Friday, January 30, 2009

ခရီးသည်


ခရီးသည်

ဘယ်အရပ်ကနေလာခဲ့တာလဲ

ဘယ်သူတွေနဲ့ကောအသိအကျွမ်းလဲ

ဘာတွေများပါလာသလဲ။


နှင်းတောင်တွေကော ထူထပ်ရဲ့လား

မြစ်တွေကော ကွေ့သေး ကောက်သေးလား

မြေဆီမြေသြဇာ အနှစ်တွေ အနယ်တွေကော

အလင်းအောက်သယ်ဆောင်သွားတဲ့ ငှက်တွေကော

အခိုးတစ်လူလူလွင့်နေတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုတစ်လေကော

ပါသေးလား။


မနက်ခင်းတစ်ခုအတွက်

ကော်ဖီတစ်ခွက်တော့ သောက်ခဲ့ပြီးတယ်။

ကော်ဖီပင်လည်းရှိတယ်။

ဖုံးဖိလို့မရတဲ့ ဟောဟိုရှေ့က

လောကကြီးလည်းရှိတယ်ပေါ့။


လေးချောင်းထောက်၊

သုံးချောင်းထောက်၊

နှစ်ချောင်းထောက်တွေနှင့်

ကောင်းကင်မှာဝဲပျံနေတဲ့

လမ်းကြို၊ လမ်းကြား တွေအလယ်

တောင်းထမ်းပြီး ဟင်းရွက်ဈေးကောင်းမကောင်း

မေးခဲ့ရတာလည်း အမော။


ဆီပူ ပွက်ပွက်ကိုမှ အိပ်မက်သယောင်မြင်ယောင်ပြနေတဲ့

ခရီးသည်စောင့် အနှေးယာဉ်မောင်းသမားတစ်ယောက်ရဲ့

ဒဿနဆန်ဆန် မနက်စာနှင့်

ထွေးလုံးရစ်ပတ်ခံရတဲ့ နေခြည်ခပ်ကြဲကြဲ

တစ်မျှင်တစ်စ လမ်းပေါ်ထိုးကျ

အဲသည်တော့ကာ

မိုးလင်းပြီပေါ့။


မီးခိုးတစ်ချက်နှစ်ချက်မှုတ်ပြီး

ဘီးလိမ့်ဖို့ကြိုးစား

သူထွက်မှ သူ့နောက်လိုက်ရမည့်

သံရေပူစား သံယောဇဉ်အပွားလေးတွေကိုလှည့်ကြည့်

ပြီးတော့ ကျောက်ချသလိုချခဲ့ရတဲ့

သက်ပြင်းအခြင်းခြင်း ရိုက်သံကတောင်

နားရည်ဝခဲ့ပြီပေါ့။


ချက်ကော့ လည်းမသိ

မိုနေး လည်းမသိ

တော်စတွိုင်း လည်းမသိ

ဒဂုန်တာရာ လည်းမသိ

ဇီဗီဗို လည်းမသိ

ကော့ညက် လည်းမသိ

ဂျိမ်း(စ)ကင်မရွန် လည်းမသိ။


အပေါင်ဆုံးသွားတဲ့ ဓါတ်စက်တစ်လုံးအတွက်

မျက်ရည်တော့လယ်တတ်သေးသပေါ့လေ။


ကိုယ့်ကိုယ်ကို တူးဆွ

ကိုယ့်ကိုယ်ကို ရှင်ပြန်ထမြောက်ဖို့ရာ

တယောသံလား၊ တရားသံလား

ကျက်မိ၊ လိုက်စားခဲ့တာပ။


မှန်တစ်ချပ်လည်းဖြစ်ရဲ့

သစ်တစ်ပင်လည်းဖြစ်ရဲ့

လမ်းတစ်လမ်းလည်းဖြစ်ရဲ့

ငါးမျှားသူလည်းဖြစ်ရဲ့

အမျှားခံငါးလည်းဖြစ်ရဲ့။


နှလုံးသားကို ဇီဝနတ်ဘုရားထံပူဇော်

အပူဆုံးမီးဟာ ၀မ်းမီးပါတဲ့

နှင်းဆီတွေ မွှေးတာမသိ

စံပယ်တွေ ဖွေးတာမသိ

လူ့အခြင်းခြင်းတော့ ကိုက်ခံရမှန်းသိသေး။


အဲသည်လို အခါလည်နေ့ကူးမှာလည်း

ရူးခဲ့သေးပေါ့လေ။


ဖိနပ်အပေါက်တစ်ရံနှင့်

ပုဆိုးတစ်ကွင်းသာသာ အာရုံငါးပါး၊

လေပြွန်ပေါင်းများစွာရဲ့ အရှူအရှိုက်ခံ

ကမ္ဘာမြေကြီး၊

လိမ္မော်ရောင်ညနေခင်းတစ်ချပ်ထဲက

ပိန်ချိချိ ငန်းတစ်အုပ်

အိပ်တန်းတက်သွားတဲ့ နေကြာပွင့်များ၊


လမ်းမများတော့တဲ့ ပါးစပ်ပေါက်များအတွက်

ရင်ခုန်သံဖြူဖြူတစ်ခွက်တော့ မစပါရဲ့။


စိတ်အချဉ်ပေါက်မြစ်တစ်စင်း

ဆောင်းရာသီပျောက် ကောင်းကင်စိုစိုတစ်ခု

ရေနည်းပင်လယ်နှင့်ဇင်ယော်များ

ဆီးသီးကိုက်ပိုးတစ်ကောင်နှင့် ပိုးကိုက်ဆီးသီးများ..တို့ရေ

ဘ၀ဟာလည်း

ကိုယ့်လမ်းကိုယ်ထွင်နေမှတော့ ဘယ်အခါများမှ

အော်စကာရပါလိမ့်မလည်း။


ကဲ..ကြည့်

မိုးနံ့ပေးပြီး မိုးကြီးရွာဦးမည်ပေါ့လေ။

အဲသည်အခါများ

ကိုယ်ပါလာတဲ့ထီးကိုယ်ဆောင်းကြ

မိုးအသည်းမှာမှ မိုးမစဲခင်တော့

ရထားအမှီပြန်လိုက်ကြဦးစို့။


ငါ့နှလုံးသားနှင့်ရင်းခဲ့ပါတယ်။

ငါ့ကော်ဖီတစ်ခွက်နှင့်ရင်းခဲ့ပါတယ်။

ငါ့ကဗျာတစ်ပုဒ်နှင့်ရင်းခဲ့ပါတယ်။

မနက်ခင်းရောက်ရင် နေပွင့်တာလေးတော့မြင်ချင်စမ်းလှတယ်။


မိုးကြယ်

11 comments:

MrDBA said...

ကဗျာလေးကို ကြိုးစားပြီးဖတ်သွားတယ်ဗျာ ...

Unknown said...

မရောက်ဖြစ်တာ ကြာနေပြီ အစ်ကိုရေ...စာမေးပွဲတွေကြောင့်ပါလို့ ဆင်ခြေပေးမယ်နော်..အဟဲ
ကဗျာ အရှည်ကြီးကို အေးအေးဆေးဆေး ဖတ်သွားတယ်...

အိုင်လွယ်ပန် said...

မနက်ခင်းရောက်ရင် နေပွင့်တာလေးတော့
မြင်ချင်စမ်းလှတယ် ........
ခရီးတစ်ခုကိုအနှေးပြကွက်နဲ့
ကြည့်နေရသလိုပါပဲ .....
ကောင်းတယ်ကိုမိုးကြယ်ရေ .....

Welcome said...

ကဗျာလေးကို နှစ်နှစ်သက်သက် ဖတ်သွားပါတယ်။ မှတ်ချက်ပြုလောက်အောင် ဦးနှောက်က လိုက်မမှီသေးလို့ပါ။
ပျော်ရွှင် အဆင်ပြေပါစေ .. ..

Anonymous said...

မွမ်းကြပ်လာတယ်...

""ချက်ကော့ လည်းမသိ
မိုနေး လည်းမသိ
တော်စတွိုင်း လည်းမသိ
ဒဂုန်တာရာ လည်းမသိ
ဇီဗီဗို လည်းမသိ
ကော့ညက် လည်းမသိ
ဂျိမ်း(စ)ကင်မရွန် လည်းမသိ။""တဲ့ လူတွေရဲ့ သက်ပြင်းအချင်းချင်းရိုက်လိုက်သံက ပိုပြီး ရင်မောစရာဖြစ်နေတော့မှာပေါ့..

နေဘယ်တော့ပွင့်မလဲ
ငါတို့မျှော်ကြည့်နေကြရတဲ့ကောင်းကင်ကပဲ..
ပို ပို ဝေး...လာ..သလိုလို...

Anonymous said...

ကဗျာဆရာရေ
တချို့ကလဲ.....
နောက်.. တချို့ကလဲ.....
.....
ဒီတော့
ကိုယ့်အတ္တတွေကိုယ်သာ ဆက်လက်ထွန်းယက်ပေတော့...

ဆောင်းယွန်းလ said...

နှလုံးသားကို ဇီဝနတ်ဘုရားထံပူဇော်

အပူဆုံးမီးဟာ ၀မ်းမီးပါတဲ့

နှင်းဆီတွေ မွှေးတာမသိ

စံပယ်တွေ ဖွေးတာမသိ

လူ့အခြင်းခြင်းတော့ ကိုက်ခံရမှန်းသိသေး။

ကဗျာတစ်ပုဒ်လုံးကို ကြိုက်ပါတယ်။။
အထူးသဖြင့် အပေါ်က အပိုဒ်လေးကိုပေါ့

ခရီးသည်ကြီးရေ.ဟုတ်ပ.
နေပွင့်တာလေး ဘယ်တော့များမှ မြင်ရပနော်

မြတ်သွယ် said...

-မီးခိုးတစ်ချက်နှစ်ချက်မှုတ်ပြီး
ဘီးလိမ့်ဖို့ကြိုးစား
သူထွက်မှ သူ့နောက်လိုက်ရမည့်
သံရေပူစား သံယောဇဉ်အပွားလေးတွေကိုလှည့်ကြည့်
ပြီးတော့ ကျောက်ချသလိုချခဲ့ရတဲ့
သက်ပြင်းအခြင်းခြင်း ရိုက်သံကတောင်
နားရည်ဝခဲ့ပြီပေါ့-
ဒီစာသားကို သဘောကျနှစ်သက်မိတယ်

-ငါ့နှလုံးသားနှင့်ရင်းခဲ့ပါတယ်။
ငါ့ကော်ဖီတစ်ခွက်နှင့်ရင်းခဲ့ပါတယ်။
ငါ့ကဗျာတစ်ပုဒ်နှင့်ရင်းခဲ့ပါတယ်။
မနက်ခင်းရောက်ရင် နေပွင့်တာလေးတော့မြင်ချင်စမ်းလှတယ်။-

ကြိုးစားဖတ်ရင်း အားပေးခဲ့ပါတယ်
း)

လုလင်ငယ်သွေး said...

စိတ်ရှည်လက်ရှည် ဖတ်သွားပါတယ်။ ဆောင်းယွန်းလပြောတဲ့အပိုဒ်လေးကြိုက်တယ်။ ပြောချင်တာတစ်ခုက မြစ်တွေကွေ့ ကောက်တာကို ကွေ့ သေးကောက်သေးဆိုပြီး ရေးထားတာ၊ အနယ်အနှစ်ကို ခွဲပြီး ရေးထားတာတွေက မလိုအပ်ပဲ ရွတ်ရတာ ထောင့်နေသလိုပဲ။ ဇီဗားဂိုးလား၊ ဇီဗီဗိုလား သိချင်ပါတယ်။ ဇီဗီဗိုးကို မကြားဖူးလို့ ပြောပြပေးပါ။ ခင်မင်လေးစားလျက်။

ညီအကိုများ said...

အစ်ကိုရေ ဇီဗီဗိုဆိုတာ စစ်စလီလုပ်ရိုးရာအရက်တစ်မျိုးပါ..
ကဗျာကိုခံစားဝေဖန်ပေးတဲ့အတွက်ကျေးဇူးပါဗျာ.

မိုးကြယ်

Moe Myint Tane said...

ငါ့နှလုံးသားနှင့်ရင်းခဲ့ပါတယ်။

ငါ့ကော်ဖီတစ်ခွက်နှင့်ရင်းခဲ့ပါတယ်။

ငါ့ကဗျာတစ်ပုဒ်နှင့်ရင်းခဲ့ပါတယ်။

မနက်ခင်းရောက်ရင် နေပွင့်တာလေးတော့မြင်ချင်စမ်းလှတယ်။


ကျွန်တော်လည်း မြင်ချင်တယ်ဗျာ...
အမှောင်ဖက်တဲ့ညဉ့်နက်တွေ ချည်းများနေတယ်....
ကဲ အလင်းတစ်ဖဲ့လောက်ဖြစ်ဖြစ်ရဘို့..ကျုပ်တို့တွေ ကိုယ့်သမိုင်းကိုယ်ထမ်းပြီး ချီတက်ကြပါစို့...


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်