Sunday, November 30, 2008

တောပန်း

တောပန်း

ကျေးလက်ကအရိုင်းစံပယ်

သင်းပျံ့ လို့ တင့်တိုင်းထည်မို့

လွမ်းချင်တယ်ကွယ်


လှမ်းမယ်လို့ ကြံတိုင်း

ဒီလမ်း ဘယ်မှာ မသိသည်မို့

ထို့ ပျို့  နှုတ်ခမ်း….လွမ်းလှတယ်ကွယ်….

ကိုနေ(၇.၁၁.၂၀၀၈)

အောင်နိုင်သူ

အောင်နိုင်သူ

ခဏနေရင်ငါကြွေမယ်…

ခဏနေရင် ပြန်ပြီးဝေမယ်…..


ဒါဟာနိယာမတစ်ခုပေါ့….


မာယာများလား….

မသိနားမလည်လို့

လောကတန်ခိုးနဲ့

သင်ကြားမလို့ပါ….


စမ်းသပ်ကာလ

အစမ်းခန့် ကာလနဲ့

မိုးတွေ ဆောင်းတွေသာ

ပြောင်းနေတယ်….


လောင်းကစားပွဲ တစ်ခုထဲက

အံစာတုံး

ခုထက်ထိတော့

ပြုံးနေတုန်းပဲ….


ကိုနေ(၇.၁၁.၂၀၀၈)


Thursday, November 27, 2008

ရေးသားခွင့်မပြု


ရေးသားခွင့်မပြု

ပန်းတွေနဲ့ ဟန်ဆောင်ပေါက်ခတ်..
ဓါးသွားထက်ထက်ထည့်ပေးလိုက်တာလည်း၊
စုံလုံးကန်းနေတဲ့ ငါ့နှလုံးသား….
ရင်ဘတ်ကြားက ပြုံးပြ…
နုံခြာခြာညကလည်းလက်ပိုက်ကြည့်နေပြန်တယ်။

ခက်တာကလား..
မြေဖုတ်ဘီလူး သီကျူးတဲ့
ငရဲတေးမှာမှ ကိုယ့်ကိုယ်ကို် ဖျော်ဝင်..
ပျော်ဝင်လို့ နေ့မကူးခင်ပဲ
မှောင်မိုက်ခဲ့ပြန်တယ်။

လင်းခြင်း ကင်းတယ်
တောက်စား ပျော်မြူးကြတယ်..
တဟီးဟီး တဟားဟားနဲ့
စုန်းအော်သံတွေကြားမှာပဲ
လမင်းဟာ စောင်းအိုပိုက်၊
အလွမ်းငိုက်စိုက်နဲ့
ကမ္ဘာမြေကို လစ်လျူရှုတယ်..
ငါ့ကိုလည်းလစ်လျူရှုတယ်။

ကြယ်တစ်စက်တောင်မလင်းတဲ့ကောင်းကင်
သူပြုံးတာလည်းငါမမြင်..
ငါပြုံးတာလည်းသူမမြင်..
တမြေ့မြေ့ဆွေး…
တရွေ့ရွေ့ဝေးရင်းနဲ့ပဲ။

ကောင်မလေးရေ
စာရွက်ဖြူတစ်ရွက်….
မရေးသားပဲနဲ့ ညစ်နွမ်းသွားမယ်ဆိုရင်လည်း…..
ငါ......
အစွမ်းကုန်ညစ်နွမ်းပစ်လိုက်မယ်။


မိုးကြယ်

ရည်ရွယ်ကာ


ရည်ရွယ်ကာ

ငါ.........
ဟိုး..က
မိုးတိမ်တွေရဲ့ နောက်မှာ ပုန်းနေတယ်...

မိုးရေတွေရဲ့  အောက်မှာ
ကျိုးကျေခဲ့ ရတဲ့ တိမ်တွေနဲ့
ဆောင်းကိုတနေ့ အလှဆင်မလို့ လေ...

ကိုနေ(၂၀.၁၁.၂၀၀၈)

Saturday, November 22, 2008

အမှိုက်


အမှိုက်

ကျုပ်ကိုကျုပ်ဘာမှန်းတောင်မသိတော့.. ဘယ်လည်းဘာလဲ.. ကျုပ်ကကောဘာလည်း…အမြင်မတော်ရင်မနေတတ်တာကျုပ်အကျင့်… အဲဒါကြောင့်ပဲ ကျုပ်ကိုယ်ကျုပ်တောင်ပြန်ဖမ်းလို့မမိတာ..ကျုပ်ကသူလိုငါလိုပါပဲ.. လမ်းသွားလမ်းလာတစ်ယောက်ပေါ့…. မီးပူမတိုက်ထားတဲ့ ခေါက်ရိုးကျိုးမျက်နှာနဲ့ တွန့်လိမ်လိမ်ပြုံးပြနေတတ်တဲ့ သူလိုငါလိုလမ်းသွားလမ်းလာတစ်ယောက်ပေါ့… အမြင်မတော်ရင် အမြင်တော်အောင်ကို လုပ်လိုက်ရမှကျေနပ်တာကလား….. အမှိုက်… အဲဒီအမှိုက်တွေ လမ်းပေါ်မှာပွစာကြဲ.. အမြင်မတော်လို့ကောက်လိုက်ပါတယ်…. ရှေ့မှာလည်းတစ်ပုံတစ်ပင်.. အမြင်မတော်တာ.. အမြင်မတော်တာ… အမှိုက်ကောက်ရင်း အမှိုက်ဖြစ်သွားတာကကျုပ်.. လမ်းမီးတိုင်အောက် ငုတ်တုတ်အိပ်ခဲ့ရတာကျုပ်.. လက်မဆေးပဲ အမှိုက်ပစ်သွားတဲ့ လူကြီးလူကောင်းတွေ.. လက်မဆေးပဲအမှိုက်ကောက်တာကျုပ်.. မျက်နှာမသစ်ပဲအမှိုက်ပစ်သွားတဲ့ လူကြီးလူကောင်းတွေ… မျက်နှာမသစ်ပဲ အမှိုက်ကောက်တာကျုပ်..ပစ်ကြစမ်း.. ဖွလိုက်ကြစမ်း… ကျုပ်ကအမြင်မတော်လို့ အမှိုက်ကောက်ရင်းအမှိုက်ဖြစ်သွားတာ..

ပြောမယ်ရောင်းရင်း လမ်းသွားလမ်းလာအချင်းချင်း..

ဘ၀လမ်းမှာတော့ အမှိုက်မဖွမိစေနဲ့..

အမြင်မတော်တောင် ကျုပ်ကောက်ပေးလို့မရ..

ဒါတော့ သတိချပ်စေချင်…

မိုးကြယ်

Thursday, November 20, 2008

အချိန်ပျောက်နာရီ



အချိန်ပျောက်နာရီ


နားကိုမလည်သေးဘူး…

ရူးသွပ်ခဲ့တဲ့အကြောင်းကို…

နှုတ်ခမ်းအိုတွေများလား….ငါ့နားမှာ…


လမ်းကြားအိုမှာ…

ငိုခဲ့ရတဲ့အကြောင်းကိုမပြောပါနဲ့တဲ့…

လေညင်းကတောင်းဆိုတယ်….


အချိန်ကလဲ

ကမ်းကုန်လမ်းကုန်လန်းခဲ့ပြီးမှတောင်းပန်….

ဓာတ်ခဲကုန်သွားလို့များလား…


ဟောင်းသွားတဲ့လတွေကိုပြန်ပြန်ကောက်ရင်း….

ကြယ်တွေမောနေလို့တဲ့လေ

ဒီလိုနဲ့ပဲ…မိုးသောက်ယံကို မြန်မြန်အလှည့်ပေးလိုက်ရတယ်….


ကိုနေ

အတိတ်ကောက်ခြင်း




အတိတ်ကောက်ခြင်း

ကောင်းကင်တွေပွင့်နေကြတယ်
အလည်အပတ်လာရောက်ပြီးတော့
ပြန်ရမှာပေါ့…

မှားခဲ့ခွင့်လွှတ်…
လွတ်ရာလွတ်ကြောင်း
ခုမှ အာပတ်ဖြေနေရတယ်…

မိုးတွေပြိုစ…
ကောင်းကင်မှကျတဲ့ကြယ်လို
မှိန်တုတ်တုတ်လင်းနေတဲ့ညပေါ့…

ငါပြန်နေကျလမ်းက…
ပြိုကျသွားလို့များလား…
လမ်းမီးတိုင်တွေအမြင်အာရုံချို့ တဲ့နေကြတာ…

လာမယ်ကြာမယ်တဲ့
တစ်ဖက်ကမ်းကပန်းချီဆရာ…
ပင်လယ်ပြင်ကိုဆေးခြယ်နေရလို့တဲ့လေ….

ကိုနေ

Saturday, November 8, 2008

စိတ်ကူးချွန်ချွန်တွေကြားကအသက်ရှူသံချို၊ချဉ်၊ဖန်၊ခါး၊စပ်


ကောင်းကင်တစ်ခု၏အစ

တစ်ချို့က တောင်ကုန်းအမြင့်ကြီးပေါ်တက် လက်မှာလည်းအတောင်ပံလိုသစ်ရွက်အကြီးကြီးတွေကိုင်ပြီးခုန်ချပြီးရင်လေထဲမှာတစ်ဖျပ်ဖျပ်ခပ်ပြီးပျံနေကြတယ်တစ်ချို့ကလှေကားအရှည်ကြီးတွေထောင်နေကြတလှေကားတွေကလည်းရှည်လိုက်တာများဘယ်နေရာမှာအဆုံးသတ်သွားလည်းတောင်မမြင်ရတော့ဘူးတစ်ချို့ကတော့ငြိမ်ငြိမ်လေးထိုင်ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်နဲ့ သမထကျင့်နေသလိုလို.

ကျွန်တော်ရုက္ခစိုးနဲ့တွေ့ပြီးရွာထဲဝင်လာခဲ့တာပဲဘယ်သွားလို့ဘယ်လာရမှန်းမသထိဗိုက်ကလည်းစာပြီဟိုရှေ့မှာတော့လူတစ်ယောက်သစ်ပင်အောက်မှာထိုင်ပြီးစဉ်းစားခန်းဖွင့်နေတယ်ထင်ပါ့။ထမင်းဆိုင်ဘယ်နားမှာမှန်းအဲ့ဒီလူကိုသွားမေးကြည့်ရင်ကောင်းသားဆိုပြီးကျွန်တော့်ခြေလှမ်းတွေကိုသူ့ဆီဦးတည်လိုက်ပါတယ်။

‘အဟမ်း..အဟမ်း’
ကျွန်တော်မြန်မာရုပ်ရှင်တွေထဲကလို ချောင်းဆိုးပြီးအသံပေးလိုက်ပါတယ်။သူကတော့ကျွန်တော်ရှိတယ်လို့တောင်မထင်ဘူးလက်ထဲကပန်းသီးကိုဟိုလှည့်လိုက် ဒီလှည့်လိုက်နဲ့သေသေခြာခြာကိုကြည့်နေတော့တာသူ့ကြည့်ရတာစိတ်မထင်ရင်ပဲထကိုက်တော့မလိုလိုနဲ့ပန်းသီးကိုပြောပါတယ်ကျွန်တော်နောက်တစ်ကြိမ်ချောင်းထပ်ဆိုးလိုက်တယ်။ဒီတစ်ခါတော့တော်တော်ကျယ်သွားမလားပဲ။
‘အဟမ်း..အဟမ်း…အဟမ်း…ဟဟ…ဟဟဟဟ (အက်ကိုး ဟုယူဆပါ)’
ဒီထက်ကျယ်ရင်တော့လိပ်ခေါင်းထွက်ဖို့ပဲရှိတော့တယ်။ တော်သေးတာပေါ့ဗျာဆရာသမားကကြားသွားပြီးလှည့်ကြည့်ရှာလို့။

‘မောင်ရင် ကသူစိမ်းထင်တယ်’
မေးပြီးတော့ ကျွန်တော့်ကိုတစ်ချက်စွေကြည့်တယ်။ ဒီလူ့ကြည့်ရတာ ရုက္ခစိုးတော့ဟုတ်ဟန်မတူဘူးမျက်စိကခပ်စွေစွေနှဖူးကမောက်မောက်ပါးလည်းတော်တော်ဖောင်းတာပါလလား။ထူးခြားတာကတော့သူ့သွား။ခေါလိုက်တဲ့သွား
ဗျာနည်းနည်းနောနောခေါတာမဟုတ်ဘူး။ ခေါတာမှ အပေါ်သွားကောအောက်သွားပါအပြိုင်ခေါနေတာ။ အပေါ်သွားနဲ့အောက်သွား လက်ခုပ်တီးလို့တောင်
ရတယ်။အဲဒီ လောက်ထိခေါတာ။

‘ဟုတ်တယ်။ ‘
ကျွန်တော်သူ့အမေးကိုချက်ခြင်းအဖြေပေးလိုက်တယ်။
'မောင်ရင်ကချောင်းဆိုးနေတာလား… ချောင်းဆိုးတယ်ဆိုတာကမ္ဘာမြေကြီးနဲ့နည်းနေလို့ ဆိုးတာ။ လေထဲမှာသာပြန်နေလိုက်ချောင်းမဆိုးတော့ဘူး…’
သွားသာခေါတယ် စကားကတော့ပီသာဗျ။
‘အာ.. လူပဲချောင်းဆိုးတာစမ်းသလားဗျ။ ကမ္ဘာမြေပေါ်မှာနေလို့ချောင်းဆိုးရတယ်လို့ရှိမလားဗျ။’
‘အဲဒါကြောင့်ပြောတာ မင်းငှက်တွေချောင်းဆိုးတာကြားဘူးလား။ ‘
‘ဟင့်အင်း..’ သူပြောမှပဲ… ဘယ်လိုလုပ်ကြားဖူးမှာလဲ..
‘အေးလူတွေလည်း ငှက်တွေလိုလေထဲမှာ ပျံနိုင်တယ်ဆိုရင်ဘယ်ချောင်းဆိုး
တော့မလဲ..’
ကျွန်တော်တော့သွားပြီထင်တယ်ကိုယ့်ကိစ္စနဲ့ကိုယ်ဆိုတော့လည်းသူပြောတာငြိမ်ပြီးနားထောင်နေလိုက်တယ်သူကတော့လက်ထဲကပန်းသီးကိုစိတ်ဝင်တစား
ကြည့်နေတုန်းပဲ။
‘မောင်ရင် နယူတန်ကိုသိလား’
‘သိတာပေါ့ဗျ။ နာမည်ကျော် ပုဂ္ဂိုလ် ပဲဟာ.’
‘အေးနယူတန်ကပန်းသီးတစ်လုံးကိုအခြေပြုပြီးကမ္ဘာမြေကြီးရဲ့ဆွဲအားကိုရှာဖွေတွေ့ရှိခဲ့တယ်ငါကတော့ပန်းသီးတစ်လုံးကိုအခြေပြုပြီကမ္ဘာကြီးရဲ့ဆွဲအားကို
ဘယ်လိုလျှော့ချရင်ကောင်းမလဲလို့စဉ်းစားနေတာ။ ဆွဲအားလျော့သွားမှလူတွေကောင်းကင်မှာပျံနိုင်ကြမှာပေါ့ကွာ။ ‘
သွားပါပြီ။ သွားပါပြီ။ ကျွန်တော်တော့ အကြီးအကျယ်မှားပြီထင်တယ်။တော်သေးတယ်ပြောရမလားပဲ ကယ်တင်ရှင်ပေါ်လာပေလို့။
‘ကိုပေါက်တူး ‘
အော်သံတစ်ချက်ကြားလိုက်တယ် ခပ်ညက်ညက်လေးပဲ။
‘တော်လည်းတစ်နေ့တစ်နေ့ဒီပန်းသီးတစ်လုံးနဲ့အချိန်ကုန်နေတာပဲ။’
‘ဘာမှလည်းဖြစ်မလာသေးဘူး။ ပန်းသီးကိုခဏထားခဲ့ ဒီမှာရေချိုးစရာရေမရှိတော့ဘူး။ ရေလာဆွဲပေးဦး။’
ဆရာသမားမျက်နှာနည်းနည်းပျက်သွားတယ်။
‘လုပ်ပြီစကားကောင်းနေပြီဆိုရင် မိန်းမတို့ကတော့လုပ်ပြီ။ ‘ခပ်တိုးတိုးငြီးတွားလိုက်တယ်။
‘ကဲကဲ မောင်ရင်သွားစရာရှိတာသွားတော့ ငါလည်းရေသွားဆွဲပေးလိုက်ဦးမယ်။’
ဆရာသမားကပြောပြောဆိုဆိုနဲ့ထထွက်မယ်လုပ်..
‘ဟဟ နေပါဦးဗျာ.. ခင်ဗျားကိုမေးရာရှိလို့ပါ။’
‘မေးမေး မြန်မြန်မေးကွာ..’
‘ကျွန်တော့်ကိုထမင်းဆိုင်လမ်းညွှန်ပေးပါဗျာ။’
‘သြော်.. အေး.. ဒီကနေရှေ့တည့်တည့်လျှောက်..ပြီးရင်ဘယ်ဘက်ကိုကွေ့..’
‘ရွာလယ်လမ်းမကြီးကိုရောက်သွားမယ်။ အဲဒီမှာထမင်းဆိုင်တွေမှ အပေါသား…’
‘ကျေးဇူးပဲဗျာ.. သွားလိုက်ဦးမယ်..’
‘သြော်ဒါနဲ့.’ကျွန်တော့်ရဲ့ဒါနဲ့စကားကြောင့် သူသွားမယ့်ခြေလှမ်းရပ်ပြီးလှည့်ကြည့်ပါတယ်။
‘နယူတန်က ပန်းသီးတစ်လုံးကြောင့်ကမ္ဘာမြေရဲ့ဆွဲအားကိုတွေ့ရှိသွားတယ်နော်..’
နယူတန်ကိုကြားလို့လား. ပန်သီးကိုကြားလို့လားတော့မသိ သကောင့်သားမျက်လုံး
တွေအရောင်လက်သွားတယ်။ ကျွန်တော်လည်းအခွင့်အရေးကိုလက်လွှတ်မခံပဲ..
‘နယူတန်လိုပဲ ပန်းသီးကိုအရင်းပြုပြီး ဆွဲအားကိုတွေ့ရှိသွားတဲ့လူတွေရှိသေးတယ်..’
‘ဟင်ဘယ်သူတွေလည်းကွ.’.
‘အာဒံနဲ့ဧ၀လေ..’
‘ဘာ အေးတင့်နဲ့အောင်ဝင်းလား…’
‘အာ..ခင်ဗျားကလည်း..အာဒံနဲ့ဧ၀ပါဗျ..ဘယ်ကလာအေးတင့်နဲ့အောင်ဝင်းရမှာလဲ’
‘သူတို့က ပန်းသီးတစ်လုံးကိုအရင်းပြုပြီး အချစ်ရဲ့ဆွဲအားကို တွေ့ရှိသွားကြတာဗျ’
‘သြော်..’
‘မအော်နဲ့ဦး.. နောက်တစ်ယောက်ရှိသေးတယ်..’
‘ဘယ်သူတုန်းကွ သူကကောဘာများတွေ့ရှိသွားတာလည်း..’
‘သူကတော့ ပန်းသီးတစ်လုံးကို အရင်းပြုပြီး ရေဆွဲအားကိုတွေ့ရှိသွားတာဗျ..’
‘သူကဒီရွာကပဲ.. ဟဲဟဲ..’
‘ကဲကဲ သွားလိုက်ဦးမယ်ဗျို့.. ‘
ပြောပြီးပြီးချင်းပဲကျွန်တော် ထမင်းဆိုင်တွေရှိရာထွက်လာခဲ့ပါတယ်။
‘ဟာဟာ.. ဟေ့မောင်ရင်… ဘယ်သူလဲဆိုတာပြောသွားဦးလေကွာ..’
သူ့အမေးကိုမဖြေပဲ ကျွန်တော် လက်ပြပြီး ထွက်လာခဲ့လိုက်ပါတယ်။ဖြေစရာမလိုဘူးလေ ကိုယ့်ဘာသာစဉ်းစားပေါ့.. ဟဲ ဟဲ

---xxx-----xxx--------xxx------xxx---------xxx----

အခန်း(၂)
ဟုတ်ပါတယ်ဆိုင်တွေမှအပေါသားဗျာဒါပေမဲ့ထမင်းဆိုင်မဟုတ်ဘူးထီဆိုင်တွေအပေါင်ဆိုင်တွေဘုံဆိုင်တွေစုံလို့ဗျာထမင်းဆိုင်ဘယ်နားမှာမှန်းတောင်မသိဘူး။
ဒီလိုနဲ့လျှောက်ရှာလိုက်တာ ဟောတွေ့ပါပြီဗျာ။ ဘာတဲ့ ပန်းတို့၏ဥယျာဉ်မှူးတဲ့။ကျွန်တော်လည်းဗိုက်စာပြီဆိုတော့ခပ်သုတ်သုတ်ဝင်လိုက်တယ်ထမင်းဆိုင်တစ်
ဆိုင်ထဲရှိလို့လားမသိဘူး လူတွေတော့ တော်တော်များတယ်။ တော်သေးတာကလွတ်နေတဲ့စားပွဲတစ်လုံးရှိသေးလို့အဲဒီစားပွဲကိုကွေ့ပတ်ရှောင်ရှားပြီးသွားထိုင်
လိုက်တယ်… ထို်င်ပြီးပြီးချင်းပဲ…
‘ဘာသုံးဆောင်မလဲရှင်…’
နားထဲမှာချိုပြီးအေးသွားတာပဲ.. အသံနဲ့လူနဲ့လိုက်ပါပေတယ်..
ပါးမှာသနပ်ခါး ပါးကွက်ကြားလေးနဲ့ ကောင်မလေး..ညိုပြာညက်လေးပေါ့…
‘သြော်ဘာတွေများရလဲမသိဘူး..’
ကြက်သား၊၀က်သား၊ဆိတ်သား၊အမဲနှပ်၊ပုဇွန်ဆီပြန်၊ငါးရံ့အူ၊ငါးသလောက်၊ငါးပြေမ၊ငါးသလဲထိုး…….
သူရွတ်သွားတာတွေကလလည်းစုံလို့ဗျာ။
‘…. ၊….၊….’
‘ဟုတ်ကဲ့ရှင့် ခဏစာင့်ပါနော်…’
စားကောင်းမဲ့ ဟင်းသုံးလေးမျိုးနဲ့ထမင်းမှာလိုက်တာပါ..
‘မောင်ရင် က သူစိမ်းထင်တယ်..’
‘ဗျာ..’
ကောင်မလေးမလာပဲ လူ၀၀ကြီးတစ်ယောက်ရောက်လာလို့ကျွန်တော်သြံသြသွားတယ်။
‘ဦးကဒီဆိုင်ပိုင်ရှင်ပါ..’ပြောပြောဆိုဆိုနဲ့ ကျွန်တော့်စားပွဲမှာဝင်ထိုင်တယ်။
‘သမီးချည်း ၉ ယောက်မွေးထားတယ်။ ‘
‘သြော်ဒါကြောင့် ဆိုင်နာမည်က လှနေတာကိုး..’
‘ဒါပေါ့ကွာ သမီးတွေမွေးထားပြီး ထိန်းကျောင်းနေရတော့ ဒီနာမည်လေးပေးလိုက်တာပေါ့ကွာ..’
‘သြော်..ဒါဆိုရင်ဦးလည်း ပန်းပါမှာပေါ့နော်…’
‘အေးလေ.. ပန်းပါလို့လည်း ကလေးတွေ ဒီအရွယ်… အာဟေ့ကောင်
ဘာတွေလျှောက်မေးနေတာလည်း…’
‘ကျွန်တော်က ဦးနာမည်မှာ ပန်းပါလားလို့မေးတာပါ… ‘
‘ဥပမာ.. ဦးရွှေပန်းတို့.. ဦးပန်းနာတို့ လို…လို…’
‘ဟေ့ကောင် ဘာပန်းမှာမပါဘူး.. ငါ့နာမည်က ဂေါ်ဖီကွ…’
‘အဲဒါနဲ့များပန်းမပါဘူးတဲ့.. ဂေါ်ဖီလည်းပန်းပါပဲဗျ’
ပြောရင်းဆိုရင်းမှာထားတာလေးတွေ ရောက်လာလို့စားမယ်ကြံရုံရှိသေး..
‘မောင်ရင်က ဒီရွာကိုဘာလာလုပ်တာလည်း..’
‘လမ်းကြုံလို့ ၀င်လာတာပါ…’ ထမင်းပွဲရောက်လာလို့ထင်တယ်။
‘သြော်…မောင်ရင်ဦးကိုအားမနာနဲ့စားစား..’
ပြောနေတာနောက်ကျနေဦးမယ်..ကျွန်တော်ကစားတောင်စားနေပြီ။သူကတော့ ပြောစရာရှိတာဆက်ပြောနေတော့တာပဲ..
‘ဦတို့ရွာလေးကသာယာတယ်ကွ….မြစ်ချောင်းအင်းအိုင်လည်းပေါတယ်..’‘ဆန်ရေစပါးလည်းကြွယ်ဝတယ်ကွ…’‘ဘုံဆိုင်တွေထီဆိုင်တွေအပေါင်ဆိုင်တွေ
လည်း ပေါများတယ်နော်..’
ကျွန်တော်သူ့စကားကို စားနေရင်းနဲ့ဖြတ်ပြောလိုက်တာပါ။
‘အန်.. အင်း.. ဒါကဒီလိုရှိတယ်ကွ..’
‘တို့ရွာက ဘုံဆိုင်တွေ၊ အပေါင်ဆိုင်တွေ၊ထီဆိုင်တွေကအကျိုးတူစီးပွားရေးလုပ်နေတာကွ..’
‘ဗျာ’… စားနေရင်းနဲ့ထမင်းလုပ်တောင်ဘေးချော်သွားသလိုပဲ။ဒါတွေကကအကျိုးတူစီးပွားရေးတဲ့..
‘ဟုတ်တယ်… ရွာကလူတွေက ရှိစုမဲ့စုလေးတွေကို အပေါင်ဆိုင်မှာ လာပေါင်..ပြီးရတဲ့ ပိုက်ဆံနဲ့ ထီထိုး..ဟော ထီမပေါက်တော့စိတ်ညစ်ညစ်နဲ့ ဘုံဆိုင်ရောက်..
ထီပေါက်တဲ့သူတွေကလည်း ပျော်လို့ဆိုပြီးဘုံဆိုင်ရောက်…ကဲ အကျိုးတူစီးပွားရေးမဟုတ်လို့ ဘာလဲ ပြော…’
အခုမှပဲ အကျိုးတူစီးပွားရေးကိုနားလည်လာသလိုပဲ… ကြုံဖူးပေါင်ဗျာ..
‘ဟုတ်ကဲ့..ဟုတ်ကဲ့…’
‘အေးကွာ.. ဦးတို့ရွာမှာက ဒါမျိုးတွေသာပေါတယ်.. အနုပညာသမားကခပ်ရှားရှားရယ်… ရှားဆို ရွာမြောက်ပိုင်းက နတ်ကတော်ကိုသြရယ် ဦးရာယ်ပဲရှိတာ
ကလား..’
ပြောပြီးတော့ သူ့ကိုယ်သူ ကျေနပ်နေတယ်ထင်ပါ့.. မျက်နှာကြီးကပြုံးလို့…
‘မောင်ရင် ဗင်းဆင့်ဗန်ဂိုးတို့ ဂေါ်ဂင် တို့ကိုကြားဖူးလား..’
‘ကြားဖူးတာပေါ့ အင်ပ(ရ်)ရှင်းနစ် ပန်းချီကျော် တွေပဲ ကြားဖူးတာပေါ့..’
‘အေးဦးလည်း တစ်ခါတုန်းက ကိုယ်ပိုင်ဟန်နဲ့ ပန်းချီ………’
‘ဟေ့ ဒီမှာ ပိုက်ဆံဘယ်လောက်ကျလည်း…’
ဝိုင်းတစ်သိဝိုင်းကငွေရှင်းမလို့ လှမ်းအော်တာကိုကြည့်ပြီး.
‘အာ.. ဒီခလေးမတွေ ဘယ်ရောက်နေလည်း.. ခဏနော်မောင်ရင်
ဦးငွေသွားသိမ်းလိုက်ဦးမယ်' ဆိုပြီးထွက်ချသွားလေရဲ့။
ကျွန်တော်လည်း ထိုင်နေရင်းဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့။တစ်ယောက်ထဲဆိုတော့လည်း ဒီလိုပဲ လိုက်ကြည့်ရတာပေါ့နော်..ဟာ.. အထူးအဆန်းပဲ..
နံရံကပ်ကျောက်သင်ပုန်းမှစာတစ်ချို့ရေးထားတယ်သဲသဲကွဲကွဲတော့မမြင်ရဘူး..ခေါင်းစဉ်ကတော့ကြားနာပရစေတဲ့..သေခြာမြင်ရအောင်အနည်းကပ်သွားကြည့်လိုက်မှပဲ..
‘ရွှေဂေါင်းပြောင် ကောင်းမှကောင်း ‘တဲ့အောက်မှာလည်း အရီးစိန် ဆိုပဲ။ တစ်ခြား ရေးထားတာတွေလည်းရှိသေးတယ်။ ‘မုန်လာချဉ် နှစ်ဖတ်တွဲ ပျိုကညာ တစ်သက်စွဲ…ကာလသားခေါင်းမောင်မောင်တုတ်.’ အဲ… မုန်လာချဉ် နဲ့ ပျိုကညာ.. ဘာမှလည်းမဆိုင်သလိုပဲ။
‘ဒါတွေက ထမင်းလာစားတဲ့သူတွေကမှတ်ချက်ပေးသွားတဲ့ စကားလေးတွေပေါ့ကွာ။’
စကားသံကြားလို့လှည့်ကြည့်တော့မှဆိုင်ရှင် ဦးဂေါ်ဖီဖြစ်နေတယ်။
‘ကမ္ဘာကျော်ပန်းပုဆရာကြီးမိုက်ကယ်အိန်ဂျလိုရဲ့ယောင်္ကျားအာဇာနည်ဒေးဗစ်ပန်းပုရုပ်ကိုဖွင့်ပွဲလုပ်တော့ဖလော်ရင့်မြီု့သားတွေကချီကျူးထောပနာပြုတဲ့စာ
တွေကိုစာရွက်အပိုင်းလေးတွေမှာရေးပြီးရုပ်ထုမှာလာကပ်ထားကြတယ်။ဦးလည်းအဲဒီယဉ်ကျေးမှုကိုသဘောကျလို့ဦးဆိုင်မှာ ကျောက်သင်ပုန်းလေးကပ်
ထားပြီး ကြားနာပရစေ လို့ရေးထားလိုက်တာပေါ့။’ ‘ပထမတော့မရေးသွားကြဘူး။နောက်တော့လည်း ကြားနာပရစေဆိုတာဘာလည်းဆိုလို့ရှင်းပြတော့မှ ရေးသွားကြတာပဲ။ မောင်ရင်ကောရေးသွားပါဦးလား။’
‘ကောင်းသားပဲ ရေးမယ်ဗျာ။ ကျွန်တော်လည်းဒီယဉ်ကျေးမှုကိုသဘောကျတယ်။’
ပြောပြောဆိုဆိုနဲ့မြေဖြူခဲကောက်ပြီးရေးလိုက်ပါတယ်။

ဝက်သားရယ်ဆီပြန်..
ပုဇွန်ငယ်ခပ်ကွေးကွေး..
ဘောလောပေါ် ချဉ်ပေါင်ဟင်းမှာ
လက်ကုန်ကာလွေးရသည့်နှယ်
ကောင်းလွန်းသည့်ကြောင်း…

ရှေးခေတ်ကဗျာဆန်ဆန်လေးရေးပေးလိုက်တယ်။ဆိုင်ရှင်ကတော့ဘာမှမပြာပါဘူး။ကဗျာဖတ်ပြီးသဘောကျနေတယ်ထင်တယ်။
‘ကဲဦးရေ…စားလို့လည်းပြီးပြီ ရေးလို့လည်းပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်ဗျာ..’
‘ကျေးဇူးပဲ မောင်ရာ.. နောင်လည်းလာစားပါဦး..’
‘ဟုတ်ကဲ့..ဟုတ်ကဲ့..’
ပြောသာပြောရတယ် ကိုယ့်မှာဘယ်ရောက်လို့ဘယ်ပေါက်မယ်မသိ..ဒါနဲ့ပဲသူု့ကိုနှုတ်ဆက်ပြီး ထွက်လာလိုက်ပါတယ်။

ကျွန်တော်လည်းစထွက်လာကတည်းက ဘယ်ရောက်လို့ဘယ်ပေါက်မယ်မှန်းမသိဘူး။ရွာတစ်ရွာဝင်..ပြီးတော့လည်းပြန်ထွက်သွားရတာပဲလေ…နောင်လည်း
ဘယ်ရောက်ဦးမယ်မှန်းမသိ..သေခြာတာတော့ခရီးဆုံးမှာပန်းတိုင်ရှိတယ်။ပန်းတိုင်ရောက်ဖို့ကအသက်ရှူသံမပြီးဆုံးသ၍သွားနေရဦးမှာပဲ။

ဒီကမ္ဘာမှာ အသက်ရှူသံတွေ အရောင်အဆင်းအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးနဲ့ ပျံ့လွင့်နေတယ်။တစ်ချို့အသက်ရှူသံတွေက အားပါတယ်။ တက်ကြွတယ်။
တစ်ချို့က ခြောက်ခြားနေတယ်။ဝမ်းနည်းနေတယ်။ တစ်ချို့က ခါးသက်နေတယ်။ကျွန်တော်တို့လူတွေဟာ လွပ်လပ်စွာစိတ်ကူးယဉ်ခွင့်ရှိတယ်။ ကိုယ်စိတ်ကူးထားတာတွေကိုပုံဖော်ခွင့်ရှိတယ်။ အဲဒီလိုစိတ်ကူးတွေကို ပုံဖော်တဲ့အချိန်မှာကျွန်တော်တို့
အသက်ရှူသံတွေမခါးသက်နေဖို့လိုတယ်။

ဘာပဲဖြစ်ဖြစ်အဆုံးတစ်နေရာမှာတံခါးတစ်ချပ်ကကျွန်တော်တို့ကိုဆီးကြိုနေမှာပါအဲဒီတံခါးကိုတွန်းဖွင့်ဖို့အတွက်ကျွန်တော်တို့ရဲ့အသက်ရှူသံတွေချိုမြိန်ပါစေလို့….

မိုးကြယ်

Thursday, November 6, 2008

ကောင်းကင်ဟစ်တမ်း




မိုးရွာလိုက်
နေပူလိုက်
တနေ့တနေ့
ရှူရှိုက်လိုက်ရတဲ့ လေတွေ….

ထွက်သွားလိုက်
ပြန်လာလိုက်
ငါ့နေ့ တွေလဲ အငိုက်မိနေတာ..
ကြာပြီ…

မိုးလင်းမိုးချုပ်…
တကုပ်ကုပ်နဲ့…
ရှုပ်လိုက်ရတဲ့..အလုပ်တွေ…
ဆောင်းရာသီတောင်ရောက်လာပြန်ပြီ…

အနားကမရ…
တားမြစ်နယ်မြေလဲဝင်လို့ဝင်
ကြောင်တောင်ကန်းနေတဲ့ ဒီကမ္ဘာ
သာချင်တဲ့ “လ” သာ..သာတော့ကွာ……

ကိုနေ(၀၄.၁၁.၀၈ ၀၀၁၁)