Wednesday, September 10, 2008

သည်းခံနိဗ္ဗာန်ရောက် သို့သော်.............

သည်းခံမှုဆိုတဲ့ Post လေးတင်အပြီးမှာပဲ သည်းခံမှုမှာ Limit ရှိတဲ့အကြောင်းလေးကိုသတိရမိတာလေးပါဆက်တင်လိုက်ပါတယ်။
တချို့လည်း ကျနော်အခုတင်ပြမယ့်အကြောင်းလေးကို ကြားဖူးနားဝတော့ရှိကြမှာပါ၊ မကြားဖူးသေးတဲ့သူများအတွက်တော့ဗဟုသုတပေါ့။
ကျနော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီးဒီးဒုတ်ဦးဘချိုက နိုင်ငံရေးတရားပွဲတွေမှာ မကြာမကြာပြောတတ်တယ်ဆိုတဲ့
ပုံပြင်လေးပါ၊ တမျိုးသားလုံးကို ဆရာကြီးက နိုင်ငံရေးအမြင်တွေနိုးကြွလာစေဖို့ ဒီပုံပြင်လေးနဲ့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာပါ။
...တစ်ခါတုန်းက စာတတ်ပေတတ် နိုင်ငံကျော်ဓမ္မကထိကဆရာကြီးတစ်ဦးရှိခဲ့ပါတယ်။ စာကလည်းတတ် အဟောအပြောကလည်းကောင်းလေ
တော့ သူ့တရားပွဲဆိုရင် လူကြီး လူငယ် အရွယ်မရွေး ကြိတ်ကြိတ်တိုး အားပေးကြတာပေါ့။ အဲဒီဓမ္မကထိကဆရာကြီးက သူ့တရားပွဲတိုင်းမှာ
မဖြစ်မနေထည့်ဟောတတ်တာက သည်းခံမှုအကြောင်းပဲ၊ သည်းခံလျင် နိဗ္ဗာန်ရောက်နိုင်ကြောင်း ဇာတက၊ ဓမ္မပဒ၊ မဟာဝင်၊ ရာဇ၀င်တွေ
အကိုးအကားတွေနဲ့ကိုဟောတာပေါ့ဗျာ။ နောက်ဆုံးမှာသူက “...ခင်ဗျားတို့ကို ကျုပ်ကအပြောနဲ့ပြောနေတာမဟုတ်ဘူး..လက်တွေ့ပါပြနိုင်တယ်
ကျုပ်အိမ်ရှေ့မှာဆို သည်းခံနိဗ္ဗာန်ရောက် ဆိုတဲ့ ဆိုင်းဘုတ်ပါချိတ်ထားတာ၊ မယုံရင်ကျုပ်အိမ်ရှေ့ရောက်ရင်ကြည့်ကြ.....”လို့ အမြဲပြောတယ်။
တကယ်လည်း သူ့တရားနာ ပရိတ်သတ်ကသူ့အိမ်ရှေ့ရောက်ခဲ့လို့ ကြည့်မိရင် ခြံတံခါးမှာ သည်းခံနိဗ္ဗာန်ရောက် ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့ကြရ
တယ်။ ...သြော်..ဆရာကြီးကအပြောတင် မဟုတ်ဘူး၊ တကယ်လက်တွေပါ ကျင့်သုံးနေတာပါလား...လို့ ချီးကျူးကြတာပေါ့ဗျာ။
တခါတော့ ဆရာကြီးအိမ်နားမှာ ရပ်ကွက်ထဲက ကလေးတွေဘောလုံးကစားကြရင်းက ဓမ္မကထိကဆရာကြီးအိမ်က ပြတင်းတံခါးမှန်တွေလည်းကွဲ၊
အိမ်ထဲမှာရှိတဲ့ ဆရာကြီးနဖူးတောင် ဘောလုံးကတက်မှန်လေတော့၊ ဒေါသဖြစ်ဖြစ်နဲ့ မခံမရပ်နိုင်ဖြစ်တော့တာပေါ့ဗျာ။
အဲဒီမှာတင် ဓမ္မကထိကဆရာကြီးလည်း သူ့အိမ်ရှေ့ကဆိုင်းဘုတ်မှာ စာသားဖြည့်စွက်လိုက်ပါတယ်။ နောက်နေ့တွေမှာ အဲဒီဓမ္မကထိကဆရာကြီး
အိမ်ရှေ့ကဖြတ်လျှောက်သွားတဲ့ သူတွေကတော့ ဆိုင်းဘုတ်ကိုကြည့်ပြီး ပြုံးစိ ပြုံးစိ ဖြစ်ကုန်ကြတော့တာပေါ့။ ဆိုင်းဘုတ်မှာပြင်ရေးလိုက်တာက..
“သည်းခံနိဗ္ဗာန်ရောက် သို့သော် ခံသင့်မှခံရမည်”

သုစံ

No comments: