Tuesday, September 9, 2008

သည်းခံမှု

တစ်ခါတော့ ကျနော်တို့ သတ္တလောကကြီးမှာ အဖိုနဲ့ အမ ဘယ်သူက သည်းခံနိုင်မှုစွမ်းရည်ပိုမြင့်သလဲဆိုတာစဉ်းစားကြည့်မိတယ်။
စဉ်းစားမိတဲ့အတိုင်း ကျနော်က သူငယ်ချင်းထုထဲ ချပြကြည့်တော့ ငြင်းခုန်စရာလေးတစ်ခုတော့ရသွားတာပေါ့ဗျာ..၊
အငြင်းအခုန်သမားတွေ လေသံတွေကျယ်ကျယ်လာတဲ့အချိန်မှာတော့ ကျနော်က..အကြောင်းသင့်တဲ့တစ်နေ့ လက်တွေ့စမ်းသပ်ကြည့်
ကြတာပေါ့...လို့ ခဏဘရိတ်ဝင်အုပ်ပေးလိုက်ပါတယ်။
အကြောင်းသင့်တဲ့တစ်နေ့ဟာ.. ကျနော်တို့ သူငယ်ချင်းအုပ်စု(အရမ်းချစ်ကြတဲ့သူတွေက Monkey Group လို့ခေါ်ပါတယ်) ကျောင်းကင်န်တင်းမှာထိုင်နေကြချိန်မှာပေါ့။
ကျနော်တို့က ချစ်စနိုးနဲ့ မကြီးစမ်းလို့ခေါ်တဲ့ အစ်မကြီးဆိုင်ထဲဝင်လာပါတယ်၊ အစ်မကြီးက အရမ်းကိုသဘောထားပြည့်ဝပြီး၊ လူတစ်ဖက်သားကိုလည်း
တတ်နိုင်သမျှကူညီနေတဲ့သူပါ၊ ကျနော်တို့ရွယ်တူသူငယ်ချင်းတွေထက် (၄)နှစ်လောက် အသက်ပိုကြီးပါတယ်။ သူ့ကို ကျနော်တို့အားလုံးက ချစ်ကြရိုသေကြတယ်၊
သူကအဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်မှာ Master တန်းတက်နေရင်းက ဒီဘက်ကကျောင်းကိုလည်းလာတက်နေတာ..။
သူ့ခမျာ အချိန်စာရင်းကွက်တိနဲ့ လှုပ်ရှားနေရသူပေါ့ ဒီကျောင်းပြီးရင် ဟိုကျောင်း၊ ဟိုကျောင်းပြီးရင် ဒီပြင့်ကျောင်းနဲ့ သူ့ကြည့်ရတာနဲ့တင်မောလှပါတယ်။
အဲဒီ မကြီးစမ်းက ကျနော်တို့ ဘေးက စားပွဲမှာဝင်ထိုင်ပြီး စားရင်းသောက်ရင်း ကျနော်တို့နဲ့စကားတွေပြောနေတယ်။
ကျနော်တို့ စားပွဲရဲ့မလှမ်းမကမ်းမှာတော့ ကိုတိုးးကြီးလို့ခေါ်တဲ့ အကိုကြီးလည်းရှိနေတယ် သူကလည်းသူ့ကောင်မလေးနဲ့ အတူထိုင်ပြီး လဘက်ရည်သောက်နေကြတယ်။
ကိုတိုးကြီးလည်း ကျနော်တို့ထက်(၅)နှစ်လောက် အသက်ပိုကြီးတယ်၊ ဘွဲ့တခုရပြီး နိုင်ငံခြားမှာ အလုပ်ထွက်လုပ်နေရာကနေ ပြန်လာပြီး ကျောင်းပြန်တက်နေတာပါ။
(အကြောင်းသင့်ခဲ့ရင် ကိုတိုးကြီးနဲ့ သူ၏သူငယ်ချင်းများ ဆိုတဲ့ဇာတ်လမ်းတစ်ပုဒ်ရေးချင်ပါတယ်၊ လုံးချင်းထုတ်ပြီး ရုပ်ရှင်ရိုက်လို့ရမယ့် အနေအထားမှာရှိနေလို့
အချိန်ယူပြီးပြင်ဆင်နေပါတယ်)
ခဏနေတော့ မကြီးစမ်းက ထိုင်နေရာကနေ ..ငါဟိုဘက်ကျောင်းသွားရတော့မယ်...ဆိုပြီး လွယ်အိတ်လေးလွယ်ပြီးဆိုင်ထဲကထွက်ပါတယ်၊ ကျနော်က အဲဒီအချိန်မှာ
“အမကြီး သွားတော့မလို့လား” လို့ လှမ်းအော်မေးလိုက်တော့၊ သူက အေး..သွားပြီဟေ့ လို့ပြောပြီးထွက်သွားပါတယ်။ ကျနော်မေးလိုက်တဲ့ အသံကကျယ်သွားပြီး၊
မကြီးစမ်း ပြန်ဖြေတဲ့အသံကလည်း ခပ်ကျယ်ကျယ်ပါပဲ၊
မရှေးမနှောင်းမှာပဲ ကိုတိုးကြီးလည်း ထိုင်ရာကနေထပြီး ဆိုင်အပြင်ကိုထွက်လာပါတယ်၊ ကျနော်က စောစောက မကြီးစမ်းကို လှမ်းမေးလိုက်သလိုမျိုးပဲ ..
“အထီးကြီး သွားတော့မလို့လား” လို့မေးလိုက်ချိန်မှာတော့ ကိုတိုးကြီးရဲ့ နဂိုမဖြူတဲ့သူ့မျက်နှာကြီး ရဲကနဲဖြစ်သွားပြီး၊ လေသံခပ်ဆတ်ဆတ်နဲ့ “ခင်ဗျား ကျနော့်ကို ဘယ်လိုခေါ်
လိုက်တာလဲ..” လို့ ဒေါသထောင်းကနဲထွက်လာသူရဲ့ ပုံမျိုးနဲ့ မေးလာပါတော့တယ်။
အဲသည်မှာပဲ...
ကျနော်က ...ကဲ..သူငယ်ချင်းတို့ မင်းတို့မကြာခင်ကအငြင်းပွားနေတဲ့ ပြဿနာကို အခုဖြေရှင်းလိုက်ပါပြီ...လို့ပြောလိုက်ပါတယ်။ အားလုံးကြောင် နေတဲ့အချိန်မှာပဲ
ကျနော်က ကိုတိုးကြီးကို တောင်းပန်ပြီးဆိုင်ထဲကထွက်ခဲ့ပါတော့တယ်။
ကဲ...စာရှုသူမိတ်ဆွေ... လောကမှာ ယောင်္ကျားနဲ့ မိန်းမ(တနည်း) အဖိုနဲ့အမ မှာ ဘယ်သူက အမှန်တရားကို ရင်ဆိုင်တဲ့နေရာမှာ သည်းခံနိုင်စွမ်းပိုမြင့်သလဲဆိုတာ..........
ခင်ဗျားလည်း ရှင်းရှင်းလင်းလင်းသဘောပေါက်လောက်ပြီ ထင်ပါရဲ့ဗျာ၊

သုစံ

1 comment:

thonn thonn said...

ဒီက အကောင်းမှတ်လို့ဖတ်နေတာ။ သူက နောက်တယ်တော့.။