလိုနဲ့ ….ဒီလိုနဲ့..

ငါကတော့ အချိုသတ်ပြီး
ပညတ်ချက်ကိုချိုးဖောက်ဖူးခဲ့တယ်….

ကိုနေ(9.9.2008)

နှလုံးသားဓါတ်စာ

ဝင်ခဲ့လေကွယ်
တံခါးဖွင့်ထားတယ်
အိပ်မက်တွေတော့ထားခဲ့ပါ
ညအိပ်ဧည့်သည်လက်မခံချင်လို့။

မိုးကြယ်

မသိခြင်းအမှန်တရားများ

ကျုပ်ထင်တဲ့အတိုင်းပဲ ကမ္ဘာကြီးဟာ တစ်ဖြေးဖြေးကျဉ်းလာနေတယ်။
စားလည်း တစ်လုပ်တစ်ဆုပ်ပဲ စားတယ်။
သွားလည်း ခဏတစ်ဖြုတ်ပဲသွားတယ်။
အိပ်လည်းတစ်ရေးတစ်မောပဲ အိပ်တယ်။
တစ်ခါတစ်လေသမ်းဝေတယ်ပေါ့။
ကမ္ဘာကြီးကကျဉ်းလာတာကို။ တစ်ခါတစ်လေ ကောင်းကင်နဲ့မလွတ်မှာတောင်
စိုးရိမ်နေရတယ်။ တစ်နေ့ လိပ်ပြာတစ်ကောင် ကျုပ်ပခုံးပေါ်လာနားတယ်။
စွပ်ခနဲ ကောက်ဝါးမျိုပစ်လိုက်တယ်။ ကျုပ်ကစာကလေးတစ်ကောင်လေ။
ကျုပ်ထင်တာမှန်နေတယ် ကမ္ဘာကြီးကကျဉ်းလာတယ်လေ။ ပြီးတော့ ကျုပ်ခဏ
တစ်ဖြုတ်ပျံတယ်။ ပြီးတော့ ခဏတစ်ဖြုတ်နားတယ်။
ဗောင်း ခနဲမြည်ပြီး မီးပွင့်တွေဖြာသွားတယ်။
ကျုပ်လေဟာနယ်ထဲ ထိုးဝင်သွားတယ်။
ကျုပ်အမွှေးအတောင်တွေမရှိတော့ဘူး။
ကျုပ်ပျောက်မကွယ်ခင် သိလိုက်တယ် ကမ္ဘာကြီးကကျဉ်းလာနေတယ်။
ကျုပ် နားလိုက်တာ လျှပ်စစ် လွှတ်ထားတဲ့ ဓါတ်ကြိုးပေါ်ကိုမှ။
ဟုတ်တယ် ကမ္ဘာကြီးဟာ တစ်ဖြေးဖြေးကျဉ်းလာနေတယ်။

မိုးကြယ်

Sunday, September 7, 2008

Thank you so much!!!



Gathering Party အကြောင်းလေးရေးချင်ပေမဲ့ အခြေအနေမပေးလို့ မရေးရပါခင်ဗျာ။(အလွန့်အလွန်ကိုရေးသားချင်နေပါတယ်။)
မရေးရပေမယ့်လည်း မမီ၊ ကိုကျော်ကြီး၊ တောင်ပေါ်သား၊ ညီမလေးသွန်းသွန်းတို့ရေးထားတာလေးတွေတွေ့တော့ ကျေနပ်ရပါတယ်ခင်ဗျာ။
မရေးနိုင်တော့လည်း ကိုယ်တတ်နိုင်တဲ့ဖက်ကနေပြီး အခုလိုမျိုး Thank You Card ဒီဇိုင်းလေးဖန်တီးပြီး အားလုံးသော Blogger သူငယ်ချင်းများကို
ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း၊ နောင်လာမည့်နှစ်များမှာလည်း အခုလိုပဲ ပျော်ရွှင်စွာပြန်လည်တွေ့ဆုံချင်ပါသေးတယ်လို့ပြောကြားပရစေခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်။

ကိုနေ၊ မိုးကြယ်

Wednesday, September 3, 2008

ကောင်းကင်တစ်ခု၏ အစ

နားမလည်နိုင်မှုများဖြင့်ပြည့်နှက်နေသည့်
လောကကြီးတွင်
အရာအားလုံးကို နားလည်ရန်ကြိုးစား
နေခဲ့သူ ငါနှင့်..
နားမလည်နိုင်မှုများ မွေးဖွားပေးခဲ့သော
လောကကြီးတို့ ထိပ်တိုက်တွေ့ချိန်..


ကျွန်တော်လမ်းပျောက်နေတယ်။ VIP ဆေးရုံကထွက်လာပြီး ဘယ်သွားရမှန်းကိုမသိဘူး။
စိတ်ညစ်တယ်နော်။။။ အဲဒါနဲ့ပဲလျှောက်သွားနေလိုက်တယ်…

‘ဟိတ်ကောင်လေး ဘယ်သွားမလို့လဲ။ ‘

စိတ်ညစ်လို့ဘယ်သွားရမှန်းမသိပါဘူးဆိုနေမှ လာမေးနေပြန်ပြီ။
ကျွန်တော်ညစ်ညစ်နဲ့ လှည့်ကြည့်လိုက်တော့..
ဓါးကြီးကိုင် ရွှေရောင်ကိုယ်ကြပ်နဲ့ မါးမါးမတ်မတ်ရပ်နေတဲ့ လူကြီးတစ်ယောက်။

‘ခင်ဗျားကိုကျွန်တော်မြင်ဘူးသလိုပဲနော်.. ခင်ဗျားကောကျွန်တော့်ကိုမြင်ဘူးလား..’
‘မင်းကိုတော့မမြင်ဘူးဘူး.. မင်းငါ့ကိုမြင်ဘူးတာတော့ မဆန်းပါဘူး..’
‘ODYSSEY ကိုလူတိုင်းသိကြတယ်။ လူတိုင်းကိုတော့ ငါကဘယ်သိမလဲကွ။’
‘သိပြီ ၊ ဟုတ်တယ် ဂရိ သူရဲကောင်း ODYSSEY.. ‘
‘ခင်ဗျားကိုကျွန်တော်သိပြီ။’
ကျွန်တော်ပဲစကားကိုဆက်လိုက်တယ်။ သူ့ပုံက ဆွေးမြေ့နေပုံ
ပေါ်နေတယ်။ ဟိုးအဝေးကိုကြေကွဲနေတဲ့ မျက်ဝန်းတွေနဲ့ငေးကြည့်နေတယ်။

‘ခင်ဗျားဒီမှာဘာလုပ်နေတာလဲ။’
ငါ’ရန်သူတွေကိုစောင့်နေတာ.. စစ်ခင်းရတော့မယ်။’
‘စစ်ခင်းမယ်..ဘာကြောင့်စစ်ခင်းမှာလဲ..’
‘ဟယ်လင့် ကြောင့်ပေါ့ကွာ.. ဟယ်လင့်ကြောင့်. .ဟင်း..’

ပြောနေရင်းနဲ့သူသက်ပြင်းချတယ်။

‘ဟင်..ခင်ဗျားနဲ့ ဟယ်လင်နဲ့ ယူပြီးလို့ခလေးတောင် သုံးယောက်ရနေပြီမဟုတ်လား။’
‘ဒါတောင် ဟယ်လင့်ကိုလုမဲ့သူတွေကရှိသေးတယ်… အံ့ရောဗျာ။’
သူတော်တော်အံ့သြသွားတယ်။ မျက်လုံးကြီးပြူးပြီးကျွန်တော့်ကိုပြန်မေးတယ်။

‘မင်း.. မင်း…. ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီးသိနေတာလဲ.’
‘ဂျာနယ်တွေထဲမှာ ဒီလိုပဲဖွနေကြတာပဲလေ။ ‘
‘မီဒီယာခေတ်မှာဘယ်ဟာမှဖုန်းကွယ်ထားလို့မရတော့ဘူးဗျ။’
‘ဒါနဲ့နေပါဦး ဘယ်သူတွေကများခင်ဗျားရဲ့ဟယ်လင်ကိုလာလုကြမှာလဲ။။’

သူရီဝေစွာနဲ့ပြန်ဖြေပါတယ်။ တစ်ခွန်းထဲပါ။
‘ကျန်စစ်သား…’
‘ဗျာ….’
‘ဟုတ်တယ်ကျန်စစ်သား… အရင်ကလိုကချောက်ကချက်လေးတွေဆိုရင်ငါကမမှု
ပါဘူးကွာ.. အခုဟာက ကျန်စစ်သားကွ.. ပြီးတော့ သူ့ကိုကူမှာက ရာဇဓိရာဇ်..’
‘ကောင်းဗျာ… ခင်ဗျားကိုကူမဲ့သူမရှိဘူးလား.. ‘

ကျွန်တော်စိုးရိမ်တကြီးနဲ့ ပြန်မေးလိုက်ပါတယ်။ တစ်ကယ်လည်းစိုးရိမ်စရာပဲကို..

‘အင်း..ရှိတယ်. .ငါ့သူငယ်ချင်း အာခိလိ ကို ငါ sms ပို့ပြီးအကြောင်းကြားထားတယ်။’
‘ဒီကောင်မနက်ဖြန် အမြန်ရထားနဲ့ရောက်လိမ့်မယ်…’
‘ကဲကဲ ကောင်လေး မင်းလည်းသွားတော့  တော်ကြာနေမင်းပါအခြောင်ပါနေဦးမယ်။’

-------------------xxxxxxxx--------------------

‘စစ်…စစ် ဘယ်စစ်မှမကောင်းဘူး။ ‘

ကျွန်တော် အသံထွက်အောင်ကိုငြီးလိုက်ပါတယ်။ ပတ်ဝန်းကျင်ကလည်းတိတ်စိတ်
နေတော့အသံတောင်တော်တော်ကျယ်သွားသလားပဲ။

‘ကောင်းပါတယ်.. ရေစစ်.. ရေစစ် ကကောင်းပါတယ်။’

ကျွန်တော် ဘေးပတ်သန်းကျင်ကိုလိုက်ကြည့်လိုက်တယ်။ ဘယ်လူမှလဲမရှိ။
ကျွန်တော်ညောင်ပင်ကြီးတစ်ပင်အောက်ရောက်နေတာပါ။
အပေါ်ကိုမော့ကြည့်တယ်။ ဘေးကိုကြည့်တယ်။ အောက်ငုံ့ကြည့်တယ်။ အနောက်လှည့်ကြည့်တယ်။ ဘာမှမတွေ့ဘူး..

‘ဘာတွေလိုက်ရှာနေတာတတုံးကောင်လေးရ။’

‘လာပြန်ပြီ။။ ခင်ဗျားဘယ်သူလဲ.. ‘ ကျွန်တော်အော်မေးလိုက်တယ်။

ဖွတ်..

ကျွန်တော့်ဘေးနားမှာ လူတစ်ယောက် အော်တော်မစ်တစ် ပေါ်လာတာပါ။

‘အောင်မလေးဗျာ.. ‘
‘ဟားဟားဟား.. မင်းတော်တော်လန့်သွားလား.’
‘မလန့်ပဲခံနိုင်ရိုးလားဗျ.. ခင်ဗျားကဘာလဲ.. လူလား..နာနာဘာဝလား။။’
‘ငါက လူမဟုတ်ဘူးကွ။။’
‘ဒါ ဆိုခင်ဗျားက..’
‘ငါက ရုက္ခဆိုး…’
‘အော်..ဒါနဲ့နေပါဦး မင်း က လန့်တယ်သာဆိုတယ်။ မင်းမျက်နှာပေါ်မှာ ဘာအမူအရာမှမပေါ်ပါလား..မျက်နှာသေကြီးနဲ့..’

ကျွန်တော်စိတ်စိတ်နေလိုက်တယ်။ ဘာမှဖြေရှင်းချက်မပေးချင်လို့ပါ။။
သူကပဲစကားကိုရှေ့ဆက်ပါတယ်။

‘မင်း ဟန်ဆောင်နေတာတော့မဟုတ်ပါဘူးနော်။။ ဟန်ဆောင်တယ်ဆိုရင်လည်း
ကိစ္စ မရှိပါဘူး.. ဟန်ဆောင်တယ်ဆိုတာ. လူသားမျိုးနွယ် တစ်ခုလုံးမှာ ပြက်သုန်း
မသွားသေးတဲ့ ယဉ်ကျေးမှုပဲကွ…’
‘တစ်ချို့ ဟန်ဆောင်မှုတွေကချစ်စရာကောင်းပါတယ်။ နားလည်ပေးလို့လည်းရပါတယ်။’
‘ခင်ဗျား က ရုက္ခဆိုးသာဆိုတယ်။ စကားလုံးတွေက ခေတ်စကာလုံးတွေပါလား။’
‘ငါက စာရေးဆရာဖြစ်ချင်နေတာ။ မော်ဒန်တွေမှရေးချင်တာကွ။’
‘ဖရန့်(ဇ)ကာ(ဖ)ကာ ဆိုငါသိပ်ကြိုက်တဲ့ စာရေးဆရာပေါ့ကွာ။’
‘ဟေ့ကောင်ရေ ငါက စာရေးပြီဆိုရင်လဲအသေအလည်းရေးတာ’။ ‘ဖတ်ပြီဆိုရင်လဲအသေအလည်းဖတ်တာကွ။ ‘

သူကတော့ ကိုယ့်ကိုငယ်ပေါင်းကြီးဖော်သူငယ်ချင်းကြနေတာပဲ တရင်းတနှီးကိုပြောနေတော့တာ။ ကိုယ်ကတော့သူပြောသမျှငြိမ်နားထောင်နေ
ရတာပဲ။

စာရေးသားခြင်းသည်သေခြင်းထက်နက်ရှိုင်းသောအိပ်စက်မှုဖြစ်သည်။အလောင်းကောင်ကို ဂူထဲမှပြန်၍ထုတ်မယူတော့သကဲ့သို့၊ ညအခါတွင်ငါ၏စာရေးစားပွဲမှ ငါ့အားဆွဲထုတ်၍မရနိုင်

‘လို့ ဖရန့်(ဇ)ကာ(ဖ)ကာ ကပြောခဲ့တယ်ကွ။ ငါလည်းညမအိပ် ပဲ စာတွေထိုင်ရေး…ရေး’…

သူအလန့်တကြားနဲ့ ပြောလက်စကားရပ်ပြီးတော့..
ဖွတ် ခဏဲသူပြန်ပျောက်သွားပါတယ်။

ခဏကြာတော့ အဖိုးအိုတစ်ယေက်ာသစ်ပင်ရိပ်အောက်ရောက်လာသည်။
ကျွန်တော့်ကို တစ်ချက်ကြည့်သည်.. ပြီးတော့.. ညောင်ပင်ကြီးရှေ့ဒူးတုပ်ထိုင်ပြီး

‘အရှင်ရုက္ခဆိုး နတ်မင်း ကျွန်တော့်ကို ထီပေါက်အောင်မစပါ။’
‘ဟိုတစ်လောက ပဲကျွန်တော့်သူငယ်ချင်းထီပေါက်သွားသေးတယ်။’
‘ကျွန်တော်ကတော့ ဆုလာတောင်းတာ ခဏခဏရှိပြီအခုထက်ထိ ထီမပေါက်
သေးဘူး။ ဒီတစ်ခါတော့ထီပေါက်အောင်ကူညီမစပါဗျာ..’

အဲဒီလိုတွေပြော. .ပြီးတော့ဦးသုံးကြိမ်ချ.. ကျွန်တော့်ကိုတစ်ချက်ကြည့်ုပြီးပြန်ထွက်
သွားပါတယ်။။အဖိုးအိုထွက်သွားပြီးခဏအကြာမှာပဲ..

ဖွတ်..
ရုက္ခစိုးပြန်ပေါ်လာပါတယ်။

‘ခင်ဗျားကလည်းဗျာ ဘယ်လိုဖြစ်လို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာလည်း..
ငြိမ်ငြိမ်သက်သက်ကိုမရှိဘူး.. ‘
‘ဟကောင်ရ အဖိုးကြီးလာလို့ပုန်းရတာကွ..’
‘ခင်ဗျားကလည်း အဖိုးကြီးကို များပုန်းရတယ်လို့ဗျာ.. သူ့ခင်ဗျာ
နေပူကြီးထဲလာပြီးခင်ဗျားဆီလာဆုတောင်းရတာ..’
‘အေးအဲဒါခက်နေတာပေါ့..’
‘ဘာများခက်စရာရှိလို့လည်း ကိုရုက္ခစိုးရယ်.. သူထီပေါက်ချင်တာကို
ပေါက်အောင်လုပ်ပေးလိုက်ပေါ့ ဗျာ..ဘာခက်တာမှတ်လို့..
ခင်ဗျားကရုက္ခစိုးပဲ..’
‘ထီပေါက်ချင်တာကိုပေါက်အောင်လုပ်ပေးလို့ရတယ်ကွ..
‘အဲဒါပေမဲ့..သူုကိုယ်တိုင်ကလည်းထီထိုးဖို့လိုတယ်..’
‘အန်..’
‘ဟုတ်တယ်..အဖိုးကြီးကထီသာပေါက်ချင်တာ..ထီတော့ထိုးတာမဟုတ်ဘူး။’
‘မင်းကိုကြုံတုန်းပြောရဦးမယ်.. လူ့ဘ၀မှာရည်မှန်းချက်ကြီးကြီးထားတာကောင်းပါတယ်။’
‘ဒါပေမဲ့ ကိုဖြစ်ချင်တာကိုဖြစ်အောင်မလုပ်ပဲ. စိတ်ကူးယာဉ်အိပ်မက်မက်နေတာတော့
မဖြစ်သင့်ဘူး..’
‘ထီပေါက်ချင်တဲ့သူက ထီတော့ထိုးမှဖြစ်မှာပေါ့။’

ကျွန်တော်ပြုံးနေပါတယ်။ ဟုတ်ပါတယ်ကျွန်တော်ပြုံးနေတယ်ထင်တယ်။
ကျွန်တော် တစ်ခုခုကိုရလိုက်ပါတယ်။ ကျေးဇူးကြီးပါပေ့ ရုက္ခစိုးရယ်။
ရုက္ခစိုးကတော့ကျွန်တော့်ကို ကြည့်ပြီး အသံထွက်အောင်ကိုအော်ရယ်နေပါတယ်။

ကျွန်တော့်ရင်ထဲမှာ တံခါးတစ်ချပ်တော့ ပွင့်သွားပြီထင်တယ်။


အဲဒီ နားမလည်ခြင်းတွေကပဲ
ငါ့ကိုနားလည်စေခဲ့တယ်ဆိုရင်…
လောကကြီးရဲ့ ကောက်ကြောင်းကိုရေးခြစ်ဖို့
ငါ့ နေ့ရက်တွေပေါ်မှာ စုတ်ချက်တင်သင့်ပြီ။

…..
ဆက်ပါဦးမည်။

မိုးကြယ်