
ကိုယ်တိုင်ရေးပုံတူ
ချိုဆိမ့်ဆိုတဲ့ လဖက်ရည်တစ်ခွက်နဲ့
အံဆုံးလည်းပေါက်ခဲ့ပြီ။
ဂျပန်ဖိနပ်
ကတ္တီပါဖိနပ်
ပြီးတော့ ကန်းဗတ်(စ)
လဗိုက်(စ) မဟုတ်ရင်
ခါးပေါ်မတင်တဲ့ကောင်။
အမေပြောတဲ့
ဂျေးများ ပြီးတော့
အရိုးခါးတဲ့ကောင်ပေါ့။
ဆေးရွက်ကြီးနဲ့ဖင်ဆီခံကို
အခုထက်ထိခွဲခြားမသိသေးတဲ့ကောင်
ဝီလီယံဝါးလက်(စ) ကိုဂုဏ်ပြုတိုင်း
ဝီစကီထထသောက်တတ်တဲ့ကောင်ပေါ့။
ရော့ဂီတကိုခုန်မင်
ဂျင်မီမော်ရစ်ဆင် လိုလည်း
ရုပ်ချောချင်သေး
ကိုလေးဖြူလိုလည်း အသံကောင်းချင်သေး။
ဗန်ဂိုးရဲ့နေကြာပန်း
ပီကာဆိုရဲ့ 4 ဒိုင်မေးရှင်း
တူလုစ်လော့ထရတ်ပြောတဲ့မိန်းမတွေအကြောင်း
ကတ်(ဖ)ကာရဲ့ စာတိုပေစများ
မိုက်ကယ်အိန်ဂျလိုရဲ့ ဒေးဗစ်ရုပ်
ရိုဒင် ရဲ့အတွေးအခေါ်ရှင်
ပြီးတော့
ချာလီလပ်ကီးလူစီယာနိုကိုလည်း
အားကျခဲ့တဲ့ကောင်ပေါ့။
ကြယ်တွေကြွေရင်ကြည်နူးတယ်
စံပယ်တွေကိုချစ်တယ်
တစ်ခါတစ်လေလည်း လောကကြီးကို
အော်ဆဲနေတတ်တဲ့ကောင်ပေါ့။
မန်ချက်စတာယူနိုက်တက်မှာဘောလုံးကန်ချင်တယ်
အိုလံပစ်မီးရှူးတိုင်ကိုလည်းကိုင်လို့ပြေးချင်တယ်
ပြီးတော့ကာ
မိုက်တိုင်ဆန်နဲ့လည်း တစ်ပွဲတစ်လမ်းအကဲစမ်းလိုက်ချင်သေးရဲ့။
သူကအတည်ချစ်ပြီး
သု့ကိုအတည်မုန်းသွားတဲ့
အမျိုးကောင်းသမီးလေးတွေကို သတိရရင်လည်း
မိုးလင်း မိုးချုပ် ရယ်နေတတ်တဲ့ကောင်ပေါ့။
ကဗျာကိုဝတ်ဆင်
ကဗျာကိုစားသောက်
ကဗျာနဲ့ အိမ်ဆောက်ချင်တဲ့ကောင်။
သူ့မှာ ကဗျာဆရာအပေါင်းအသင်းကလည်းပေါသေး
ပန်းချီဆရာအပေါင်းအသင်းကလည်းပေါသေး
သူတို့များ မိုးကြယ်ရေ ဂေါ်ရအောင်ဆို
ဆော်ပြီးသားဆိုတဲ့ကောင်ပေါ့။
စကြာဝဠာ နိယာမကို အသားကုန်မုန်း
ဆွဲအားတွေကို ဆန့်ကျင်
ကြယ်တံခွန်လို ပြေးချင်တဲ့ကောင်ပေါ့။
နေပူမရှောင်
မိုးရွာမရှောင်
အမြဲတမ်း ပြုံးနေတဲ့ကောင်ရယ်လေ။
ဘ၀ဆိုတဲ့ရထားပေါ်မှာ
ခရီးသည်အဖြစ်နဲ့
ငြိမ်ငြိမ်လေးလိုက်သွားချင်တဲ့ကောင်ပါ။
အဲဒီမိုးကြယ်ဆိုတဲ့ကောင်လေ
ကော်ဖီတစ်ခွက် ပေါင်မုန့်တစ်လုံးနဲ့
တံခါးတွေဖွင့်ဖွင့်ပြီးသွားနေခဲ့တာ
သူ့ရဲ့ အိပ်မက်ဆိုတဲ့ အနာကြီးက
ပြည်မှဲ့နေခဲ့ပြီ။
မိုးကြယ်