
အနားသတ်မျဉ်းတစ်ကြောင်းရယ်
ပုဆိုးတစ်ကွင်းရယ်
ဝက်ခြံရယ်၊ သွေးစုနာရယ်
ပြီးတော့
ကျွန်တော်ချစ်ရတဲ့သူတွေရယ်။
မြစ်တစ်မြစ်ဟာ
မြစ်ယောင်ဆောင်ပြီး
မြစ်လိုစီးဆင်းခဲ့တယ်
သံစဉ်နှင့်၊ သံစဉ်မဲ့ညတွေကို
သိမ်းထုပ်စုပိုးပြီး စီးဆင်းခဲ့တယ်။
ခြေအိတ်ရယ်၊ ဖိနပ်ပြတ်ရယ်
သူခိုးရယ်၊ အရက်ပုန်းရယ်
ဆူးချဉ်ရယ်၊ ဗူးခါးရယ်
မနက်ဖြန် နှင့် သွားပွတ်တံရယ်
ပြီးတော့
ဝစ်လစ်စလစ် နှင်းဆီရယ်။
ထင်းရှူးတောကိုဖြတ်စီးတယ်
ဂန္ဓမာခင်းကိုဖြတ်စီးတယ်
စံပယ်ခြုံကိုဖြတ်စီးတယ်
လယ်သူမ နှင့် အိမ်မွေးနွားတွေကြားကစီဆင်းခဲ့တယ်။
ရွှေပတ်နှင့်မာတဲ(လ်)
ဗော်(လ)ကာနှင့်သံပုရာ
ကမ်းပါးအိုနှင့်ညနေညို
နှုတ်ခမ်းညိုနှင့်ဆေးလိပ်တို
သက်ကြားအိုနှင့်ကညာပျို
ဗန်ဂိုးနှင့်သီအို
ဒါလီနှင့်နာရီ
ပီကာဆိုနှင့်ဂွာဏီကာ
ဒါဗင်ချီနှင့်အိန်ဂျယ်လို
ကလာသုံးပါးနှင့် အဆီ၊အရည်ဝ တောအုပ်တွေကိုဖြတ်စီးတယ်
အတ္တပုံခံ ပုံဆောင်ခဲ အစုအပုံ တောင်တွေကိုဖြတ်စီးတယ်
မြက်ခင်းရိုင်းတွေအကြား ကပိုကရိုလှပနေတဲ့
နှင်းစက်၊ နှင်းဥ တွေနဲ့အတူစီးဆင်းခဲ့တယ်။
ဓမ္မတေးနှင့်ဗုဒ္ဓ၀င်
နီတိနှင့်ကပ်သုံပါး
လက္ခဏာနှင့်အနာဂါတ်
ပြီးတော့ကာ
ဒိုင်ယာရီနှင့်ကမ်းခြေ
ဥာဥ့်နက်နှင့်ဥာဥ့်ငှက်
ပိတောက်နှင့်ကံကော်
ပြီးတော့ကာ
တိမ်ညိုနှင့်ကောင်းကင်
ရေတွင်းပြိုနှင့်နွေရာသီ
ဖားကောင်းနှင့်ဗျိုင်း
ကြက်သားနှင့်ကာလသား
အရက်ဖြူနှင့်ပင်မင်းဆိုင်
အပေါင်ဆိုင်နှင့် ဘုရားဒါယကာ။
ပက်ကြားအက်ခေါင်မိုးတွေကြားက စီးဆင်းခဲ့တယ်
ထမင်းဝနေတဲ့ ကျက်သရေဆောင် ခြေထောက်တွေကြားကစီးဆင်းခဲ့တယ်။
ကျိုင်းကောင်နှင့်ပုရွက်ဆိတ်တွေကြားကခပ်ကွေးကွေး စီးဆင်းခဲ့တယ်။
အဲသည့် မြစ်ဟာ
၂၀နာရီ ၆၀မိနစ် ၆၀စက္ကန့်မှာ
၂၆ တေးကိုဆိုလိမ့်မယ်။
အဲသည်အချိန် လောကကြီးဟာ
ဝက်သားလိုစားကောင်းပါစေ
သကြားလိုချိုပါစေ
နွားနို့လိုဖြူစင်ပါစေ
ကတ္တီပါဖိနပ်လို စီးကောင်းပါစေ
ကောင်းကင်တွေပြာပါစေ
လေပြေတွေအေးပါစေ
ပန်းပွင့်တွေမွှေးပါစေ
ထွက်သက် ၀င်သက်တွေ မျှတပါစေသား။
မိုးကြယ်
21 comments:
ပြောကိုမပြောချင်တော့ဘူးကိုမိုးကြယ်ရာ......
ကောင်းလွန်းလို့.....
ကောင်းလွန်းတယ်ကိုမိုးကြယ်ရာ ......
မြစ်တစ်စင်းရဲတေးခြင်းကို
နားထောင်စီးဝင်ခံစားသွားကြောင်းပါ...
မွေးဖွားခြင်း နှစ်ပတ်လည်ပေါ့လေ... ၂၆ မှသည် ရာကျော်သည်အထိ...
Happy Birthday & many happy returns!!!
မွေးဖွားခြင်း နှစ်ပတ်လည်ပေါ့လေ... ၂၆ မှသည် ရာကျော်သည်အထိ ညီလေးရေ့...
Happy Birthday & many happy returns!!!
ကဗျာထဲက မြစ်ထဲကို ဗွမ်းကနဲ အကျမှာ မြစ်က မြစ်ယောင်ဆောင်ပြီး စီးဆင်းလေတော့
မြစ်နဲ့ အတူမြောပါခဲ့တယ် ကိုမိုးကြယ် ...
ခံစားမှုအာရုံတွေကို စု, စုပြီး တစ်ရစ်ခြင်း တစ်ရစ်ခြင်း၊ တစ်ဆင့်ခြင်း တစ်ဆင်ခြင်း သိမ်းထုပ်သွားလိုက်တာ ...။
သူက ၂၆ တေးကို သံပြိုင်ဆိုမှ လန့်နိုးလာပြီး ၀ုန်းဒိုင်းကြဲ ရင်အစုံနဲ့ ကမ်းပါးကို ကူးခတ်ပေမယ့် .... ။
အရမ်းကောင်းတယ်ဗျာ ... လေးစားပါတယ် လေးစားပါတယ် ... ကြိုက်လွန့်လွန်းလို့ သုံးလေးခေါက်မက ဖတ်မိတယ် ...အပိုဒ်တိုင်းမှာ ဆွဲဆောင်မှု ရှိတယ်၊ စကားလုံးတွေက ကျစ်လစ်လှပသေသပ်ပြီး တရှိုက်မက်မက်ထိရှတဲ့ စိတ်ခံစားမှုတွေကို တဒိုင်းဒိုင်းနဲ့ ပေးစွမ်းတယ် ...။ ဒီထက်ပိုမပြောတတ်တော့ဘူး ... တစ်ခွန်းပဲ ပြောလိုက်တော့မယ် ... တော်တယ်ဗျာ ... ။
ပျော်ရွှင်ဖွယ်ရာမွေးနေ့၂၆မှသည်နောင်နှစ်ပေါင်းများစွာ
အထိကဗျာကောင်းများစွာရေးဖွဲ့နိုင်ပါစေညီလေးရေ...
လန်ထွက်တယ်...........ငါ့သယ်ရင်း...လန်းတယ်ကွာ....
အရမ်းကောင်းတာပဲ.. အရောင်စုံ.. ၂၆ ကဗျာကို နှစ်သက်စွာမျှဝေခံစားသွားပါတယ်
၂၆ ခုမြောက် မြစ်ကျဉ်း.
ရေခံမြေခံကောင်းတဲ့မြစ်တစ်စင်းမို့
ရေစီးတော့သန်တယ်....
သူတိုက်စားသွားခဲ့တာ...အရာရာပါတယ်...
သူသယ်ဆောင်သွားလိုက်တာက...စိတ်အနှစ်များစွာ
သူပို့ချလိုက်တာ...မြေသြဇာတွေပေါ့
သူ့လှိုင်းတန်ပိုးတွေဟာ....
မြစ်သက်တမ်းတဲ့..မလိုက်ဖက်အောင်..
ပြင်းထန်...ကြမ်းရှ.....
အခု....သူရုန်းထွက်နေရတဲ့.
.မြစ်ကျဉ်းဟာ....
နေရောင်မှာ..ဓါးရေးပြသလို...မျိုး.
လင်းလက်လှပနေပေမယ့်..
တက်ကြွ
ကြောက်မက် ဖွယ်..။ ။
(ကဗျာကောင်းလေးတွေ အမြဲရေးတဲ့ မောင်ငယ်..မိုးကြယ်အတွက်)
အမ
အိန္ဒြာ
ကဗျာဆရာ၏ (၂၆)ရွက်မြောက်စာမျက်နှာ
ဘ၀ကို သက်တန့်ရောင်မှိန်မှိန်ပါးပါးထဲဖြတ်သန်း
ပင်လယ်ကမ်းစပ်ရဲ့ အနားသတ်ကို
ကဗျာဆရာလက်နဲ့ ကွပ်ချိန်
ရဲရင့်သူတွေ အောင်ပွဲဝင်တဲ့အိမ်မှာ
တိမ်ပန်းချီကား တစ်ချပ်လည်းပါတယ်..။
မြစ်က မြစ်ယောင်ဆောင်လိုက်
လူက လူယောင်ဆောင်လိုက်
ပိတုန်းတစ်ကောင်ရဲ့ ၀ပ်ကျင်းမှာဘဲ
တပ်မက်ခြင်းကို သိမ်းကြုံးယူငင်လိုက်
လူတွေစိုက်တဲ့ သစ်ပင်မှာ
မျှော်လင့်ခြင်း သစ်ရွက်တွေဝေတယ်..။
နိစ္စဓူဝ ၀တ်ရုံခြုံရင်း
သံယောဇဉ်နဲ့ ကတဲ့တေးကိုသီရင်း
ကဗျာဆရာစီးဆင်းတဲ့ မြစ်ကျဉ်း
(၂၆) ဆိုတဲ့ ဂိတ်တွင်း စီးဝင်ချိန်
အရောင်မှိန်တဲ့ နှလုံးသားကလက်တယ်
ရင်ဘတ်တူခြင်း အတွက်လေ..။
နက္ခတ်ရဲ့ ရင်ခွင်မှာ တည်တဲ့ ကဗျာဆရာရဲ့ပန်းချီ
ရင်ခွင်အမိုးမှာ တွယ်လိုက်တဲ့ စန္ဒာအလင်းနဲ့
ခြင်္သေ့မင်းတို့ ပျော်စံရာ ကျွန်းမှာ
ရည်ညွန်းပြည့်မြောက်တဲ့ (၂၆) စာမျက်နှာမှာစ
နောင်ကာလရက်တို့သည်
မွှေးပျံ့ခြင်းနဲ့ သင်းစေသောဝ်...
ပြည့်ဝခြင်းနဲ့ ၀င်းစေသောဝ်...
ကြည်နူးခြင်းနဲ့ ပျော်စေသောဝ်...
ရဲရင့်ခြင်းနဲ့ အောင်စေသောဝ်...
ရင်ဘတ်တူ မိတ်ဆွေ ကိုမိုးကြယ်၏ (၂၆) မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်း များစွာအထိ ပျော်ရွှင်ချမ်းမြေ့ခြင်းများစွာဖြင့် တက်လှမ်း လျှောက်လှမ်းနိုင်ပါစေ။
ကဗျာတွေ စားသုံးရင်း ရင်တွင်းဖြစ် ကဗျာကောင်းတွေ ဒီ့ထက်မက ရေးနိုင်ပါစေလို့ ဆုမွန်ပတ္တနာ တောင်းခြွေပါတယ်ဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
“ငါနဲ့မင်းရဲ့ခေါင်းစဉ်များ”
အိမ်မက်တွေကို ဘီရိုထဲခေါက်သိမ်းလို့
အစာအိမ်အတွက် ချီတက်နေတဲ့ ခေါင်း...
အခွင့်သင့်ရင်တော့ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းပြီး...
လမ်းလျှောက်ထွက်ဖို့ ကြိုးစားရအောင် သူငယ်ချင်း...။
မင်းချပြတတ်တဲ့ သံစဉ်တွေ
ငါ့နားက အဖိုးမဖြတ်တတ်ပေမယ့်...
လက်ခုပ်သံ တချို့တော့ သဲ့သဲ့ကနေ နားကွဲမတတ်ထွက်လာနိုင်တယ်...။
ငါ့ကိုသိတဲ့ မင်းရဲ့အသိက
ပုလင်းကိုင်ထားပေမယ့်...
မင်းရေးတဲ့ ကဗျာမှာတော့
ငါက တန်းမြင့် reader တစ်ယောက်ဖြစ်ချင်နေသေးတယ်...။
မင်းကိုသိတဲ့ ငါ့ရဲ့အသိက
မိုးကိုလဲ မမျှော်တဲ့ကောင်...
ကြယ်လိုလဲ မတောက်တဲ့ကောင်...
အဲ... ခပ်စုတ်စုတ် ဂျင်းဘောင်းဘီနဲ့ တီရှပ်ခပ်မှိန်မှိန် ဆင်မြန်းပြီး..
ဘ၀ကို အလျားလိုက်ကူးနေတဲ့ ကောင်ပေါ့။
အခု...မင်းဆိုလိုက်တဲ့ သီချင်းက
၂၆ပုဒ်မြောက်ဖြစ်ပေမယ့်...
ဆူညံနေတဲ့ လောကဓံဂီတသံအတွက်
ငါက သံပူတစ်ခွက်တော့ တိုက်ခဲ့တယ်။
အကယ်၍
ပူသေးရင်လဲ မှုတ်သောက်..
ချဉ်သွားခဲ့ရင်လဲ.. သကြားတောင်းလိုက်ပါ..
ဒါမှမကြိုက်လို့ သက်သတ်လွတ်အရည်နဲ့ဆို
(((သတိ))) ဥသြတော့ ရှောင်ပါလေ...။
ကဗျာဆရာရဲ့ မွေးနေ့မှာ ကဗျာလက်တွေကြား ၀င်ပြီးဖောရှောခဲ့ပါတယ် ဆရာမိုးကြယ်။
မိုးကြယ်ရေ----
ကဗျာလေးလာဖတ်တယ်--
ကောင်းတယ်
မွေးနေ့မှသည်-- ၂၀၀၉ နှစ်သစ်နှင့်အတူ--
ကဗျာများဆက်လက်မွေးဖွားနိုင်ပါစေ----
လာဖတ်သွားတယ်။
ပြီးတော့ကာ ကိုဖိုးဂျယ် နှင့် ကိုမိုးကြယ် ဟိဟိ ကာရံပေါ့။
ကဗျာကောင်း တစ်ပုဒ်ပါ
အပိုဒ်တိုင်းရဲ့ အချိုးတိုင်းကို ကြိုက်တယ်
ဆက်လက် အားပေးနေမယ်
မွေးနေ့မှာ ပျော်ရွှင်ပါစေ။
လိုတိုင်းတ ရနိုင်ပါစေ။
အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။
စကားမစပ်၊ မွေးနေ့ကို ကဗျာနဲ့ ရေးထားတော့ မနည်းဖတ်ယူရတယ်သိလား။ တော်သေးတယ်။ အပေါ်က လူတွေက ရေးသွားတာကို ဖတ်ကြည့်ပြီးမှ စိတ်ချလက်ချဆုတောင်းပေးရဲတော့တယ်။ ကဗျာဆရာပီသပါပတယ်။ :P :P
အကိုရေ ကဗျာလေး လာခံစားတယ် မွေးနေ့မှာ စ၍ပျော်ရွှင်မူအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း အကိုရေ
နောက်ကျနေလောက်ပီ ခုဆို
ဒါပေမယ့် ဆုတောင်းပေးမယ်နော်
မွေးနေ့မှစ ကျန်းမာပျော်ရွှင်ပါစေ
ကဗျာကောင်းတစ်ပုဒ်
ကိုဖတ်သွားပါတယ်
ကဗျာကောင်းလေးခံစားရင်း... ဆုအတူတောင်းသွားပါတယ်။
မြစ်တစ်စင်းရဲ့ ၂၆ နှစ်မြောက် စီးဆင်းသံကို ခံစား သွားကြောင်းပါ ...
ကောင်းတယ်ဗျာ ...
အဲသည်အချိန် လောကကြီးဟာ
ဝက်သားလိုစားကောင်းပါစေ
သကြားလိုချိုပါစေ
နွားနို့လိုဖြူစင်ပါစေ
ကတ္တီပါဖိနပ်လို စီးကောင်းပါစေ
ကောင်းကင်တွေပြာပါစေ
လေပြေတွေအေးပါစေ
ပန်းပွင့်တွေမွှေးပါစေ
ထွက်သက် ၀င်သက်တွေ မျှတပါစေသား။
လိုအင် ဆန္ဒတွေ ပြည့်ဝ ပါစေဗျာ ..
Post a Comment