Sunday, February 22, 2009

အိတ်ကပ်ထဲမှနံနက်ခင်း



လေက်ကျွမ်းစဲ လောင်ကျွမ်းပြီး

စိတ်ခွန်အားများ

ထားခဲ့… ထားခဲ့ပါ။


တစ်ခါတစ်ရံလည်း

ဖိနပ်အပြတ်နှင့်လူလုံးပြ

အပူလုံးကြွမှုများအား

လျစ်လျူရှုတတ်ရမပေါ့။


မီးပြတိုက် အတွင်းသား

အလင်းကား ခမ်းနားလှချည့်ရဲ့။

ပင်လယ်ဆယ်စင်းအပြိုင်လင်းအောင်ပ၊

လူ့စိတ်အတွင်း မြင်ကွင်းကတော့

ချို့တဲ့လှတယ်။


သူငယ်ချင်းရေ

ချစ်သူရေ

လူဆိုတဲ့လူ မျက်နှာကိုမီးပူတိုက်

ရင်ဘတ်မှာသံမှိုရိုက်ထားတာက

ငါလေ လူပါပဲတဲ့။


မဖုံးကြပါနဲ့

မဖိကြပါနဲ့

ရုံငါးပါးအတိုင်းသာလိုက်ခဲ့ပါ

မမြဲတရားလေးတော့ လက်ကိုင်ထားခဲ့ပေါ့။


ငါတို့ခရီးအား

နီးသလား၊ ဝေးသလား

လားလားမျှမဆိုင်..

ငါသည်သာ

လျှောက်လှမ်းရမည်၊

လှော်ခတ်ရမည်၊

ပျံသန်းရမည်။


တိမ်တောင် အရောင်အဆင်း

အခင်းအကျင်းများနှင့်

ငါ့ဘ၀…ငါ့ပုံရိပ်အား

ချယ်မှုန်း၊ ထုဆစ်လို့

ငါ့ခေတ်အားရှင်သန်ရစေရဲ့။


တစ်ရာနှင့်ငါးဆယ့်သုံး

အတုံးအရုံးလဲသူ

ကဗျာနှင့်ထူမတ်

ဝါရော်ခဲ့ခြင်း အချိန်စက်ကွင်းအား

အလင်းအောက် မွှေးမြ

နှင်းဆီတစ်ပွင့်လှပခြင်းနှယ်

ငါ့အား လောင်ကျွမ်းခဲ့ပါပြီ။


မိုးကြယ်

Sunday, February 15, 2009

သန်းခေါင်လွန်ည

သန်းခေါင်လွန်ည

 

ဆုတ် ထွက် ခွာ ပြေး သွားတဲ့

မီးခိုးတန်းတွေကြောင့်

ငါ့ကောင်းကင်လည်း

မှောင်တစ်ခါ လင်းတစ်လှည့်။


ကြယ်တွေ ကြယ်တွေရယ်လေ

အမှောင်ခိုလို့ ချုံးချုံးချငို…

လမင်း ဆိုတဲ့တေးသံ

သက်ပြင်းရှိုက်သံတွေ ကပ်ငြိပေါ့။

 

သေခြင်းရဲ့လက်တစ်ကမ်း

ဒါမှမဟုတ်

ကမ္ဘာမြေရဲ့ အတွင်းပိုင်းတစ်နေရာ..

အို

လင်းပလှချည့်လား။

 

အလင်းအမှုန်တစ်ချို့တစ်လေ

ဖြုတ်ခနဲ ဖြုတ်ခနဲ

ကြွေကျနေခဲ့။

 

အဲသည် ညမှာပဲ

ငါ့အိပ်မက်ရဲ့ ဈာပနကို

ငါကိုယ်တိုင် မီးသင်္ဂြိုဟ်ခဲ့ရပေါ့။

 

မိုးကြယ်


Tuesday, February 10, 2009

ဆေးဆိုးလမ်း ပန်းရိုက်တိမ်

လောကဥတုမှာ

လမ်းလျှောက်လူသား

သံယောဇဉ်အ၀တ်

ဗလာထီးတည်း

တစ်ခရီးတည်းသွားနေတယ်။

 

ထီးရွက်ကိုဖွင့်

ကိုယ့်လှေကိုထိုး

လောကမြစ်ရိုးမှာ

ဝဲဂယက်ကင်းဝေး

မုန်တိုင်းအေးပါစေ။

 

ကန္တာရသစ်ပင်

အထုပ်အပိုးပြင်လို့

အိုအေစစ်မှာသွားပွင့်မယ်တဲ့၊

 

ထနောင်းပန်းလေးရဲ့ရင်ခုန်သံ

စည်းချက်မှန်နေတယ်။

 

ခက်လှချေရဲ့

လေညှာရယ်

ခြွေရက်တဲ့အခါ

ပင်လုံးညွှတ်မျှဝတ်တွားခဲ့ပေါ့။

 

မနက်ဖြန်သဘက်

နေထွက်တဲ့အခါ

နှင်းဆီတောမှာ မြောရချေရဲ့။

 

အိပ်မက်သစ်ပင်

ကကြိုးစင်တော့

ပိုးချည်ညွတ်ကွင်း

သက်ဆင်းရပ။

 

နာရီဓါတ်စက်

အသက်ဓါတ်ရပ်တဲ့အခါ

အဟောင်းဆိုင်လေးမျှော်နေတယ်။

 

ကံ့ကော်ဝတ်ဆံ

သံယောဇဉ်လက်ကျန်လေးနဲ့

လှမ်းခေါ်တဲ့အခါ

ပြုံးပြပါနော်။

 

တစ်ကြိမ်မှားမိ အပြစ်ရှိရင်

အဖြစ်သနှစ် အသစ်မဖြစ်ချင်

အကျွန် ကျွနု်ပ် အိမ်တွင်းပုန်းလို့

ကုပ်ကုပ်လေးပဲနေပါ့မယ်။

 

ခက်လှချေပေါ့

ကဗျာရယ်

နှစ်ဆယ့်တစ်ရာစု အစောပိုင်းကို

ဆေးဆိုးပန်းရိုက် ခဲ့တယ်။

 

မိုးကြယ်

Saturday, February 7, 2009

တိုစ့် … ကမ္ဘာမြေသို့


ဖန်ပေါင်းချောင်အုပ်

ကောက်ညှင်းအရက်

ဆန်တစ်ခွက်နဲ့ဧည့်ခံပရစေ။

 

မိတ်ဆွေ

အပေါ်ရံအရေခွံကိုချွတ်လို့

စိတ်အတွင်းသားသန့်သန့်နှင့်

ဝင်ခဲ့ပါ။

 

ကမ္ဘာမြေလုံးဝန်းကြောင်း

မနက်ဖြန်ရဲ့အတိတ်တွေအကြောင်း

ဆေးလိပ်တိုရဲ့ အပျိုရည်ပျက်ညအကြောင်း

သံချေးတက် ပတ္တာတွေအကြောင်း

ခွေးငတ်နှင့်ဖိနပ်ပြတ်တို့အကြောင်း

နတ်ကတော်နှင့်သူ့အဖေါ်အကြောင်း

ပြီးတော့

ပြုံးမရတဲ့မျက်နှာ

အပူငွေ့ပျံ မျက်လုံးများနှင့်

လျှောက်မညောင်းတဲ့ ခြေထောက်တွေအကြောင်း

စကားလုံးဖောဖောတွေနှင့်

ရင်းနှီးရအောင်။

 

မိတ်ဆွေ

အကြွေးချပြီး

အကြွေးဆပ်ရဲ့လား။

လူဆိုတာ အကြွေးရှိမှ

လူပီသမပေါ့။

 

ပညာရှိစကားနဲ့

အသေအခြာကြည့်သွား

ကိုယ့်ကိုယ်ကိုကော

အတင်အချလုပ်ကြည့်လား။

 

မြစ်ဟာချောင်းလိုစီးတော့

ချောင်းဟာလည်းမြစ်လိုစီးနိုင်ရမပေါ့။

 

လောကလူသား

ထွာဆိုင်သာလက်ဖ၀ါးနှင့်လည်း

ကိုယ့်ပုံကိုယ်ဖော်နိုင်ရမပေါ့။

 

အာရုံငါးပါး

ခန္ဓာအကြားမှာ

စီးဆင်းပါစေ။

 

ဗီတာမင်စား

ဥာဏ်ရည် ဥာဏ်သွားအလင်းရောင် 

ထွန်းပြောင်ပါစေ။

 

နိုးတစ်ဝက် အိပ်ပျက်

ဖျားနာညများကင်းဝေးပါစေ။

 

ကြင်သူ့လက်တွဲ

ပေတစ်ရာခရီး နီးပါစေသား။

 

နေမှု၊ သေမှု

မှတ်တမ်းပြု ကမ္ဘာမြေ

ကျမ်းမာစေကြောင်း

လန်းဖျာစေကြောင်း

သင်တို့

ကျွနု်ပ်တို့ တိုစ့် လုပ်ရအောင်။


မိုးကြယ်