Thursday, October 30, 2008

သတိရမိတဲ့ တစ်ခါကငယ်ဘဝ




မိုးအလင်း
တံခါးဖွင့်တာက အဖေ
စံပယ်ပန်းရနံ့သင်း..
ဘုရားပန်းကပ်တဲ့ အမေ..

မုန့်ဟင်းခါးတစ်ပွဲ သုံးကျပ်
ခပ်နက်နက်တွေးကြည့်တော့
အရီးသန်းမြရဲ့
အိုးဘဲဥ ကိုသတိရတယ်..

ကျစိမ့်တစ်ခွက်နဲ့
လန်ဒန်က တစ်ပွဲ..
လဖ္ဘရည်ဆိုင်ရှင်ပြောတော့
သူ့သားက နိုင်ငံခြားမှာဆိုပဲ..

အခိုးတစ်လူလူထွက်
လမ်းထိပ်က အကြော်တဲ
အစ်မေအိုကြော်တဲ့ အကြော်များ.
အေးသွားမှပဲ စားတော့မယ်။

လက်ကလေးထောက်
ခါးကလေး ကိုကောက်
ညနေရီတောင် လမင်းသာတဲ့..
ငါ့တို့ ရပ်ကွက်မှ အပျိုများ..
သနပ်ခါးဆိုတာဝေလာဝေး..

ပေါ့ပေါ့ပါးပါး…
စကားတွေ ထွေရာလေးပါး..
နှုတ်ဆက်စကားက
မင်္ဂလာပါ ဆွေသဟာ..

နေကလေးညို မိုးကလေးပြို..
သူငယ်ချင်းတွေပြောတော့.
ရာသီဥတုက ကိုယ့်ဖက်မှာတဲ့..

ဘုံဆိုင်တစ်ခေါက် အလည်ရောက်ပြန်တော့
စားပွဲထိုးလေးက ဘာသောက်မလဲအစ်ကိုတဲ့..
ဇေယျဝတီကို နှစ်စိပ်ခွဲ
ပဲခြမ်းသုတ်နဲ့၊ အဖွားကြီးသုတ်..
ကြက်ဂွေးတောက်က အဆီဝေ့လို့။

ညနက်သန်းခေါင်
မအိပ်ပဲထိုင်စောင့်
ကြည့်ခဲ့ရတဲ့ဘောလုံးပွဲများ..
မိုးကလေးတစ်ပြိုက်နှစ်ပြိုက်ဆို
ဘွန်တောလည်း လိုက်အော်ခဲ့သေးတယ်။

အခုတော့လည်း
တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုလို့
ရေကြည်ရာမှာမြက်နုခဲ့ရ..
ငါတို့ရဲ့ ငယ်ဘဝ
ပေါ့ပေါ့ပါးပါးလေးတွေကို သတိရတယ်။

အချိန်တန်လို့ အိမ်ပြန်ခဲ့ရရင်
ငါတို့ဘ၀တွေ လေးနက်
တစ်ချိန်က ငယ်ဘဝ
ကဗျာတွေထဲမှာထားလို့
မနက်ခင်း ရောက်ရင်
ငါကိုယ်တိုင် တံခါးဖွင့်ရတော့မယ်။

မိုးကြယ်

18 comments:

ဆောင်းယွန်းလ said...

ကဗျာလေးဖတ်ပြီးငယ်ဘဝကိုလွမ်းသွားတယ်ဗျာ...

တောင်ပေါ်သား said...

အကိုရေ ကဗျာလေး တော်တော်ကို ကောင်းတယ်ဗျာ.. အရမ်းကြိုက်တယ် ငယ်ဘ၀လေးကို ပြန်သတိရသွားတယ်ဗျာ..

thonn thonn said...

တစ်ကယ်ပဲ ပေါ့ပေါ့ပါးပါးလေးတွေကို ပြန်သတိရမိပါတယ်။

မုတ်ဆိုး .. said...

ကိုမိုးကြယ်ရေ.. ဒီကဗျာကိုကျွန်တော်ကြိုက်တယ်။
ဒီလိုသန့်သန့်ပြန့်လက်ရာလေးတွေ့ခဲ့တယ်ဗျာ ..

မုတ်ဆိုး .. said...

ကိုမိုးကြယ်.. ဒီကဗျာကိုကြိုက်တယ်။ ဒီလိုသန့်သန့်ပြန့်ပြန့်လက်ရာလေးတွေ့ရခဲတယ်

မသက်ဇင် said...

အချိန်တန်လို့ အိမ်ပြန်ခဲ့ရရင်
ငါတို့ဘ၀တွေ လေးနက်
တစ်ချိန်က ငယ်ဘဝ
ကဗျာတွေထဲမှာထားလို့
မနက်ခင်း ရောက်ရင်
ငါကိုတိုင် တံခါးဖွင့်ရတော့မယ်။

ကိုမိုးကြယ်ရေ---
ကဗျာလေးဖတ်ရတာ--လွမ်းစရာလေး--
အင်မတန် လေးနက်ပါတယ်----

ညီအကိုများ said...

အရမ်းကောင်းတယ် သူငယ်ချင်း...

ကိုနေ

Anonymous said...

ကိုမိုးကြယ်ရေ ဇေယျဝတီ တစ်စိတ်လောက်ဗျို့ ..
ဟဟ ရှယ်ပဲ ပြန်တောင် သတိရသွားပြီ ..
ကဗျာလေး ကောင်းတယ်ဗျာ

Anonymous said...

ဒါလက်တွေ့ ဘဝတွေပဲ၊ ကြက်ဂွေးတောက် အသံကြားလို့ လေပြို ပြီးပြန်သွားရတယ် ..ဟေ...ဟေ...ဟေ..အဟတ်..ထွီး

ပန်းခရမ်းပြာ said...

တစ်ပွဲ သုံးကျပ်တန် မုန့်ဟင်းခါး ကို လွမ်းလိုက်တာ။

အိပ်မက်နိဒါန်း said...

ငယ်ဘ၀ကို ပြန်သတိရတယ်။ ကဗျာလေးကောင်းတယ်။

အိပ်မက်နိဒါန်း said...

ငယ်ဘ၀ကို သတိရမိတယ်။ ကဗျာလေးကောင်းတယ်။

Anonymous said...

ငယ်ဘ၀ကိုလည်း လှစ်ကနဲ ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်၊
အမှတ်တရတွေ၊ သတိရစရာတွေ အပြည့်နဲ့ ငယ်ဘ၀ကို ပြန်ရောက်တဲ့အခါ
ကဗျာထဲမှာပဲ ဖြစ်နေပြီး
အပြင်မှာက လက်တွေ့ကျကျ၊ လူကြီးဘ၀နဲ့ ရင်ဆိုင်ရတော့မယ်ဆိုတဲ့
သရုပ်မှန်သဘောလေးတွေနဲ့ လေးနက်တဲ့ အဓိပ္ပါယ်တွေကို ပေးပြီး သိပ်ကို လှပတဲ့ ကဗျာလေးပါကလား။
သဘောကျလို့ အခေါက်ခေါက်အခါခါ ပြန်ဖတ်နေမိပါရဲ့ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

ခေါင်ခေါင် said...

လွမ်းနေရတဲ့ ထဲမှာ .. ဒီကဗျာဖတ်ပြီး ပိုလွမ်းသွားပြီ

အရမ်းကောင်းပါတယ် ကိုမိုးကြယ်...

puluque said...

ကောင်းလိုက်တဲကဗျာ
သတိရစရာ ငယ်ဘဝနဲ့
လွမ်းမောဖွယ် အတိတ်
....တကယ်သတိရသွားပြီး

Chaos said...

ငယ်ဘ၀ကို ကဗျာနဲ့ သရုပ်ဖော်တာ
ပီပြင်တယ် ကိုမိုးကြယ်ရေ။
လူများတွေ ပြောပြီးသားပေမယ့်
ထပ်ပြောပါရစေ။
ကဗျာလေး တော်တော်ကောင်းတယ်။

မြတ်သွယ် said...

ကဗျာကောင်းလေးပါ ကိုမိုးကြယ် ငါကိုယ်တိုင်တံခါးဖွင့်ရတော့မယ်
စာကြောင်းတိုင်းက သာသာလေးနဲ့ဖတ်တဲ့သူကိုစွဲသွားတာ
ကောင်းတယ်
အားပေးသွားတယ်နော်

ဖြိုးငယ် said...

ကောင်းလိုက်တာဗျာ .. ငယ်ဘ၀လေးကိုတောင် သတိရသွားသလိုပဲ