Friday, March 19, 2010

ခရမ်းရင့်ပြာ

(၁)
စက္ကန့်ပေါင်းများစွာကြီးစိုးနေခဲ့တာကြာပြီ။ တိတ်တဆိတ် ၀င်ရောက်လာခြင်းများနှင့် တိတ်တဆိတ်ထွက်ခွာသွားခြင်းများ မှာ အခန်းကျဉ်းလေးနှင့် အဲဒီအခန်းကျဉ်းလေးထဲက ကမ္ဘာသည်သာ မှုန်ရီစွာကျန်ရစ်ခဲ့ပေါင်းများပြီ။ သူပြောနေကြ ဘာသာဗေဒ နှင့် အခန်းကျဉ်းလေး၏ဘာသာဗေဒတို့ ထပ်တူညီခဲ့သည်လည်းရှိသလို မတူညီသည့်အခါများတွင် ခြောက်ကပ်ပျင်းရိစွာ ဖြတ်သန်းသွားနေသော စက္ကန့်ပေါင်းများစွာသာ ခိုဖွဲ့အိမ်သီနေခဲ့
ကြသည်သာ…

သစ်သီးတစ်လုံး၏် ရာဇ၀င်တွင် ရင့်မှည့်လွန်၍ကြွေသက်သွားခဲ့ရလျှင်မကောင်းတတ်သလို ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုကြောင့် ရင့်လွန် မှည့်လွန်
သွားသောသစ်သီးများလည်း တစ်ပုံတစ်ပင်ရှိနေပြန်သည်။

စက္ကန့်တိုင်း စက္ကန့်တိုင်း တွင် ဆွတ်ယူမည့်သူ၏ လက်အတွင်းသို့ ခုန်ဆင်းချင်နေသည့် ၀င်းမှည့်နေသော သစ်သီးတစ်လုံး ကျွန်တော့်ရင်ထဲတွင်
ရှိနေပါသည်။

(၂)
နှင်းမြူတို့ အစုမကွဲခင်ကပင် ကျွန်တော်အစောကြီးနိုးနေခဲ့ပါသည်။ ဆောင်းမနက်ခင်းတိုင်းကိုကျွန်တော်စောစော နိုးထဖို့ ကြိုးစားလေ့ရှိပါသည်။ ခက်တာကကျွန်တော်နိုးသည့် အချိန်တိုင်းနှင်းမြူတို့ လွင့်ပါးကုန်သည့်အချိန်သာများပါသည်။

သည်နေ့တော့ ထူးထူးခြားခြားကျွန်တော်နိုးသည့် အချိန်မှာပင် ဆောင်းနှင်းမြူတို့ ဝေ့သီနေဆဲ ဆောင်းနေခြည်နွေးပင် မဖြန့်ကျက်သေးပါ။
မျက်နှာသစ်ရေမိုးချိုးလို့ အမေ ပြင်ဆင်ပေးသည့်နံနက်စာကို စားပြီးလွယ်အိတ်လွယ်လျက် ကျောင်းကားဂိတ်ကိုထွက်လာခဲ့ပါသည်။

ဆောင်းနှင်းမြူအောက်လမ်းလျှောက်ရသည်မှာ ကျွန်တော့်အတွက်တော့ အရသာ တွေ့လှပါသည်။ ဆောင်းလေနုနုအေးမြလို့ နှင်းပွင့်နှင်းမှုန်တို့ လွင့်မြောနေကြသည့် ဆောင်းမနက်ခင်း ကို ကျွန်တော်ချစ်မြတ်နိုးပါသည်။

ကျွန်တော်ကျောင်းကား ဂိတ်ကိုရောက်တော့ ကျောင်းကားများပင်မရောက်သေးပါ။ ကျောင်းကား နေရာရဖို့(သို့) ကျွန်တော့်လို
ဆောင်းမနက်ခင်းကိုချစ်သည့်ကျောင်းသား ကျောင်းသူတစ်ချို့တစ်လေသာ ကျောင်းကားဂိတ်မှာ စောစောရောက်နှင့်နေကြပါသည်။
စာအုပ်ကလေးတစ်အုပ်ကိုင်လို့ သူငယ်ချင်းတွေနှင့် ရယ်မောကာ စကားပြောနေသည့် ကျွန်တော့်ရဲ့ မျက်နက်ဝန်းလေးသည်လည်း ကျောင်းကားနေရာရရန်စောစီးစွာ ရောက်နှင့်နေပါသည်။ သူမသည် ကျွန်တော့် ကိုတွေ့ တော့ ပြုံးပြလို့နှုတ်ဆက်ပါသည်။ ချစ်သူ၏ အပြုံးသည် ဆောင်းမနက်ခင်းနှင့်အတူ လှပစွာ ကျက်သရေရှိလို့နေပါသည်။

သူမ ရယ်လိုက်တိုင်း ၀င့်ဝဲလွင့်ကျသွားသည့် ပါးပြင်ထက်က သနပ်ခါးပွင့်ကလေးများသည်ဆောင်းနှင်းပွင့်တို့နှင့်အပြိုင် ကျွန်တော့် မနက်ခင်းအား လှပနေစေပါတော့သည်။

(၃)
ထူးဆန်းစွာ တွေ့ရှိထားသော ခရမ်းရင့်ပြာအကြောင်းကို ကျွန်တော်နှင့်အခန်းကျဉ်းလေးတို့ပြောဆိုနေခဲ့ကြသည်။ တိတ်ဆိတ်ခြင်းနှင့် စက္ကန့်များသည် ကျွန်တော်တို့ ဘေးတွင်ဝိုင်းအုံကာ ခရမ်းရင့်ပြာဒဿနကို စိတ်လိုလက်ရနားထောင်နေခဲ့ကြသည်။

အခန်းကျဉ်းလေး၏ စကားသံသာအကျယ်လောင်ဆုံးကြားနေရသည်။ ခရမ်းရင့်ပြာဒဿနကို သူ့ခံယူချက်အတိုင်းဖွင့်ဆိုနေသော သူ့ဘာသာဗေဒအပေါ်ယုံကြည်မှုခိုင်မာသော အခန်းကျဉ်းလေး၏ စကားသံများကြောင့် စက္ကန့်များသည် ထက်သန်
တောက်ပစွာ ၀င့်ဝဲလွင့်ပျံကုန်သည်။

တိတ်ဆိတ်ခြင်းကတော့ စစ်တုရင်ကစားပွဲများအားလိုက်လံကြည့်ရှုရန်ထွက်ခွာသွားသည်။ မှုန်ရီခြင်းသည်လည်း လွန်ခဲ့သောနှစ်များစွာက တည်ရှိခဲ့သော အဖြူရောင်ပိတ်ကားများပေါ်တွင်ခိုဝင်ခြောက်လှန့်ရန်ကြိုးစားလို့…

ကျွန်တော့်ကောင်းကင်သည်လည်း လင်းပျ ခမ်းနားစွာနှင့်…


(၄)
ကျောင်းကားဖြတ်သန်းသွားရာ ဘေးရာဝန်းကျင်မှ မြင်ကွင်းတွေသည် မပြောင်းမလဲတည်ရှိနေပါသည်။ ကမ္ဘာမြေကို လွင့်စင်ထိခတ်နေကြသည့် နေခြည်အမြင်တန်း များနှင့် မိုးကောင်းကင် ပြာလွင်လွင်သည်လည်း မနေ့ကအတိုင်းသာနွေးထွေးလှပနေပါသည်။ ကျောင်းသား ကျောင်းသူတို့၏ စကားသံများ၊ ကားလှုပ်တိုင်း တကြွီကြွီိ
မြည်နေသည့် ဆီချောင်နေသော ခုံများ နှင့် ကျွန်တော်တို့ ၏ကျောင်းကားကြီးသည်လည်း လမ်းဟောင်းအတိုင်းသာ လိုရာခရီးသို့ သွားလို့နေပါသည်။

သူမ၏ မျက်နက်ဝန်းလေးများကို အဓိပ္ပါယ်ဖွင့်ဆိုနေခဲ့သော ကျွန်တော်နှင့် ခံစားချက်အသစ်တစ်ခုအား ထူးဆန်းစွာရရှိထားသော ကျွန်တော်၏ နှလုံးသားသည်သာ အပြောင်းလဲကြီးပြောင်းလဲလို့နေပါသည်။

“ဘာကြည့်နေတာလဲ” လို့အပြုံးနှင့်မေးလာခဲ့သည် သူမကို “မျက်တောင်မွှေးဘယ်နှပင်ရှိလဲ ရေကြည့်နေတာ”ဟု ရင်ခုန်သံအသစ်နှင့် ကျွန်တော်အဖြေပေးခဲ့ပါသည်။

ရိုးသားစွာဝန်ခံရလျှင် ကျွန်တော်သူမ ကို မြတ်နိုးစွာ ရင်ခုန်နေမိပါသည်။ သူမကို နက်ရှိုင်းစွာ ချစ်မြတ်နိုးဖို့ ကြိုးစားနေသည့် ကျွန်တော့်နှလုံးသားကိုလည်း ကျွန်တော်လျစ်လျူရှုထားလိုက်ရပါသည်။

ဝတ်မှုံရနံ့များ ပြည့်သိပ်တင်ဆောင်လာသောလေညှင်းရထားတိုးဝှေ့ ဖြတ်သန်းသွားရာ ကျွန်တော့်လောကတစ်ခွင်လုံး ထုံအီမွှေးပျံ့လို့နေပါတော့သည်။


(၅)
အခန်းကျဉ်းလေးက ခရမ်းရင့်ပြာအကြောင်းကို ဒဿနတင်မဟုတ် ကဗျာပါရေးလို့ထား
သည်ပဲ…ရေးထားသည့်ကဗျာကိုလည်းသူ့ရင်ဘတ်မှာကပ်လို့ထားသည်။

ခရမ်းရင့်ပြာဟာ ပြတင်းတွေကတစ်စင့်
ငါ့ရင်ဘတ်ထဲကို စိမ့်ဝင်ပြိုကျလို့
တစစ်စစ် လှိုက်စားခဲ့ပ..

အခန်းနံရံများကြားက
ညနေရီရဲ့ အသက်ဓါတ်အချို့ဟာ
လွင့်ပါးတိတ်ဆိတ်
ခရမ်းရင့်တို့ ယိုဖိတ်ကျလို့..

အဲဒီသိပ်သည်းဆပြင်း ခရမ်းရင့်ပြာဟာ
သွေးသားတွေထဲ စီးဝင်ပျံ့နှံ့၊
ယှက်နွယ် လိမ်ယက်
နှလုံးသွေးပွက်လို့
ငါဟာ ခရမ်းရင့်ပြာအဖြစ်ကျွမ်းလောင်
တောက်ပခဲ့ပြီ။

ခရမ်းရင့်ပြာ..
ခရမ်းရင့်ပြာ…
လဲ့ဖြာလင်းပလို့ပေါ့..


ကဗျာဖတ်ပြီးကျွန်တော်နည်းနည်းတွေဝေသွားသည်။ တစ်စုံတစ်ယောက်ကို သတိရမိနေတယ်
လို့ထင်သည်။ ချက်ခြင်းဆိုသလို သူ့ကဗျာကိုကျွန်တော်အပြီးသတ်ရေးပေးလိုက်သည်။
သူနှစ်သက်ပါလိမ့်မည်။

ချစ်သူ ရေ
ဖယောင်းသားအတိပြီး
လင်းပြာကျင်းတဲ့
လမင်းထက်က
ဖယောင်းဆစ်
ပန်းလေးတစ်ပွင့်အတွက်
ငါ့ အိပ်မက်တွေ
နူးညံ့ ပရစေသား..။

မိုးကြယ်

Friday, February 5, 2010

ညအသေတစ်ကောင်နှင့် ခလုတ်တိုက်မိခြင်း

ညအသေတစ်ကောင်နှင့် ခလုတ်တိုက်မိခြင်း

တွေ့မဲ့တွေ့
တိုက်တိုက် ဆိုင်ဆိုင်
ဘယ်လိုပါလိမ့်
အိပ်မက်ထဲကလိုပေါ့
ညအသေ တစ်ကောင်နဲ့
တွေ့တယ်။

အဲဒီတုန်းက
ကောင်းကင်မှာ လ မရှိ
စကားဝါပန်းတစ်ပွင့် သာ
အတိပြီးနေပေါ့။

ကာဗွန်ဒိုင်အောက်ဆိုဒ်
ကျပ်ညပ်နေတဲ့ လေရှူသံတွေ
မကျက်တကျက်ထမင်းအိုးတွေ
ခယမွဲတေနေတဲ့ မျက်ဝန်းတွေ
အဲဒါတွေကို
သိမ်းကြုံးသယ်ဆောင်လာတဲ့
ညအသေတစ်ကောင်..

ဟုတ်တယ်..

အဲဒီ ညအသေကောင်နဲ့
တိုက်တိုက်ဆိုင်ဆိုင်
တွေ့ဆုံခဲ့တယ်။

စကားတွေ ဖောင်ခဲ့တယ်။
ဦးနှောက်တွေ ချော်ခဲ့တယ်။
အချိန်တွေ ပျော်ခဲ့တယ်။

ပင်လယ်မမှောက်ခင် အထိပေါ့။


ညအသေကောင်
သူဟာ
အိမ်အကြီးကြီးရဲ့
တံစက်မြိတ်..
အိမ်သေးသေးလေးရဲ့
ခေါင်မိုး..

လမ်းကြိုလမ်းကြားထဲက
အမှိုက်..
နီယွန်မီးတိုင်အောက်က
ဆောင်းပျိုမ..

အဲဒီလို
အဲသည့် ညအသေကောင်ဟာ
မှုန်တေတေနဲ့ လှနေတတ်တယ်။


ညအသေကောင်ဟာ
လွင်ပြင်ထဲက
ဝံပုလွေရိုင်းရဲ့
အရိပ်ဖြစ်တယ်။

ပင်လယ်နက်ထဲက
အက်ဖရာဒိုက်တီးရဲ့
ဂီတ ဖြစ်တယ်။

ဗင်းဆင့်ဗန်ဂိုးရဲ့
မေ့မရတဲ့
ကန်းဗတ်(စ) ဖြစ်တယ်။

စံပယ်ရုံအောက်က
ချစ်သူတို့ရဲ့
လွမ်းမောဖွယ်ရာ
အတိတ် လည်းဖြစ်တယ်။

ညအသေကောင်ဟာ
ဒဏ္ဏာရီပေါင်းများစွာကို
ဖြတ်သန်းလာခဲ့ရတဲ့
သေအံ့မူးမူး
မိုးပျံ ပူဖောင်းလည်း
ဖြစ်နေတတ်တယ်။

ကမ္ဘာဦး ကထဲက
ပေါက်ထွက်နေတဲ့
ပါးစပ်ပေါက်တွေကို
ဖာထေးချင်တဲ့
ညအသေကောင်ဟာ
တစ်ခါတစ်လေ
သူကိုယ်တိုင်လည်း
ခြောက်ခြားစရာကောင်းအောင်
ဟင်းလင်းပွင့်နေတတ်တယ်။

ဒုစရိုက်လက်..
သုစရိုက်လက်..
အဲသည့် လက်နှစ်ဖက်ကြားက
အုံပြပြ ရင်အုံဟာ
ပုပ်အက်အက်နဲ့
မွှေးမြနေတတ်တဲ့
ညအသေကောင်။

ကျုပ်တို့ဟာ
ခေါင်းပေါ်ကအကြောင်းပြောတယ်။
ဖ၀ါးအောက်ကအကြောင်းပြောတယ်။
တစ်ယောက်ပခုံး တစ်ယောက်ပုတ်ကြတယ်။
တောက်ခတ်ကြတယ်။
ရယ်ကြတယ်။

တစ်ခါ တစ်လေ ဘာရယ်မသိ
ကြေကွဲ နေတတ်ကြသေးတယ်။

စကားဝါပန်းကနေ
ခရမ်းပြာ မီးခိုးတွေအဖြစ်ပြောင်းလဲ
တော်လဲသံကြားက ကောင်းကင်ပြင်ထဲ
ဆွဲခါရမ်းခံလိုက်ရလို့
ပင်လယ်မှောက်တဲ့အခါ

ကျုပ်တို့ လမ်းခွဲကြတယ်။

ညအသေကောင်က ငိုတယ်
ကျုပ်က စိုတယ်။

ပန်ဒေါရာရဲ့ သေတ္တာထဲမှာ
အဲဒီကထည်းက
ကျုပ်တို့ ရင်ခုန်ခဲ့ကြတယ်။

မိုးကြယ်

Sunday, January 24, 2010

ယမကာ

အရောင်တွေဘယ်လိုပြောင်းပြောင်း
ငါ့နာမည်က တစ်လုံးထဲ…

မရောင့်ရဲနိုင်ရင်တော့
ငါခေါ်ရာနောက်လိုက်ရမယ်…

ညင်ညင်သာသာလေးပဲ
ငါ့..ပတ်ဝန်းကျင်မှာတော့
ခုနှစ်ရက်ပဲရှိတယ်။

မိုးကြယ်

Thursday, December 31, 2009

အိုဟောင်းချိန်

ရာဇ၀င်တစ်ခု
ကျောက်သားထက်မှာအက်ပြိုသွားချိန်

အနာတရဖြစ်ခဲ့တဲ့ ရင်ခုန်သံတွေ
တောခြောက်ခံလိုက်ရချိန်

နရီရဲ့လက်တံတွေကတော့
ခြွေးစက်လက်နဲ့ တရွေ့ရွေ့သွားနေစဲ..

ပန်းပွင့်ဖို့စောင့်စားခဲ့ချိန်
င့ါ မှာအပြစ်မရှိ
ငါ့ မှာဒဏ်ရာမရှိ
ငါ့ မှာအတ္တမရှိ
ငါ့ မှာအလွမ်းမရှိ..

နေ၀င်သွားခဲ့ပြီ..
ညနေရီရဲ့ မျက်စတပစ်မှာပဲ
မိုးတိမ်တွေအားလုံး အငွေ့ပျံခဲ့
ကန္တာရအဖြစ် သွပ်သွင်းမြှုပ်နှံခဲ့ရတဲ့
ငါ့ရင်ခွင်
အခုတော့ ခြောက်ကပ်ကပ်နဲ့
အိမ်ပြန်ခဲ့ပြီ..

မိုးကြယ်


ဒီကဗျာလေးနှင့် ၂၀၀၉ခုနှစ်ကို ထားခဲ့လို့ ၂၀၁၀ခုနှစ်အား ကြိုဆိုပါသည်။ မင်္ဂလာပါ.

Saturday, December 26, 2009

လေထဲကလူ

မငိုတော့ပါ
ငါ မငိုတော့ပါ

ကောင်းကင်ကို ဆွဲခါရမ်းအပြီးမှာ

ဝရုန်း သုန်းကား ထွက်ပြေးသွားတဲ့
တိမ်ဆိုင်တွေကို မနှုတ်ဆက်ပါ..

မြေပြင်က အလျင်းသင့်သလို လက်ခံမဲ့
ကြယ်စင်တွေကို ငေးကြည့်မနေတော့ပါ..

ငါဟာ လေထဲမှာပါ
လေထဲမှာ လွင့်နေတဲ့လူပါ

အမြတ်နိုးဆုံး ရင်ခုန်ခဲ့ရတဲ့
ပန်းလေး တစ်ပွင့်အတွက်

အကြည်နူးဆုံး တောက်ပခဲ့ရတဲ့
မျက်နက်ဝန်းလေး တစ်စုံအတွက်

အတက်ကြွဆုံး ပျော်ဝင်ခဲ့ရတဲ့
ဖ၀ါးနုနုလေး တွေအတွက်

ငါဟာ လေထဲမှာ လွင့်နေခဲ့တာပါ…

အတောင့်တရဆုံး နှင်းဆီလေးရေ
ကောင်းကင်ထဲအထိတိုးဝင်ပြီး
မင်းရနံ့ ကိုနမ်းရှိုက်ဖို့ အတွက်

မင်း အပြုံးချိုမြ လေးများ ကမ်းလင့်လှည့်ပါ..

အဲဒီ အပြုံး နှုတ်ခမ်းပါးလေးကို တွဲခိုလို့
ငါ..
ငါ.. မင်းရဲ့ အနား ခစားချင်လှည့်ပါ့…

ငါဟာ လေထဲမှာလွင့်နေတဲ့
လေထဲက လူပါ။


မိုးကြယ်

Wednesday, December 23, 2009

ကျွန်တော့်ရင်ဘတ်ထဲက...

စုန်းအို တစ်ကောင်ရဲ့
ရယ်သံ ခပ်စိုးစိုး
လင်းနို့ အော်သံတွေဟာ
လရောင်စမ်းပြီး
ငါ့အခန်း နံရံတွေကို ကုတ်ခြစ်…

ကောင်းကင်ရဲ့ ဒဿနမှာ
ညဆိုတာလည်း မှောင်မည်း
နေ့ဆိုတာလည်း မှောင်မည်း
တစ်ရောင်ထဲပဲ…
ရင်ကွဲနေတဲ့ ၀ံပုလွေဟာလည်း
တစ်ကောင်တည်းပဲ..
ဒါပေမဲ့
လရောင်ကို မြတ်နိုးတာခြင်းတော့
တူကြတယ်။

ပင်လယ်ရဲ့ တစ်စိမ်းတစ်ရံဆန်မှုတွေဟာ
မြစ်တွေရဲ့ ပျော်ဝင်ခြင်းကို
အရည်ဖျော်ပစ်ကြတယ်..
ဇင်ယော်တွေကတော့ ပျံဆဲ ပျော်ဆဲ..
ကျောက်ဆောင်တွေကတော့ တည်ဆဲ..
နှလုံးသားတစ်ခု အတွက် မျက်ရည်တွေကကော
အချစ်ရဲ့ပြယုဂ်လား.. အမုန်းရဲ့ တေးသွားလား
လောကဟာ မာယာတော့ အများသားရယ်။

ဂီတစီးကြောင်းဟာ ငြိမ့်ညောင်းခဲ့တယ်..
အော်သံခပ်ပြင်းပြင်းတွေဟာ
အာဟာရပြည့် ပေါ့
ပြီးတော့
မြူးကြွ..
ဝိဥာဉ်တွေ ကခုန်ခြင်းမှာပဲ
ညဟာလည်းတစ်ဖြည်းဖြည်း
အရောင်လွင့်..

စုတ်ချက်ရာ ဗရဗွနဲ့ ကင်းဘတ်(စ)
သူ့ရဲ့ ခံယူချက်မှာ ပန်းချီဟာ ဂီတ
ဖန်တီးခြင်းတွေရဲ့ ဘာသာဗေဒ
အနုပညာဟာ သွေးတွေရောမွှေနှောက်
ခန္ဓာကိုယ်မှာ အဲဒါဟာလည်း
မရှိမဖြစ် အာဟာရ
အရူးအမူး ခုန်မင်ခဲ့ရတယ်။

မိုးကြယ်

The Last Flower

Sleeping Lady