
မြို့ပြပွဲတော်
တိမ်လိုလို ရေလိုလို
ရွှေလိုလို ငွေလိုလို
အန်ချ.. မြိုချ..
ပြီးတော့..
အလျင်းသင့်သလိုလည်း ပြန်ကောက်ရဲ့
အဲဒီ စကားခပ်ပြားပြားတွေကြောင့်ပဲ
လေထုလည်း ညှီစို့ခဲ့…
အတ္တကိုစိန်စီ
မာနကိုရွှေချ
အတုံးလိုက်အတစ်လိုက် ရိရွဲနေပုံများ
ကိုယ့်ကိုကိုယ်လည်းလေဘောင်ခတ်ထားသေး
ကိုယ့်ကိုကိုယ်လည်းပြန်ခွေထားသေးရဲ့…
ခင်ဗျားတို့ကျုပ်တို့
ကျွန်တော်တို့ ကျွန်မတို့
လျှပ်ပေါ်လော်လီနေတဲ့ မိတ်ဖွဲ့တေး
မင်္ဂလာပါဆိုတဲ့စကား အရသာမဲ့
ဆွဲမတင်တာကြာလို့ လျော့ရဲနေတဲ့ကြိုး
ဟန်ဆောင်ကလကာ တစ်ချပ်က
အုပ်မိုးထားသေး…
ကောင်းကင်အတု…
ရယ်သံအတု…
ငိုသံအတု…
ပြက္ခဒိန် ပေါ်က ရက်ရာဇာနဲ့ပြသဒါးလည်းအတု
ပြီးတော့ စိတ်ဓါတ်တွေလည်းအတု…
မရိုးသားခဲ့ကြပါဘူး
ဒါပေမဲ့…
အသပြာအတွက်တော့ ကြိုးစားခဲ့ကြ…
မြို့ပြမှာပွဲတော်ရှိတယ်
နှလုံးသားကိုယဇ်ပူဇော်တယ်
ရင်ဘတ်ကိုချခင်း
တစ်ယောက်နဲ့တစ်ယောက်နင်းသွားကြတယ်
ရည်မှန်းချက်တွေ ရှင်သန်တယ်
ရည်ရွယ်ချက်တွေထမြောက်တယ်
ခံစားချက်တွေကိုတော့
ဝင်ကြေးအဖြစ်တနင့်တပိုးပေးခဲ့ရတယ်..
မြို့ပြပွဲတော်မှာ
ငါကိုယ်တိုင်လည်း အိပ်မက်တွေခင်းကျင်း..
မျှော်လင့်ခြင်းတွေကို အသက်သွင်းဖို့ကြိုးစားခဲ့..
ဒါပေမဲ့
တံတွေးတစ်စက်နဲ့ မျက်စောင်းတစ်ချက်ပဲ
အဖတ်တင်ကျန်ရစ်တယ်..
မိုးကြယ်
7 comments:
အို ...
အသက်မဲ့နေတဲ့ဘ၀ကို ကဗျာမှော်တံနဲ့ အသက်သွင်းတဲ့ မှော်ဆရာတစ်စုပါကလား ...
မြို့ပြပွဲတော်မှာ ပထမဦးဆုံး အခြေချကွန်မန့်ခဲ့ပါတယ်။ လေးစားရင်း ကြိုက်ပြီးရင်း ကြိုက်နေတယ်... ။
ခင်မင်လေးစားစွာဖြင့်
မို့ပြပွဲတော်မှာ
ငါကိုယ်တိုင်လည်း အိပ်မက်တွေခင်းကျင်း..
မျှော်လင့်ခြင်းတွေကို အသက်သွင်းဖို့ကြိုးစားခဲ့..
ဒါပေမဲ့
တံတွေးတစ်စက်နဲ့ မျက်စောင်းတစ်ချက်ပဲ
အဖတ်တင်ကျန်ရစ်တယ်..
VERY CREATIVE WORDS ..
မြို့ပြမှာပွဲတော်ရှိတယ်
နှလုံးသားကိုယဇ်ပူဇော်တယ်
ရင်ဘတ်ကိုချခင်း
တစ်ယောက်နဲ့တစ်ယောက်နင်းသွားကြတယ်
ရည်မှန်းချက်တွေ ရှင်သန်တယ်
ရည်ရွယ်ချက်တွေထမြောက်တယ်
ခံစားချက်တွေကိုတော့
ဝင်ကြေးအဖြစ်တနင့်တပိုးပေးခဲ့ရတယ်..
( အခု လောလောဆယ် ကိုယ်ကြုံတွေ့နေရတဲ့
ခံစားချက်တွေကို ကိုယ်တိုင် ရင်မဖွင့်ဖြစ်ပေမဲ့.
ကိုယ်စားပြု ဒီကဗျာလေးအတွက် ကျေးဇူးပါ)
ညီအစ်ကိုများ .. မောင်လေးတို့ရေ
အစ်မဆီမှာ COMMENT တွေ ခဏခဏ တွေ့နေရပေမဲ့
အလည်တခေါက်ပြန်အရောက် နောက်ကျတာ
ခွင့်လွှတ်ပေးပါနော် ..
အစ်မလဲ မြို့ပြပွဲတော်မှာ
ခံစားချက်တွေ တနင့်တပိုးကြီးကို
ဝင်ကြေးပေးထားရလို့ပါ။
ခေါင်းစဉ်ကအစ စ၊လည်၊ဆုံး ကြိုက်တယ်ဗျာ။
ကဗျာတစ်ပုဒ်လုံးကအင်အားတွေပါတယ်ဗျ..။
လျှပ်ပေါ်လော်လီနေတဲ့ မိတ်ဖွဲ့တေး
မင်္ဂလာပါဆိုတဲ့စကား အရသာမဲ့
ဆွဲမတင်တာကြာလို့ လျော့ရဲနေတဲ့ကြိုး...တဲ့
အင်မတန်ကောင်းပါ့ဗျာ...။
ဟုတ်တယ်ဗျ...
မြို့ပြက ညှီစို့စို့နဲ့.....
မြို့ပြမှာနှလုံးသားကိုချခင်းတဲ့ပွဲတော်တွေမှ
အများကြီး......အများကြီး
ကျွန်တော်လည်း တစ်ခါတစ်လေ ရောတိရောရာ
ငါလည်းပါပေါ့ :P
ကြိုက်တယ်ကိုမိုးကြယ်ရာ....
ကဗျာရောပန်းချီရော....
ကဗျာဆရာ ညီအစ်ကို တို့ရေ----
နေမကောင်းလို့ အခုမှ လာလည်ရတယ်--
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ--
ကောင်းလိုက်တဲ့ကဗျာ..
ကြိုက်တယ်ဗျာ.အနက်ရှိုင်းဆုံးထိအောင်ဘဲ...
ခင်မင်လျက်..
မြို.ပြရဲ့ အခင်းအကျင်းကို ကဗျာလေးနဲ့  ရှင်းပြထားတာ ကောင်းတယ်ဗျာ။ အိပ်မက်တွေခင်းကျင်းရောင်းချတဲ့  မြို့ပြပွဲတော်မှာ ကျနော်တို့ ကိုယ်တိုင် ကိုယ့်အိမ်မက်တွေ ဈေးကောင်းရဖို့ အရေး တိုးဝှေ.ပြီး အော်ဟစ်ရောင်းချနေရတာ နောက်ဆုံးတော့ တံတွေးတစ်စက်နဲ့ မျက်စောင်းတစ်ချက်ပဲ အဖတ်တင်တာလား။
Post a Comment