Saturday, June 14, 2008

ငါ…..တစ္ဆေ

အခန်း(၁)


လမင်းကသာလို့ ညခင်းကလဲညင်သာနေပါတယ်။ လောကတစ်ခွင်လုံး အမှောင်ထုဖုံးလို့ ကောင်းကင်ယံမှာတောင် ခုနှစ်ကြယ်ပြောင်အမြီးထောင်နေပြီ။

ထွက်သာထွက်လာခဲ့ရတယ် စိတ်ထဲမှာတော့ခပ်လန့်လန့်နဲ့ရယ်..

အနောက်မှာတော့ ခပ်အုပ်အုပ်ညို့မှိုင်းနေတဲ့ရွာလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေရဲ့။ လရောင်ကြေင့်လားတော့မသိ

ကျွန်တော်လျှောက်လာတဲ့ မြေနီလမ်းလေးက ရွှေဝါရောင်အဆင်းနဲ့လှချင်တိုင်းလှနေတော့တာပဲ။

တောပန်းရနံ့လေးတွေက လေအသုတ်မှာတစ်ချက်တစ်ချက်ကြိုင်လှိုင်နေလေရဲ့။

ကျွန်တော်ရွာကထွက်လာတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဘူးတဲ့

တစ္ဆေ ကိုတွေ့ချင်မြင်ချင်လို့ပါ။ မကြောက်တတ်ဘူးလို့တော့မထင်လိုက်နဲ့

ကျွန်တော်လည်းအသွေးအသားနဲ့လုပဲ ကြောက်တတ်တာပေါ့။ ဒါပေမဲ့ခင်ဗျားတို့

မထင်လိုက်နဲ့ လူဆိုတဲ့မျိုးကလဲပြောရခက်သားပဲ။ မြင်ချင်၊ တွေ့ချင်ပြီ ၊ လုပ်ချင်ပြီ

ပြီဆိုရင်တားရခက်သား… ထားတော့… ကျွန်တော်က တစ္ဆေ တွေ့ချင်တာကို

ရွာကာလသားခေါင်း ကိုဖြိုးကြီးက ထန်းရည်မုးမူးနဲ့ လမ်းညွှန်လိုက်ပါတယ်..

‘မင်းကွာ တစ္ဆေ များတွေ့ချင်ရတယ်လို့… တွေ့တော့မင်းဘာလုပ်မှာလဲ…’

‘ဟာ ကျွန်တော်က မြင်ဘူးရုံသက်သက်တွေ့ချင်တာပါ။ ဘာရယ်မဟုတ်ပါဘူး…’

‘အင်မင်းဟာကြီးကလဲ…’

‘ကဲကဲထားတော့.. ဟိုတစ်နေ့က ရွာနောက်ပိုင်းက အရက်သမား နေကြီး ရွာနောက်ကတောအုပ်ထဲကနေ ပုဆိုးမပါပဲ သွေးရူးသွေးတန်းနဲ့အော်ပြီးပြေးထွက်

လာတာ…အတင်းဖမ်းမေးတော့ တစ္ဆေ တစ္ဆေ လို့ပဲတွင်တွင်အော်နေတာ..’

‘အဲဒါမင်းလည်းတစ္ဆေ တွေ့ချင်ရင် ရွာနောက်ကတောအုပ်ထဲကိုသွား’ ဆိုလို့

ကျွန်တော်ထွက်လာခဲ့တာပါ။


အခန်း(၂)


ညခင်းလေးသာ လေညှင်းကညင်

ကြင်နာသူရေ ခြေခင်းလက်ခင်းလဲ

သာချင်ရဲ့..

ဘာရယ်မဟုတ် ကဗျာတစ်ပုဒ်ရွတ်ကြည့်တာပါ။ ရွာမြောက်ပိုင်း ယိမ်းနွဲ့ပါး အငြိမ့်က နိုင်ငံကျော် မင်းသားလေး ကိုနေ ဆိုတဲ့ လက်တန်းကဗျာလောက်တော့ဘယ်ကောင်းမလဲနော်။ ကဗျာငြီးရင်းနဲ့

တောနက်ထဲတောင်ရောက်လာပြီ။ လေပြေတစ်ချက်အဝှေ့မှာ ကြက်သီးလေးတွေတောင်ထလာရဲ့။

ပြောရင်းဆိုရင်းနဲ့ ရှေ့မှာ မီးရောင်လက်လက်မြင်နေရတယ်။ သစ်ခုတ်သမားတွေရဲ့တဲက မီးရောင်

များလား။ ကျွန်တော်အနားရောက်သွားတော့ ခေါင်းမြီးခြုံ ပြီးလူတစ်ယောက်ထိုင်နေတယ်။

ကျွန်တော်က လူလို့ထင်တာနော်။ တစ်ချို့ဆို ထင်တောင်မထင်ရဘူးဗျာ ဘယ်လိုကြည့်ကြည့်လူ

နဲ့ကိုတူတာ..လူလိုမျိုးပဲ သွားတာ လာတာ နေတာ ထိုင်တာ။ အဲ ခက်တာကလူမဟုတ်ဘူးဗျ။

ကဲထားတော့… ကျွန်တော် ခေါင်းမြီးခြုံတဲ့လူကိုခွင့်တောင်းပြီးသူ့ရှေ့မှာဝင်ထိုင်လိုက်တယ်။

တစ်ကယ်တမ်းတော့ သူ့ရှေ့မှာဝင်သာထိုင်ရတာ သူကခွင့်ပြုလား ခွင့်မပြုဘူးလားတောင်မသိဘူး။

ကျွန်တော်ခွင့်တောင်းတော့ သူက အင်းမလုပ် အဲမလုပ် သိတယ်မလား ခေါင်းမြီးခြုံလုံပါပေ့လေ..

ဘယ်ရမလဲ ကိုယ်ကလဲ မပြောမီကလုပ်နှင့်သည်ပေါ့… ဟဲဟဲဟဲ….

‘လလေးကသာ…ညလေးကလဲလှတယ်နော်..’ ‘ စကားမစပ်ခင်ဗျား ထင်းလာခွေတာလား…’

‘မဟုတ်ဘူး ငါလူတစ်ယောက်ကိုစောင့်နေတာ..’

သူ့ဆီက အက်ကွဲကွဲ အသံတစ်ခုကိုကျွန်တော်စကြားရပါတယ်။ တစ်ကယ်ပါတိုးတိုးညှင်းညှင်းနဲ့

ဟိုးအဝေးဆီကပြောနေသလိုပဲ။

‘မင်းတစ္ဆေ တွေ့ချင်လို့တောထဲလာတာမလား..’

ကျွန်တော် တော်တော်လေးအံ့အားသင့်သွားတယ်။

‘ခင်ဗျားဘယ်လိုလုပ်သိလဲ..’

ခေါင်းမြီးခြုံအောက်ကနေမပွင့်တစ်ပွင့်ရယ်သံတစ်ချို့လွှင့်ပျံ့လာတယ်။


အခန်း(၃)


‘မင်းပုံစံက တောထဲလာပြီးထင်းခွေရအောင်လဲ ထင်းခုတ်ဓါးမပါဘူး၊ မုဆိုး လဲမဟုတ်ဘူး၊

လက်နှိပ်ဓါတ်မီးတစ်လက်နဲ့တောထဲလျှောက်သွားနေရအောင်လည်း မင်းက ရပ်ကွက်လူကြီး

မဟုတ်ဘူး။ ကင်းသမားလဲမဟုတ်နဲ့…’

ကျွန်တော် အံ့သြပြီး အံ့သြနေတော့တာပဲ။

သူ့ပုံစံက ရွာအရှေ့ဖျားက တရားထောက်ဆရာ ဘကြီး သုစံ လိုပဲ ရုပ်တည်ကြီးနဲ့ပြောနေတာ။

စကားမစပ် ဘကြီးသုစံ တို့ရုပ်တည်ကြီးပြောပုံကို ပြောပါတယ်…သူကလဲတစ်ခါတစ်ခါ

ရွှတ်နောက်နောက်ရယ်.. ရုပ်တည်ကြီးနဲ့…

တစ်ခါက ရွာက ကြီးတော် တစ်စု ဘကြီးအိမ်ရောက်လာပြီး ဘကြီး မိန်းမ ဘကြီးကတော်နဲ့

စကားဖေါင်ဖွဲ့လေရဲ့.. ဘကြီးကတော့ သိတယ်မလား ရုပ်တည်ကြီးနဲ့။

အဲဒီမှာ ကြီးတော် တစ်ယောက်က စကားမစပ် ဘကြီး ကိုမေးပါလေရော..

‘အဘ. ရွာဦးကျောင်းဆရာတော်ဆီမှာ ငှက်ပျောသီးတွေရယ်. လှလိုက်တာဝလို့ဖီးလို့

ဘယ်သူများလာကပ်သွားတာလဲ..’

‘မနေ့ကကောင်မလေး…’

သိတယ်မဟုတ်လား ဘကြီးကရုပ်တည်ကြီးနဲ့ တစ်ခွန်းထဲကိုဖြေတာ…

‘ဘကြီး အိမ်ကဘုရားစင်မှာလဲ ငှက်ပျောသီးတွေ ကပ်ထားတာလှလိုက်တာ။

ဘယ်က၀ယ်တာလဲဟင်.ကျမလဲလိုချင်လိုက်တာ..’

တစ်ခွန်းထဲနော်… ‘စွန့်သွားတော့နေခြည်’

‘အဲ…’

‘စကားမစပ် အဘရေ ဆရာတော်တရားပွဲ လုပ်မယ်ကြားတယ် ဘယ်ညလဲဟင်..’

‘မြို့ဝင်ည..’

‘ဘယ်လမ်းမှာလဲ..’

‘အ၀ါရောင်လမ်း….’

ကြီးတော်တွေလဲ မေးသာမေးရတာ အမ်းတန်းတန်းနဲ့။ ဘကြီးပြောတဲ့ ည၊ ဘကြီးပြောတဲ့လမ်း

သူတို့ လုံးဝမသိ၊ ပြန်မေးရအောင်ကလဲ ဟိုကရုပ်တည်ကြီးနဲ့ကို ပြောနေတာဆိုတော့ခက်သား။

အဲဒီမှာ ဘကြီးကတော်က.. ‘ရှင့်မလဲ တရားပွဲတွေနောက်လျှောက်လိုက်၊ ရပ်ရေးရွာရေးလျှောက်လုပ်

နဲ့ တော်ကြာအိမ်နဲ့ ကျမကိုမေ့သွားဦးမယ်။’

တစ်ခွန်းထဲပဲ.. သိတယ်မလားရုပ်တည်ကြီးနဲ့.. ‘မင်းမှမင်းပဲ…’

‘သြော် ဘကြီးသမီးလေးမမြင်ပါလား…’

‘ငါ့သမီးစာကျက်နေတယ်…’

‘ဒါဆိုလဲ ကျမတို့ပြန်လိုက်ဦးမယ်..’

‘အရေးမကြီးဘူး…’

မပြန်ခင်ကြီးတော်တစ်ယောက်ကမေးသွားသေးတယ်။ ဘကြီးနော် ရုပ်တည်ကြီးနဲ့ကိုရွတ်နေတာ။

‘ဘကြီးရေ ဆရာတော်ကဘာတရားဟောမှာလဲ..’

‘ရင်ခုန်ရလွန်လို့ရူးမှာပဲ…’

‘ဘယ်အချိန်ထိတိုင်အောင်ဟောမှာလဲဟင်..’

‘ကြယ်တွေကြွေသွားထိတိုင်…’

ကြီးတော်တွေလဲ အိမ်ပေါ်ကကိုဆင်းပြေးရောပဲ။ ဘကြီးက အဲဒီလို ကို ရုပ်တည်ကြီးနဲ့ ကို

နောက်တာဗျို့။

အခန်း(၄)

‘မင်းက တစ္ဆေ တွေ့ချင်တယ်ဆိုတော့ တစ္ဆေ ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်ကလာတာလဲ စသဖြင့်

ဘယ်လိုနားလည်ထားလဲ။ ‘

‘အိုဗျာခက်တာလိုက်လို့ လူသေပြီးရင်တစ္ဆေ ဖြစ်တာပဲ..’

‘ဟားဟားဟား မင်းမှားနေပြီ မသေပဲနဲ့ တစ္ဆေ ဖြစ်နေတဲ့သူတွေအများကြီးပဲ။’

‘ခင်ဗျားဟာကလဲ ဟုတ်မှလဲလုပ်ပါဗျာ။’

‘မင်းစဉ်းစားကြည့်စမ်း လူတစ်ယောက် အပြင်ပန်းကြည့်ရင် လူကြီးလူကောင်း၊ ဘုရားဒါယကာ

ကျောင်းဒါယကာ။ အတွင်းစိတ်က တော့အပြင်ပန်းနဲ့တခြားစီ၊ ဘယ်အချိန်သူများအပေါ်အကောက်

ကြံလိုက်ရမလဲ၊ ဘယ်လိုဖျံကျလိုက်ရမလဲ၊ ဒါတွေပဲစဉ်းစားနေတာ။ အဲဒီ လူတွေကိုက မသေခင်ထဲ

က တစ္ဆေ ဖြစ်နေကြတာကွ။ ‘

အင်းသူပြောတာလဲဟုတ်တာပဲ။ လောကကြီးမှာအဲ့ဒီလိုလူတွေလည်းအများသား။

သူကဆက်ပြောတယ်။

‘အေးအဲဒီလိုလူတစ္ဆေတွေအပြင် မသိစိတ်ကတစ္ဆေဖြစ်နေတဲ့လူတွေလည်းအများကြီးရှိတယ်။’

‘ဥပမာငါ့ကိုပဲကြည့်… ‘

ကျွန်တော့် နှုတ်ဖျားမည်သည့် စကားလုံးမှထွက်ကျမလာပါ။

အားလို့လန့်အော်ဖို့တောင် စကားလုံးရှာမရဖြစ်နေပါတယ်။

ဟုတ်ပါတယ် ခေါင်းမြီးခြုံအောက်ကလူဟာ ကျွန်တော်ပါပဲ။

‘မင်းသိပ်မအံ့သြသွားနဲ့ မင်းရဲ့မသိစိတ်ထဲကတစ္ဆေ ဟာငါပဲ။

မင်းလိုပဲ လူတိုင်းလူတိုင်းရဲ့ မသိစိတ်ထဲမှာ တစ္ဆေ တစ်ကောင်ကိန်းအောင်းနေတယ်။

ရှင်းအောင်ပြောရရင် မင်းနဲ့တွေ့တဲ့အချိန်မှာ မင်းငါ့ကိုမေးတယ်။ ထင်းခွေလာတာလားလို့။

ငါကလူတစ်ယောကိုစောင့်နေတာလို့ဖြေတယ်။ အမှန်တော့မင်းကိုစောင့်နေတာ။

အဲဒါပဲ မင်းရဲ့မသိစိတ်ထဲ ကတစ္ဆေ ကမင်းကိုခြောက်လှန့်လိုက်တာ။ ဘာမှမကြာလိုက်တဲ့

အချိန်လေးအတွင်းမှာ မင်းရဲ့မသိစိတ်ထဲက ဥာဉ်ဆိုးလေး ဟာတစ္ဆေ တစ်ကောင်အဖြစ်နဲ့

နိုးကြားလာပြီး မှန်နေတဲ့လောကကြီးကို တဒင်္ဂ မှားစေလိုက်တာပဲ။ မင်းလိုပဲ လူတိုင်းရင်ထဲက

တစ္ဆေ ဟာ မိနစ်တိုင်းအချိန်တိုင်းမှာ လောကကြီးကိုခြောက်လှန့်နေတယ်။

ကျွန်တော်ခေါင်းငိုက်စိုက်ချပြီး သူ့ရှေ့ကနေလှည့်ထွက်လာခဲ့ပါတယ်။

ရယ်သံတစ်ချို့ ကကျွန်တော့်နောက်မှာလွင့်ပျံ့ကျန်ခဲ့ပါတယ်။

ခင်ဗျားတို့လည်းဘ၀မှာတစ်ကြိမ်တစ်ခါမှားဖူးမယ်။ အဲဒီအမှားကိုနောင်တရလို့ လောကကြီး

အလယ်မှာခေါင်းငိုက်စိုက်ချမိမယ် ဆိုရင် ရယ်သံတစ်ချို့ကိုကြားရလိမ့်မယ်။ အဲဒီ ရယ်သံတွေ

ဟာ ခင်ဗျားတို့ရင်ထဲက ခပ်ဆိုးဆိုးတစ္ဆေ တစ်ကောင်ရဲ့ လှောင်ရယ်သံတွေပဲ ဖြစ်လိမ့်မယ်ထင်တယ်။

မိုးကြယ်

3 comments:

Chaos said...

ငါ........တစ္ဆေကိုဖတ်သွားတယ်
အရေးအသားတအားကို ညက်တယ်
လိုချင်တဲ့နေရာကို သရုပ်ဖော်ထားတာ မိုက်တယ်

Anonymous said...

အရမ်းဖတ်လို့ကောင်းပါတယ်ဒီထက်ကောင်းတာလေးတင်ပါဦး

Unknown said...

တကယ်ကို လေးစားမိတယ်ဗျာ။ မညာဘူး။ တစ်ခုလောက်မေးချင်တယ်။ စိတ်မဆိုးနဲ့နော်။ နိုင်ငံခြားဝတ္ထု တစ်ပုဒ်ပုဒ်ကနေများ မှီးထားသေးသလားဗျာ။ ဒါမှမဟုတ် ဝတ္ထုတစ်ပုဒ်ပုဒ်ကနေ ကျောရိုး ခပ်ဆင်ဆင်လေးကော ယူထားသေးသလား။ ကိုယ်ရေး ပင်ကိုယ်ဆိုရင်တော့ လေးစားသွားပြီဆရာရေ။ ဒီဝတ္ထုတိုလေးကို အရမ်းကြိုက်လွန်းလို့ပါ။ ပြောမှား ဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပါနော်။
ဇော်မင်းအောင်
(ခြောက်ထပ်ကြီး)