Thursday, November 27, 2008

ရေးသားခွင့်မပြု


ရေးသားခွင့်မပြု

ပန်းတွေနဲ့ ဟန်ဆောင်ပေါက်ခတ်..
ဓါးသွားထက်ထက်ထည့်ပေးလိုက်တာလည်း၊
စုံလုံးကန်းနေတဲ့ ငါ့နှလုံးသား….
ရင်ဘတ်ကြားက ပြုံးပြ…
နုံခြာခြာညကလည်းလက်ပိုက်ကြည့်နေပြန်တယ်။

ခက်တာကလား..
မြေဖုတ်ဘီလူး သီကျူးတဲ့
ငရဲတေးမှာမှ ကိုယ့်ကိုယ်ကို် ဖျော်ဝင်..
ပျော်ဝင်လို့ နေ့မကူးခင်ပဲ
မှောင်မိုက်ခဲ့ပြန်တယ်။

လင်းခြင်း ကင်းတယ်
တောက်စား ပျော်မြူးကြတယ်..
တဟီးဟီး တဟားဟားနဲ့
စုန်းအော်သံတွေကြားမှာပဲ
လမင်းဟာ စောင်းအိုပိုက်၊
အလွမ်းငိုက်စိုက်နဲ့
ကမ္ဘာမြေကို လစ်လျူရှုတယ်..
ငါ့ကိုလည်းလစ်လျူရှုတယ်။

ကြယ်တစ်စက်တောင်မလင်းတဲ့ကောင်းကင်
သူပြုံးတာလည်းငါမမြင်..
ငါပြုံးတာလည်းသူမမြင်..
တမြေ့မြေ့ဆွေး…
တရွေ့ရွေ့ဝေးရင်းနဲ့ပဲ။

ကောင်မလေးရေ
စာရွက်ဖြူတစ်ရွက်….
မရေးသားပဲနဲ့ ညစ်နွမ်းသွားမယ်ဆိုရင်လည်း…..
ငါ......
အစွမ်းကုန်ညစ်နွမ်းပစ်လိုက်မယ်။


မိုးကြယ်

6 comments:

Dr Phyo Wai Kyaw said...

ကြိုက်တယ်ဗျာ။

Anonymous said...

ကောင်းလိုက်တဲ့ကဗျာ--
လှလိုက်တဲ့အတွေး--

Moe Myint Tane said...

ကောင်းလိုက်တာဗျာ။ ဒီကဗျာကို တော်တော်ခိုက်သွားတယ်။ ကိုမိုးကြယ်လေးစားတယ်ဗျာ။
တကယ့်ကိုကဗျာရေးကောင်းတာဘဲ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Anonymous said...

(((((((ဟာ))))))))))

အရမ်းကောင်းတဲ့ကဗျာပေပဲဗျာ ...
လေးစားသထက် ပိုလေးစားသွားမိတယ်ဗျာ ...
အဖွဲ့အနွဲ့ အစပ်အဟပ်နဲ့ ပစ်ထည့်သွားတဲ့ ခံစားမှုတွေ လှလို့လွန်းလို့ ... ပါးစပ်အဟောင်းသား....။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ဘာပြောရမှန်း မသိဘူး.. ကဗျာရေးဖို့ သင်တန်း လာတက်ရင်တောင် ကောင်းမလားပဲ။ ထွက်လာတဲ့ စကားလုံးတိုင်း.. နှစ်နှစ်ကာကာချည်းပါပဲ။

မြတ်သွယ် said...

ကဗျာတစ်ပုဒ်လုံးက စိတ်ဝင်စားဖို့ကောင်းတယ်
ကဗျာကောင်းလေးပါ ကြိုက်တယ်
-တဟီးဟီး တဟားဟားနဲ့
စုန်းအော်သံတွေကြားမှာပဲ
လမင်းဟာ စောင်းအိုပိုက်၊
အလွမ်းငိုက်စိုက်နဲ့- အရမ်းကောင်းတယ် ကာရံလည်းလှတယ်
အားပေးလျက်ပါ ... :D