Sunday, August 31, 2008

ပျောက်ဆုံးအိပ်မက်…

ည….
ငါ့ရင်အိပ်မက် တချို့ ကို
လုယူသွားတဲ့ည….

ဒီညကို..အစပြုခဲ့တာ…
ငါဆိုတော့…

ပျော့ပျော့လေးပြုံးရင်းနဲ့ ပဲ…
ကြေကွဲ နေပါ့မယ်လေ….

ပျောက်ဆုံးအိပ်မက်ည…
ငါ့အတွက်တော့…မနက်အသစ်ဖြစ်လေမလားပဲလေ…..

ကိုနေ(၃၁.၀၈.၀၈) ည ၉.၅၀

ဗလာ..အနာဂတ်

ငါ့..အတွေးကိုဖွင့်ကြည့်တော့…
ဗလာ…

ငါ့…ရင်ခွင်ကို ဖွင့်ကြည့်တော့…
ဟင်းလင်းပြင်နဲ့  ကဗျာ…

ဟာတာတာ….
ညအထာကိုလွမ်းနေတုန်း….

အမုန်းနဲ့ထုဆစ်ထားတဲ့အပြုံးကို…
တပ်မက်နေမိတယ်….

အကယ်၍သာ…
ငါ..ကြွေခဲ့ရင်…

အကြင်နာဘယ်မှာလဲလို့..
ဟစ်အော်တမ်းတ…

လှစ်ဟပြတဲ့…
မဲ့ပြုံး တစ်ခု ဆီမှာပဲ…

သဲသဲမဲမဲ..ခစားချင်နေတယ်….

ဒါဟာ တကယ်လို့…
အညို့  ခံဝိညာဉ်ဖြစ်ခဲ့ရင်….

ညှာတာတာ…အခွဲခံမယ့်..အသည်းအတွက်…
ရင်ကွဲလို့ သာနေလိုက်မယ်…..

ကိုနေ(၃၁.၀၈.၀၈) ည ၉.၄၅

Saturday, August 30, 2008

ရုပ်ကြွင်း

လရောင် တစ်ချက်ခတ်လိုက်ချိန်မှပဲ
ပြိုးပျက်ခွင့်ရခဲ့ပါတယ်။
ငါ..
ကမ္ဘာဦးအစ တိမ်မဲညိုတစ်အုပ်ဆိုရင်..
အခုထက်ထိ
နတ်တွေပြောတဲ့ ပုံပြင်နားထောင်ဖို့
ငါ့မှာနားတွေမရှိသေးဘူး။

မိုးကြယ်

Wednesday, August 27, 2008

သိုင်းလောက တုန်းကျော်

ပညာ၊ ဗဟုသုတများနှင့် တိုးပွားလာသော ခောတ်ကြီးတွင် သိုင်းလောကကြီးလည်း
စည်ပင်ဝပြောလာ၏။ လူငယ်ခြေတက်သိုင်းသမားများကို အားကိုးအားထားပြုကာ
ယခင်ရှိပြီးသောဂိုဏ်းကြီး ခုနှစ်ဂိုဏ်းမှကြီးမှုးပြီး သိုင်းလောက တုန်းကျော်အဖွဲ့ကြီး
ဖွဲ့စည်းလိုက်ပါသည်။ ခေါင်းဆောင်ပိုင်းနေရာကိုလည်း ပညာရည်မြင့်မားသော
လူငယ်ခြေတက်များထဲမှပင်ရွေးချယ်ခန့်အပ်ထားခဲ့ပါသည်။ အဖွဲ့ကြီးဖွဲ့ပြီးသည်နှင့်
တစ်ကိုယ်တော်သိုင်းသမားများ၊ ဂိုဏ်းသေးဂိုဏ်းမွှားများ၊ သိုင်းလောကနှင့်မသက်ဆိုင်
သူများ၊ သိုင်းလောကထဲဝင်ဖို့ကြံနေသူများ တစ်ဖွဲဖွဲဝင်ရောက်လာခဲ့ပါသည်။ အနက်ရောင်
သိုင်းလောကသားများလည်းအပါအ၀င်ဖြစ်ပါသည်။

----------xxxxxxxx------------

အဖွဲ့ကြီးဖွဲ့စည်းပြီးမှ သိုင်းလောကကြီးပိုလို့တောင်စည်ပင်ဝပြောလာပါသည်။
အရင်က ဓါးတစ်ချောင်း၊ သိုင်းကြမ်းတစ်အုပ်ကြောင့် သွေးချောင်းစီးတိုက်ပွဲများလည်းဖြစ်
ပွားခြင်းမရှိတော့ပါ။ သိုင်းကြမ်းတွေ့ပြီ၊ ဓါးတစ်ချောင်းတွေ့ပြီဆိုလျှင် အဖွဲ့ချုပ်ကြီးမှကြီး
မှူးပြီး အပိုင်းများခွဲကာလေ့လာကြပါသည်။

‘ဒီဓါးက မလုပ်ခင်ထဲက အရိုးတပ်ထားတာ။’

‘ဓါးသွားမှာပါတဲ့ အရုပ်တွေအရဆိုရင် punk ဂိုဏ်းဘိုးဘေးတွေရဲ့ ဓါးဖြစ်ဖို့များတယ်။ ‘

စသည်ဖြင့် ဆွေးနွေးကြပါသည်။ ဒါတွင်မဟုတ်သေး သိုင်းပညာ ဖလှယ်ပွဲများကျင်းပကာ
မည်သည့် သိုင်းပညာကဘယ်လို၊ ဘယ်သိုင်းပညာကဖြင့် သက်စောင့်သိုင်းပညာ စသည်
ဖြင့် ဖလှယ်ကာ ဘယ်ဟာကမကောင်းဘူး၊ ဘယ်ဟာကကောင်းသည်ဆိုကာငြင်းခုန်ကြပါ
သည်။ အဖွဲ့ချုပ်ကြီးမှစည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ မည်သည့်သိုင်းပညာက
မကောင်းဘူးဖျက်သိမ်းသင့်သည်။ မည်သည့်သိုင်းပညာကတော့ကောင်းသည် ရှေ့ဆက်သင့်
သည်စသည်ဖြင့်တရားမျှတစွာဆုံးဖြတ်ပေးပါသည်။

‘သားရည်ကွင်းလက်နက်ပုံးအား ဖျက်သိမ်းလိုက်သည်။’

‘လေးဘက်ထောက်ကာခြေသလုံးဖက်ကိုက်သည့် သိုင်းပညာအားကန့်ကွက်သည် ။’

ဒါအပြင်. . ‘ကိုဝက်ပု ခင်ဗျား အတွင်းအားညှစ်ထုတ်နေစဉ်ဖြစ်ပေါ်နေသော မျက်နာမှာ
အင်အင်းညှစ်ထုတ်နေသည့်နှင့်တူနေပါသဖြင့် မျက်နှာပေးလေးအားပြင်ပေးစေချင်ပါသည်။’
စသည် စသည်ဖြင့် စေတနာရှေ့ထားကာ လမ်းကြောင်းမှန်ပေါ်သို့တွန်းတင်ပေးနေပါသည်။

----------xxxxxxxx------------

အခုဆိုရင်..
အဖွဲ့ချုပ်ကြီးမှကြီးမှူးပြီး သိုင်းလောကထိပ်ခေါင်တင် ရွေးပွဲကြီးကိုကျင်းပပေးပါသည်။
သို့အတွက်သိုင်းသမားများမှာ ဓါးသွေးနေရမည့်အစား မျက်နှာခြေများလူးကာ
ဟိုအိမ်ဝင်နှုတ်ဆက်၊ ဒီအရက်ဆိုင်ဝင်နှုတ်ဆက်၊ တွေ့ကရာဂိုဏ်းထဲဝင်နှုတ်ဆက်
နှင့် ခြေခြင်းလိမ်နေကြပါတော့သည်။ သိုင်းသမီးများမှာလည်း

‘LOREAL ကထုတ်တဲ့ နှစ်တစ်ထောင်နှုတ်ခမ်းနီ စကော့ဈေး အရှေ့တန်းမှာပေါ်နေတယ်
သွားလုဦးမှ…’

‘ရေခဲတောင်ပဒိုင်းသီးစားရင် ၀က်ခြံပျောက်တယ်ဆို…’

‘လင်းဠ မယ်တော်ကြီးရဲ့ ဆံပင်ဖြေင့်နည်းကြမ်း မယ်သီလရှင်ဂိုဏ်းကရထားတယ်
ဆိုပဲ..’

စသည့်သတင်းတွေနောက်လိုက်ကာ ဟိုနေရာပြေးလိုက် ဒီနေရာပြေးလိုက်နှင့်
ဖတ်ဖတ်မောနေရှာပါတော့သည်။

သိုင်းလောကထိပ်ခေါင်တင်ဖြစ်ဖို့အတွက်.
သိုင်းကွက်(၃၀)တတ်မြောက်ရမည်။ သိုင်းကွက်(၃၀)မပြည့်လျှင်ပြိုင်ပွဲမှနှုတ်ထွက်ရမည်။
လူချစ်လူခင်ပေါရမည်။ အဖွဲ့ချုပ်ကြီးမှ သိုင်းလောကဘိုးအေကြီးများကို ရိုသေလေးစား
ရမည်။ အောက်လမ်းသိုင်းပညာများမသုံးရ။
ခြွင်းချက်. သားရေကွင်းလက်နက်ပုံးအစား ဒိုးကွင်း၊ လင်းကွင်းများအစားထိုးအသုံးပြု
နိုင်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် သိုင်းလောကဘိုးအေကြီးများအား ခေါက်ဆွဲ
ကြွေးလျှင် မည်သည့်သိုင်းမှတတ်စရာမလို တစ်ချက်တည်းနှင့်ပင် ကျင်းဝင်နိုင်ပါသည်။
(အုန်းနို့ခေါက်ဆွဲ၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်) အထူးသဖြင့် ကြေးအိုးကိုပိုလို့
တန်ဖိုးထားပါသည်။

မိုးကြယ်။

Monday, August 25, 2008

မှောက်မှားခြင်း

နေကလဲပူလိုက်တာနော်…
ကောင်းကင်တောင် အညိုအမည်းစွဲနေပြီ….

ရှေးရိုးစွဲတော့..မဟုတ်ပါဘူး….
အမြင်ကလော်ရင်တော့ ဆဲချင်တယ်….

ဖွယ်ဖွယ်ရာရာ လိမ်းကြံထားတဲ့…
ည စကား….
အထားများမှားလေရော့သလား….

ဟားတိုက်ရယ်ချင်တယ်….
မဖွယ်မရာကြံခံရတဲ့ ညအလား….မှောက်မှားနေကြလို့….

စင်ပေါ်ကို..ထင်ပေါ်ချင်လို့ တက်တာလား….
အခန့်မသင့်ရင်..ဟား တိုက်သွင်းခံရမယ်….

မကြိုက်ဘူးဆို မကြိုက်ဘူး….
သိုက်ရူး ရူးနေတယ်လို့ ဆိုချင်ဆို….

တော်ပါတယ်ဆိုမှ
(သူတို့က)…ဒါတောင် လျှော်ထားတာဆိုပဲ…

ကိုနေ(၂၅.၀၈.၂၀၀၈)

Friday, August 22, 2008

နာရီပြန် သုံးချက်တီး

အိပ်မက်တွေနဲ့ ထွေးလုံးရစ်ပတ်ပြီး
ညတွေလဲအတောင်ပေါက်ကာပျံဝဲ
မှီခိုစရာကင်းအောင်ပဲ
ဒီမြေပြင်က ယိုင်နဲ့နေတယ်။

ငါကူးခဲ့ဖူးတဲ့
ပင်လယ်က..
အဲ့ဒီလောက်တောင်ကျယ်လား
စုပ်တသပ်သပ်နဲ့
ရီဝေမျက်လုံးတွေ
ကောင်းကင်မှာတွဲလွဲခိုနေချိန်

လမင်းကပြောတယ်
သူ့ဘေးမှာထိုင်ပြီး
ငါးမြှားချိတ်နဲ့
ကြယ်တွေကိုမြှားနေတဲ့…

အဲဒီအချိန်
သူမသိရှာဘူး
ငါကတော့ အလင်းတိုင်အောက်
ပြုတ်ကျ ကျန်ခဲ့တဲ့
ငါ့ဦးခေါင်းကိုပြန်မြှားနေမိတယ်။

နားရွက်တွေရေ
တ၀ီဝီနဲ့လည်နေတဲ့
ဟောဟို ကောင်တွေကို
မောင်းပေးပါဦးလား..

ခက်တယ်ဗျာ
လောကကြီးကိုက ဇောက်ထိုးကြီး။

မိုးကြယ်

Wednesday, August 20, 2008

တစ်နာရီစာ

နေ၀င်ရီတရော…
စောစောစီးစီး အိပ်တန်းဝင်တဲ့ ငှက်လိုပဲ
အသည်းအသန်ပြေးလွှားရင်းနဲ့
ညတညနိုးထလာခဲ့ပြီ….

မချစ်ပေမယ့်..ဟန်ဆောင်နမ်း
အဆောင်ဆောင်အခန်းခန်းနဲ့..
ဒီ နန်းဆောင်က…အတုကြီးတဲ့

အလှည့်ပေးပါအုံး
အမုန်းသီချင်းတွေကြီးဆိုနေတာ…
လာသာလာရတယ်….
(ဒီည) ခါလီရိုက်ရတော့မယ် ထင်တယ်….

ညကနာရီပိုင်းနဲ့ ဖျော်ဖြေ….
၄၅ မိနစ်စာ…သီချင်းတပုဒ်….
တလှုပ်လှုပ်ကဗျာရေးနေတုန်း….

မုန်းချင်လဲမုန်း….
ငါကတော့..မနှင်လို…
မင်းယူလာတဲ့…တထောင့်တည….
ဒီညတော့မလိုသေးဘူးတဲ့လေ….

ကိုနေ(၂၀.၀၈.၂၀၀၈)

မြို့ ဟောင်း

ငါ့ရင်ခွင်မှာမွေးဖွား….

ငါ့ ရင် ခွင် မှာ ပဲ.. နိုးကြားကြခဲ့

ဒါဟာ..ရာသီချိန်..ကဗျာတပုဒ်များလား

ဟိုတချိန်က…
ငါ့ ရင်ခွင်မှာ..ပန်းတွေပွင့်တယ်

ဟိုတချိန်က…
ငါ့ ရင်ခွင်က ရင်ပြင်မှာ…
အနမ်းတလှေကြီးနဲ့ ပျော်ဖူးခဲ့ကြတယ်

ဟိုတချိန်က….
ငါ့မြို့ ဦးက..ခမ်းနားတယ်…

ဟိုတချိန်က….
ငါကိုယ်တိုင်က..ငါ့ရဲ့ ….
သက်ရှင်သန်ရာ ဖြစ်ခဲ့တယ်…

ထိုထိုသောအိပ်မက်…

အိပ်မက်မဟုတ်ဘူးလဲ…
အသည်းအသန်ညင်းဆို….

ဒါဟာတကယ့်နေ့တနေ့ လို့ ဆိုပြန်တယ်….

ခုတော့ဆို…
နှမ်းဖြူးတဲ့…အထူးဆိုတဲ့..စကားလုံးကို…
မုန်းလှပြီ….

ခုဆို…
ငါ့ ပျိုးတဲ့ အပြုံးစိုစိုတွေက…
မချိုတော့ဖူးလေ….

ခုဆို…
ငါ့ သန်းခေါင်ယံ တွေက….
နက်လှပြီ….

ခုဆို…
ငါ့လမင်းတောင်
ပြိုစပြုနေပြီ…….

ကိုနေ(၁၆.၀၈.၂၀၀၈)

Saturday, August 16, 2008

ညတညလသာသာ

ဟိုတခါကပေါ့…
ညိုပြာညက်လေးနဲ့လေ…
ငွေရောင်ခင်းတဲ့…ညလေသင်းသင်းမှာ….

အရှင်းမပျောက်သေးတဲ့ ဒဏ်ရာ…
ခုတော့
ငရဲ ပြာတွေ တလှေကြီးနဲ့…

ဝိုင်းမနှဲ့  ကြပါနဲ့….
ငဲ့ကြည့်ပါဦး…..
ထူးမခြားနား…ပြဇာတ်အိုတပုဒ်ကို….

ထိုညက….
ငိုနေတဲ့..စုန်းအိုတကောင်
စိုရွှဲ နေတဲ့ နံရံပေါ် က အမုန်းကိုခိုးပြီး…
လမင်းကို ခုတ်ထစ်သွားတယ်လေ…..

ကိုနေ(၂၄.၀၇.၂၀၀၈)

VIP ဆိုသူများ

အပိုင်း(၁)

VIP ဆိုတဲ့အခန်းထဲကိုသွားဆိုလို့လာခဲ့ပါတယ်။ အခန်းရှေ့ရောက်လို့ တံခါးကိုဖွင့်လိုက်တာနဲ့ပဲ….
လူတွေများရှုပ်ရှက်ခက်နေတာပဲ။ အော်တဲ့သူကအော်၊ ငြီးတဲ့သူကငြီးနဲ့ ၊ အဖြူရောင်ဝတ်ဆရာဝန်တွေ၊ အပြာရောင်အနီရောင်ဝတ် သူနာပြူတွေနဲ့
ပွဲတော်ကြီးကျနေတာပဲ။

VIP ဆိုလို့ လူကြီးလူကောင်းတွေအတွက်အခန်းလားမှတ်တယ်။ ပြီးတော့ ကိုယ့်ကို VIP ဆိုတဲ့အခန်းထဲကိုသွားဆိုလို့ စိတ်ကြီးဝင်ပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်းလို့တောင်သတ်မှတ်လို်က်သေးတယ်။ဘယ်လိုဖြစ်လို့ အရေးပေါ်လူနာခန်းဖြစ်နေရတာလဲ။

အဲဒါနဲ့ အခန်းထဲမ၀င်သေးပဲ သေခြာအောင် ဆိုင်းဘုတ်ပြန်ကြည့်လိုက်တော့။ VIP ဆိုတဲ့စာလုံးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီးပြန်ကြည့်နေသေးတယ်။ သူ့ကိုVIP ဆိုတာမယုံဘုးလားဆိုတဲ့သဘောနဲ့ပေါ့။
…………………..။။။။။……………….

‘မောင်ရင်အခန်းထဲမ၀င်ပဲဘာရပ်လုပ်နေတာလဲ။’
အနောက်ကအသံကြားလို့လှည့်ကြည့်တာ အ၀တ်အစားခပ်စုတ်စုတ်နဲ့ ပေပေရေရေလူကြီး တစ်ယောက်ဖြစ်နေတာပဲ။ ကြည့်ရတာ ဆေးရုံသန့်ရှင်းရေးဝန်ထမ်း
ထင်တယ်။
‘သြော်.. ကောင်တာကပြောလိုက်တာ VIP အခန်းသွားဆိုလို့။ ဒီရောက်တော့ အရေးပေါ်လူနာခန်းကြီးဖြစ်နေတယ်။ ‘
‘ဟုတ်ပါတယ် ဒါက VIP ခန်းပါ။ မမှားပါဘူး။’
‘အာ.. ကျွန်တော်သိတဲ့ VIP ဆိုတာက လေ။ လုကြီးလူကောင်းတွေ၊ အရေးကြီးတဲ့လူတွေကိုပြောတာမဟုတ်ဘူးလားဘယ်လိုဖြစ်လို့အရေးပေါ်လူနာဆောင်ကြီးဖြစ်နေရတာလဲ။’


‘သြော် ဒါငါတို့ဆီက လူနာတွေကို အရေးပေးလို့ VIP လို့တပ်ထားတာ။ Very Important Painent လေကွာ။’
ကျွန်တော် တော်တော်လေးအံ့သြသွားတယ်။ VIP ဆိုင်းဘုတ်ကြီးကိုကြည့်မိတော့ငါပါကွဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကိုပြုံးပြုံးကြီးပြန်ကြည့်နေသေးတယ်။
သူကဆက်ပြောပါတယ်။
‘မင်းပြောတဲ့ VIP ဆိုတဲ့သူတွေ ရောဂါရပြီ၊ သေခါနီးပြီဆိုတာနဲ့ ငါတို့ဆီက VIPအလိုလျှောက်ကိုဖြစ်သွားကြတာပါပဲ။’
‘အေး VIP မဟုတ်ပဲနဲ့ VIP ဖြစ်နေရသူတွေလဲရှိတာပဲ။’
‘မင်းကောဘာလာလုပ်တာလဲ။’
‘မျက်နှာကိုခွဲစိတ်မလို့။ ဒါပေမဲ့မလုပ်ချင်တော့ဘူး။’
‘ဒါနဲ့ ခင်ဗျားက သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး တော်တော်လေးသိနေပါလား။’
‘ဘာကွငါကဘာဖြစ်လို့ သန့်ရှင်းရေးဝန်ထမ်းဖြစ်ရမှာလဲ။ ဆေးရုံအုပ်ကြီးကွ။’
‘ဆေးရုံအုပ်ကြီး။’
‘ဟင်ခင်ဗျားကလဲ ဆေးရုံအုပ်ကြီးသာဆိုတယ် အ၀တ်အစားတွေကဘာလို့ဒီလောက်တောင်ပေရေနေရတာလဲ။’
‘သြော်ဒါလား ငါကလူနာတွေကိုအမြဲတမ်းခွဲစိတ်နေရတာဆိုတော့ အ၀တ်လဲဖို့တောင်အချိန်မရှိဘူးကွ။ သိတယ်မလား VIP ဘယ်လောက်များလဲဆိုတာ။’
‘ကဲသွားလိုက်ဦးမယ်ဗျာ။’
‘သွားသွား။ မင်းလဲနောင်တစ်ချိန် VIP ဖြစ်လာခဲ့ရင်ငါ့ဆီလာခဲ့။’

လှည့်ထွက်လာပြီးမှာတော့ VIP တွေရဲ့အသံတွေ နားထဲမှာပျံ့လွှင့်နေပါတယ်။
အား.. သေပါပြီ။ ဆရာဝန်ဘယ်မှာလဲ။ မေ့ဆေးပေးမှဖြင့်ပေးပါတော့။နာလှပါပြီ။……………

ဆက်ရန်ရှိသေးသည်။

မိုးကြယ်

Sunday, August 3, 2008

လမ်းဟောင်း

……………
မုန်း မှာလား
ညတစ်ည၀ါးတားတားပါပဲ
ချစ်ခြင်းကကော
အပြစ်ကင်းမှာလား…..
လမ်းပေါ်ရောက်မှ
လမ်းပြောက်ပြန်တဲ့ နှလုံးသား
လမ်းမသိတော့လည်း
မျက်ရည်နောက်လိုက်ခဲ့ရပြန်ပြီ။

မိုးကြယ်